Twitter Bird Gadget

Sunday, October 11, 2020

စုတ်ပြတ်သွားသော အနာဂတ်



----------------------------
“ဒေါင် ... ဒေါင် ... ဒေါင်”
ကင်းသံချောင်းသံက ဆူညံစွာထွက်ပေါ်လာသည်။ သုံးချက်ဆိုလျှင် ကွင်းထဲတွင် လူစုခိုင်းခြင်း ဖြစ်သည်။ အားလုံးစုံသည့်အခါ ဘိုးမူက မတ်တတ်ထလိုက်ပြီး
“မနက်ဖြန် ... ကလေးတွေကို ကျောင်းလွှတ်ကြပါ” ဟုပြောလိုက်သည်။
“ဘယ်သူက စာသင်ပေးမှာလဲ ဘိုးမူ”
“ရွှေဘ သမီးလေး ရွာပြန်ရောက်နေတယ် ... သူက စာသင်ပေးမယ်တဲ့”
“စာအုပ်တွေ မရှိတော့ဘူး”
“မပူနဲ့ ရွှေဘသမီးလေးက မြို့ကနေ စာအုပ်တွေ ခဲတံတွေ အားလုံး ယူလာတယ်”
နောက်တစ်နေ့တွင် ကလေးတွေ ကျောင်းသွားတက်ကြသည်။ ကလေးတွေပျော်နေကြသည်။ သူတို့ တောင်ကုန်း ပေါ်က ကျောင်းလေးကို မရောက်သည်မှာကြာပြီ။ ဆရာကလည်းမရှိ၊ ကျောင်းကလည်း ပျက်နေပြီ။
“မိသေး ... ဆရာမလေးက ချောလား မသိဘူး”
“မြို့ကလာတော့ ချောမှာပေါ့”
“အို ... စာသင်ဖို့ပဲ အရေးကြီးတာ ချောဖို့ မလိုပါဘူး”
“အေးဟယ် ... ငါ စာတွေတောင် မေ့ကုန်ပြီ ... အလီတွေ မရတော့ဘူး ... ဆရာမလေးက စာမေးမှာလား”
“အရေးကြီးတာ စာအုပ်နဲ့ ခဲတံ”
“စာသင်ရတော့မယ် ... ပျော်လိုက်တာ”

ကလေးတွေ တစ်ယောက်တစ်ပေါက်ပြောရင်း တောင်ကုန်းလေးပေါ်ကို တက်လာကြသည်။

ကျောင်းလေးကို လူတစ်စုက အမိုးမိုးနေကြသည်။ ပြတင်းပေါက်တွေကို ပြင်သူတွေက ပြင်နေကြသည်။
“ဟော ... ကလေးတွေတောင် လာနေကြပြီ မြန်မြန်လုပ်ပါဟေ့”
အမိုးမိုးနေသည်မှာ မပြီးသေး။ ဆရာမလေး ငြိမ်းချမ်းအေးက
“သားတို့ ... သမီးတို့ ကျောင်းထဲ ဝင်လို့မရသေးဘူး ... လာ ... လာ ... ပိတောက်ပင်ကြီးအောက်ကို လာကြ ... ဆရာမနဲ့အတူတူ သွားကြရအောင်”
ဆရာမလေးက အပြေးလေး ပိတောက်ပင်အောက်ကို သွားလိုက်သည်။ ကလေးတွေက နောက်မှ လိုက်သွားသည်။ ကလေးတွေက စုစုပေါင်း ၁၃ ယောက်သာရှိသည်။
“ဒီမှာ ဝိုင်းထိုင်ရအောင်”
ဆရာမလေး၏ ချိုသာသော အသံတွေကို ကျောင်းခေါင်မိုးအား မိုးပေးနေသော အဘဘိုးမူက ပြုံးရယ်ကာ ခံစားရင်း
“ရွှေဘရေ ... မင်းသမီးလေးကတော့ တကယ့်ဆရာမကြီးအတိုင်းပါလား” ဟု ဘေးမှ လူကို ပြောလိုက်သည်။
“ဆရာအတတ်သင်တန်းကဆင်းလာပြီလေ ... ဆရာမပဲပေါ့ ... ဒါပေမဲ့ ခန့်စာတော့ မကျသေးဘူး”
“လာမှာပါ ... တို့ရွာက ဘယ်သူမှ လာချင်တာမှ မဟုတ်တာ”
ဆရာမလေးက ကလေးတွေကို သီချင်းသင်နေသည်။ ကလေးတွေ ပျော်နေကြသည်။
“ငြိမ်းချမ်း ... အမိုး မိုးပြီးပြီ ... ကျောင်းထဲဝင်လို့ရပြီ”
“ကဲ ... ကလေးတို့ ကျောင်းထဲသွားကြမယ်”
“ဟေး”
သူတို့ ကျောင်းထဲဝင်ကြသည်။ စာရေးခုံမရှိ၊ ကျောက်သင်ပုန်းကြီးမရှိ၊ ရေအိုးမရှိ၊ သောက်ရေခွက်မရှိ၊ စားပွဲမရှိ၊ ကုလားထိုင်မရှိ၊ ရုပ်ပုံကားချပ်မရှိ၊ မြေပုံမရှိ
သို့သော် ဤကျောင်းလေးတွင် အနာဂတ်ရှိသည်
“ဆရာမလေး ... လိုအပ်တာတွေ ဖြည်းဖြည်းချင်း ဖြည့်ကြတာပေါ့”
“ရပါတယ်ဘိုးမူ ... ဒီလောက်လေး ဖြစ်လာတာပဲ မဆိုးပါဘူး ... ကျွန်မတို့ မိုးရွာရင် ပူစရာ မလိုတော့ဘူးပေါ့”
“လေအရမ်းတိုက်တယ် ... တံခါးတွေ မရှိသေးဘူး ... ယာယီလာတပ်ပေးမယ် ... မနက်ဖြန်မှ”
“ဟုတ်ကဲ့”
လူကြီးတွေ ပြန်သွားကြပြီ
“သားတို့ ... သမီးတို့ ... အေ ... ဘီ ... စီ ... ဒီ မေ့နေပြီလား”
“မေ့နေပါပြီ”
“ကဲ စာအုပ်လေးတွေ ... ခဲတံလေးတွေ လာယူကြ”
ဆရာမလေးက သူတို့ကို စာအုပ်နှင့် ခဲတံများ ဝေပေးသည်။ ကလေးတွေ ပျော်နေကြသည်။
“ကဲ ... ကျောက်သင်ပုန်းတော့ မရှိသေးဘူး ... နံရံပေါ်မှာ ဆရာမ ရေးမယ်”
ငြိမ်းချမ်းအေးက ကျောင်းနံရံပေါ်တွင် မြေဖြူနှင့် ရေးလိုက်သည်
A, B, C, D, E
ကလေးတွေ လိုက်ဆိုကြသည်။ သူတို့ ပျော်လည်း ပျော်နေကြသည်။ ကလေးတွေ စာဆိုသံက ရွာထဲမှ ကြား နေရသည်။ လယ်ကွင်းထဲတွင် ကောက်စိုက်နေသူတွေ ရပ်ပြီး နားထောင်ကြသည်။
“ဟာ ... ကလေးတွေ စာဆိုနေကြပြီဟေ့”
သူတို့ ကောက်စိုက်တေးတွေကို ရပ်လိုက်ပြီး ကလေးတွေထံမှ စာဆိုသံလေးတွေကို နားထောင်ရင်း အလုပ် လုပ်နေကြသည်။
ညနေကျောင်းလွှတ်ပြီ
ကလေးတွေ တောင်ကုန်းပေါ်မှ ပြေးဆင်းလာကြသည်။
“A B C D”
“D C B A”
“ငါတို့မြေ ... ငါတို့ချစ်တဲ့မြေ”
“E F G H”
“H G F E”
“စပါးရွှေဝါ မြေမှာသီး ... ငါတို့မြန်မာပြည်ကြီး”
ကလေးတွေက သူတို့ကို ဆရာမလေး သင်ပေးလိုက်သည်များဆိုကာ လယ်ကွင်းဘေးမှ ဖြတ်သွားကြသည်။ လယ်ကွင်းထဲမှ ကောက်စိုက်သမတွေကလည်း ကလေးတွေလို လိုက်ဆိုသည်
“ငါတို့မြေ ... ငါတို့ချစ်တဲ့မြေ”
“စပါးရွှေဝါ မြေမှာသီး ... ငါတို့ မြန်မာပြည်ကြီး”
ကလေးတွေ ရွာထဲကို ပြေးဝင်လာကြသည်။
သူတို့အိမ်ပြန်ရောက်ကြပြီ။
“ဘာတွေ သင်လိုက်သလဲ”
“အင်္ဂလိပ်စာတွေ သင်ပေးတယ်”
“သီချင်းတွေလည်း သင်ပေးတယ်”
“စာအုပ်တွေလည်းပေးတယ်”
“ဆရာမလေးက ခဲတံချွန်ပေးတယ်”
“မနက်ဖြန် ကျောင်းသွားဦးမယ် ... ပျော်တယ် .... ပျော်တယ်”
ထိုညက ကလေးတွေ အိပ်မရဖြစ်နေကြသည်။ မနက်ဖြန် ကျောင်းကိုသွားကြမည်။ ကျောက်သင်ပုန်းကြီးလည်း လုပ်ပြီးပြီ။ ပြတင်းပေါက်တွေကို ရွာလူကြီးတွေက ဝါးကပ်ပြားနှင့် ကာပေးမည်။ မနေ့ကလို မိုးပက်သဖြင့် လျှောက် မပြေးရတော့။
စာသင်ခုံတွေကို ဘိုးမူအိမ်တွင် ရိုက်နေကြသည်။
နံနက်ခင်းတစ်ခု သာယာမှုအပေါင်းနှင့် ပြည့်စုံနေသည်။
ဆရာမလေး ငြိမ်းချမ်းအေးက ကျောင်းကို အစောကြီးသွားသည်။ သူ့လက်ထဲတွင် ဝါးလုံးတိုင်ကို ကိုင်လာသည်။ ကျောင်းကိုရောက်သည့်အခါ ဆွဲခြင်းထဲမှ အလံလေးကို ထုတ်သည်။ သူယူလာသော ဝါးလုံးတိုင်လေးတွင်ချည်ပြီး ကျောင်းတိုင်နှင့်တွဲကာ အလံကို ထူရန် ကြိုးစားနေသည်။
ထိုအချိန်တွင် ရွာထဲက ကလေးတွေ သီချင်းလေးတွေဆိုပြီး ရွာထဲမှ စထွက်လာသည်။
“A B C D”
“D C B A”
“ငါတို့မြေ ... ငါတို့ချစ်တဲ့မြေ”
“E F G H”
“H G F E”
“စပါးရွှေဝါ မြေမှာသီး ... ငါတို့မြန်မာပြည်ကြီး”
ကလေးတွေကို ကောက်စိုက်သမတွေက လက်ပြကာ နှုတ်ဆက်နေသည်
“စာကြိုးစားကြဟေ့”
“ပညာတတ်ကြီးတွေ ဖြစ်အောင်လုပ်ကြ”
“ဟုတ်ကဲ့”
ထိုအချိန်တွင်
“ဝုန်း”
သူတို့ အားလုံးတောင်ကုန်းပေါ်ကို မော့ကြည့်လိုက်သည်
“ဟာ ... ငါတို့ကျောင်းလေး ... ငါတို့ကျောင်းလေး”
သူတို့ အိပ်မက်ထဲက ကျောင်းလေးသည် လေထဲတွင် တစ်စစီ ဝဲပျံနေသည်။
“ကလေးတွေ ဝပ်နေ ... ဝပ်နေ”
“ဟာ ... ဆရာမလေး စောစောကပဲ ... တောင်ကုန်းပေါ်တက်သွားတာ”
“ဆရာမလေး”
“ဆရာမလေး”
(ကမ္ဘာ့ဆရာများနေ့တွင် စာမသင်နိုင်သေးသည့် ကလေးများနှင့် စာမသင်လိုက်ရသော ဆရာများကို ဂုဏ်ပြုကာ ရေးသားခြင်းဖြစ်ပါသည်)
တင်ညွန့်
၅.၁၀.၂၀၂၀

No comments:

Post a Comment