Twitter Bird Gadget

Sunday, October 11, 2020




 ၁၉၈၈ မှာ မိခင်ကြီး ဒေါ်ခင်ကြည် နာမကျန်း ဖြစ်နေတာကို ပြုစုဖို့အတွက် မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့ အချိန်မှာ...

၁၅ နှစ်အရွယ် သားကြီး မြင့်ဆန်းအောင် (အလက်ဇန္ဒား) နဲ့ ၁၁ နှစ်သားပဲ ရှိသေးတဲ့ သားငယ်လေး ထိန်လင်း (ကင်မ်) တို့ ကလေးငယ် နှစ်ဦးဟာ...
အဘွားဖြစ်သူကို ပြုစုဖို့ သွားတဲ့ သူတို့ အမေနဲ့ အဲဒီအချိန်က စပြီး ရှင်ကွဲကွဲသွားရပြီ ဆိုတာကို ဘယ်လိုလုပ်ပြီး ကြိုသိနိုင်ခဲ့ပါ့မလဲ။
အဖေ့သွေး အဖေ့သတ္တိ အဖေ့ဗီဇ အပြည့်ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံရတဲ့အခါ...
သမိုင်းက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ဖြစ်တဲ့ ဒီချုပ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ခေတ်ဝန်ကို ထမ်း၊ ခေတ်လမ်းကို လျှောက်ခဲ့ရာမှာ...
အာဏာရှင်တွေရဲ့ ဖမ်းဆီးခြင်းကို ပထမဆုံးအကြိမ် ခံခဲ့ရတဲ့ ၁၉၈၉ ကနေ နောက်ဆုံး ပြန်လွတ်လာတဲ့ ၂၀၁၀ ဆိုတဲ့ ၂၁ နှစ်တာ ကာလအတွင်းမှာ ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ်တွေ အကြိမ်ကြိမ် ကျခံခဲ့ရတဲ့အတွက်...
သားနှစ်ယောက်ဟာ မိခင်ဖြစ်သူနဲ့ ရှင်ကွဲကွဲရတဲ့ အဖြစ်ကို ရောက်ရရုံသာမက
ခင်ပွန်းသည်ဟာလည်း ဇနီးဖြစ်သူနဲ့ သေကွဲကွဲရပါတော့တယ်။

ဒီလို သူတို့ မိသားစုတွေ ရှင်ကွဲ သေကွဲ ကွဲကုန်ရတာဟာ...
အကျယ်ချုပ်ကြောင့်ချည်းသာလော လို့ မေးရင်တော့...
ဗီလိန်တွေနဲ့ပါ ဘုရား လို့ ပြန်ဖြေရမလိုပါပဲ။
၁၉၉၅ ဂျူလိုင်မှာ ပထမဆုံးသော အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်...
အဲဒီနှစ် ခရစ်စမတ်မှာ ပြည်ဝင်ခွင့်ရခဲ့လို့ ဝမ်းသာအားရနဲ့ ဇနီးဖြစ်သူကို လာတွေ့တဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ဟာလည်း အဲဒါဟာ သူတို့နှစ်ဦးအတွက် နောက်ဆုံး တွေ့ဆုံရခြင်း ဖြစ်လိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။
ဒါပေမဲ့ ၁၉၉၅ နောက်ပိုင်းမှာ မိုက်ကယ့်ကို ပြည်ဝင်ခွင့် ထပ်မပေးတော့လို့...
ဇာတ်တော်ထဲက ချောင်းခြားတဲ့ ကိန္နရီ ကိန္နရာတို့ဟာ တစ်ညတာသာ ဝေးခဲ့ရပေမဲ့...
စစ်အာဏာရှင်ဆိုတဲ့ မြောင်းပုပ်တွေ ခြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံကတော့ တစ်သက်တာ ဝေးဖို့ ကြမ္မာဆိုးဖန်လာပါတော့တယ်။
အာဏာရှင်ဆိုတာ ဘယ်လောက်တောင်မှ ဆိုးယုတ်တတ်သလဲဆိုရင် ၁၉၉၇ ခုနှစ် မိုက်ကယ့်မှာ ကင်ဆာ ဖြစ်နေပြီလို့ သိရချိန် သူ့ဇနီးကို လာတွေ့ခွင့်ရဖို့ ဗီဇာ လျှောက်ထားပေမဲ့ စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။
ဒါကို လူသားချင်း စာနာထောက်ထားပြီး ပြည်ဝင်ခွင့်ပြုပေးဖို့ အမေရိကန်နိုင်ငံနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်တို့သာမက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ကိုယ်တိုင် မေတ္တာရပ်ခံတာတောင်...
"လူနာ မိုက်ကယ်အဲရစ်ကို ဂရုတစိုက်ထားနိုင်ဖို့ အဆင်မပြေတဲ့အတွက် လာခွင့် မပြုနိုင်ပါဘူး" လို့ စစ်အာဏာရှင်တွေဘက်က ငြင်းဆိုခဲ့ပါတယ်။
မိုက်ကယ်အဲရစ်ကို ဗီဇာ ထုတ်ပေးမယ့်အစား အဲဒီအချိန် ၁၉၉၇ မှာ ပထမဆုံးအကြိမ် အကျယ်ချုပ်ကနေ လွတ်နေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လင်သားဆီ ပြန်လိုက ပြန်နိုင်တယ်လို့ အကြောင်းကြားလိုက်ပါတယ်။
ဒီနေရာကတော့ တကယ် ဇာတ်နာပါတယ်။
သူ့ကို ခါးခါးသီးသီး မုန်းတီးနေတဲ့ စစ်အာဏာရှင်တွေဟာ မိုက်ကယ်ကို ပြုစုဖို့ အင်္ဂလန်ကို ပြန်သွားတာနဲ့ သူ့ကို မြန်မာပြည် ပြန်လာခွင့် ပိတ်တော့မယ် ဆိုတာကို သိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ...
ကင်ဆာဝေဒနာသည် လင်သားနဲ့ လူမမည် သားနှစ်ယောက်က တစ်ဖက်၊ တိုင်းပြည်နဲ့ လူမျိုးက တစ်ဖက် ရွေးချယ်ရမယ့် ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် အခြေအနေနဲ့ ကြုံတွေ့ရပါတော့တယ်။
ပြန်သွားရင်...
လင်သားကို ပြုစုနိုင်မယ်၊ မိသားစုနဲ့ အရင်လို နေနိုင်မယ်
မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကတော့ ကူကယ်ရာမဲ့တော့မယ်။
ပြန်မသွားရင်...
မပြီးဆုံးသေးတဲ့ ဒီမိုကရေစီအရေး ဆက်တိုက်ပွဲဝင်နိုင်မယ်
ဒါပေမဲ့ မိသားစုနဲ့ ဘယ်သောအခါမှ ပြန်ဆုံနိုင်မယ် မသိတော့ဘူး။
ဘယ်သူမဆို ဒီလို အခြေအနေမှာ ဘာကို ရွေးမလဲ ဆိုတာ နှစ်ခါပြန် စဉ်းစားစရာ မလိုအောင်ကို လွယ်လွယ်လေးပါပဲ။
ဒါပေမဲ့ သူမတူတဲ့ ဘာမထီ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရောဂါသည် လင်ယောကျ်ားနဲ့ သားငယ်လေးနှစ်ယောက်ရဲ့ ဘဝကို ရင်နာနာနဲ့ ပစ်ပယ်လိုက်ပြီး မြန်မာပြည်သူတွေရဲ့ ဘဝကို ကယ်တင်ဖို့ကိုပဲ ရွေးခဲ့ပါတယ်။
.
.
.
ဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး...
ငါ့သား၊ ငါ့ဇနီး၊ ငါ့မိသားစုကြီး ဆိုတဲ့ ကိုယ်ကျိုးစီးပွါးသက်သက်ကိုသာ ဦးထိပ်ထားဖူးပြီး ပြည်သူကို ထည့်မစဉ်းစားဖူးတဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းဟာ...
"သားသမီးအပေါ်တောင် မေတ္တာမပေးနိုင် စောင့်ရှောက်မှု မပေးနိုင်ဘဲ တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်မလဲ" လို့ ကိုယ်ချင်းမစာ စိတ်ယုတ်မာနဲ့ အမနာပ ဆိုကြပေမဲ့...
ပုထုဇဉ် လူအများကို သံသရာဘေးက ကယ်တင်နိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရဖို့ သားနဲ့ သမီးကိုတောင် လှူဒါန်းနိုင်တဲ့ ဝေသန္တရာမင်းကြီးလို (ဘုရားလောင်းလို့ မဆိုလို၊ ဘုရားလောင်းနဲ့ နှိုင်းယှဉ်တဲ့သဘော မဟုတ်ပါ)...
စစ်ဖိနပ်အောက်က ဆင်းရဲမွဲတေ စုတ်ပြတ်နေတဲ့ အဖိနှိပ်ခံ နင်းပြား မြန်မာပြည်သူ မြောက်မြားစွာကို စစ်အာဏာရှင်ဘေးဆိုးကြီးကနေ ကယ်တင်နိုင်ဖို့အတွက် သူ့မိသားစုကို မျက်နှာလွှဲခဲ့ရတဲ့ ဒီဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သူဟာ...
မိခင်စိတ်ထက်တောင် ကျော်လွန်ပြီး များလူခပ်သိမ်းအပေါ် မေတ္တာ ပြည့်ဝလွန်းတဲ့ လူထုခေါင်းဆောင်စစ်စစ်တွေမှာသာ ရှိနိုင်တဲ့ ကြီးမြတ်တဲ့ အရည်အသွေးကို ပိုင်ဆိုင်သူ ဖြစ်ကြောင်း ပြည်သူတွေကြားမှာ မှတ်ကျောက် အတင်ခံလိုက်နိုင်တာလည်း ဖြစ်တယ်။
"အပိုတွေ ပြောမနေနဲ့၊ မိသားစုထက် အာဏာကို ပိုမက်လို့ မပြန်တာပါကွာ" လို့ အာဏာရူး အသိုင်းအဝိုင်းက သူခိုး လူဟစ်ပြီး အောက်တန်းကျလွန်းစွာ အပုပ်ချကြပေမဲ့...
အဲဒီ ၁၉၉၇ ဆိုတာဟာ စစ်အစိုးရ အာဏာသိပ်ထက်နေတဲ့အပြင် အင်မတန် တန်ခိုးထွားနေတဲ့ စစ်ထောက်လှမ်းရေးတွေ နှိပ်စက်လို့ တစ်ပြည်လုံး ပြားပြားဝပ်နေရတဲ့ အခြေအနေမို့...
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာနဲ့ နီးစပ်ဖို့ ဝေးလို့...
၁၉၉၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်ထားကြတဲ့ ဒီချုပ်အမတ် အတော်များများနဲ့ ပါတီဝင်အချို့ဟာ အာဏာလွှဲအပ်ခြင်း မခံရတဲ့အပြင် ပုဒ်မအမျိုးမျိုးနဲ့ အမှုဆင် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရလို့ ထောင်တကာမှာ ညှဉ်းပမ်းနှိပ်စက်ခံနေရရင်း...
အချို့လည်း ထောင်ထဲမှာတင် နှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် အသက်ဆုံးပြီး မိဘတွေ မိသားစုတွေနဲ့ သေကွဲကွဲရသလို
အချို့လည်း ကိုယ့်စိတ်နဲ့ ကိုယ့်အဖေတွေ ကိုယ့်အမေတွေ သေသွားရတာကို နောက်ဆုံးအနေနဲ့ တွေ့ခွင့်၊ အသုဘ လိုက်ပို့ခွင့်တောင် မရလိုက်ဘဲ ထောင်ထဲကနေ မျက်ရည်ကျရုံ တောက်ခေါက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘဲ သေကွဲကွဲရပြီး
အချို့လည်း တိုင်းတစ်ပါးကို ရောက်သွားလို့ ပြည်ပြေးအစိုးရ ဖွဲ့သူက ဖွဲ့၊ တစ်သီးပုဂ္ဂလ လှုပ်ရှားသူက လှုပ်ရှားရင်း နှစ်လရှည်ကြာစွာ မိသားစုဝင်တွေနဲ့ ရှင်ကွဲကွဲကြရ ဆိုတဲ့ ရင်နာဖွယ် ကွဲကွာခြင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ခံစားကြနေရတဲ့ ခေတ်ဆိုးကြီး ဖြစ်နေတဲ့အတွက်...
တော်ရုံလူဆိုရင် ခင်ပွန်းသည် နေမကောင်း ဖြစ်တာကို အကြောင်းပြလို့ ချော်လဲရောထိုင်ပြီး ပြန်ပြေးသွားလောက်တဲ့ အခြေအနေအောက်မှာ ရောက်နေတာတောင်...
မိသားစုကို ပစ်ထားရတာပဲ အဖတ်တင်ပြီး အသေခံမလား၊ ထောင်ကျခံမလား၊ အကျယ်ချုပ်လား ဆိုတာက လွဲရင် ဘာမှ မျှော်လင့်စရာ မရှိတဲ့ မြန်မာ့နိုင်ငံရေး ခရီးကြမ်းကို ဆက်လျှောက်ဖို့ ခေါင်းမာမာနဲ့ ရွေးချယ်ခဲ့တဲ့ ဒီအမျိုးသမီးကြီးရဲ့ နှလုံးအိမ်ထဲက မိသားစုအတွက် ဝမ်းနည်းပူပန်ရတဲ့ လူမသိ သူမသိ ပဲ့တင်ရှိုက်သံတွေဟာ ဘာတွေ ဖြစ်မလဲ ဆိုတာကတော့ သူသာ သိနိုင်ပါလိမ့်မယ်။
သူရဲဘောကြောင်ပြီး ကိုယ်ကျိုးသာ ကြည့်တတ်တဲ့ စစ်အာဏာရှင်တွေကတော့ အရာရာကို သူတို့ စိတ်နဲ့ နှိုင်းပြီး အာဏာရဖို့အတွက်လို့ချည်း ထင်နေတဲ့အတွက် ဒီလို မိသားစုကိုတောင် စွန့်လွှတ်ရဲတဲ့ သတ္တိမျိုးကို ဒီတစ်သက် နားလည်လာမှာ မဟုတ်ပါဘူး။
.
.
.
ဒီလိုနဲ့ ၁၉၉၉ အစောပိုင်းမှာ မိုက်ကယ် ကွယ်လွန်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ချမှတ်ခံရတဲ့ ၁၉၈၉ ကနေ နောက်ဆုံးအကြိမ် ပြည်ဝင်ခွင့်ရခဲ့တဲ့ ၁၉၉၅ ကြား ၆ နှစ်တာ ကာလအတွင်းမှာ မိုက်ကယ်ဟာ သူ့ဇနီးကို ၅ ကြိမ်သာ တွေ့ခွင့်ရခဲ့ပါတယ်။
သူနဲ့ သားနှစ်ယောက်ကို ပစ်ပြီး တိုင်းပြည်နဲ့ လူမျိုးကို ချစ်ပြနေတဲ့ ဇနီးသည်ကို နောက်ဆုံးအချိန်အထိ အပြစ်မတင်ဘဲ ခင်ပွန်းသည်ကောင်းတစ်ယောက်အဖြစ် အဆုံးစွန် ပါရမီဖြည့်သွားခဲ့ပါတယ်။
လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ထောင်ဒဏ် နှစ်ရှည်ကျကျ၊ ဘယ်လောက်ပဲ အနေအစား ဆင်းရဲ ဆင်းရဲ၊ တိုက်ပိတ်ခံထားရတာ မဟုတ်ရင်...
ဘဝတူ ထောင်သားတွေနဲ့ ပြောဆိုဆက်ဆံခွင့် ရှိသလို မိသားစုတွေနဲ့လည်း ထောင်ဝင်စာလာတွေ့ချိန် ဆုံနိုင်သေးတဲ့အတွက် ကိုယ်ဆင်းရဲပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက သက်သာရာရသေးတယ် ဆိုနိုင်ပါတယ်။
နေအိမ်အကျယ်ချုပ် ဆိုတာကတော့...
အနေအစား မပင်ပန်းပေမဲ့ ပြင်ပက လူတွေနဲ့ တွေ့ခွင့်ရဖို့ မဖြစ်နိုင်သလို မိသားစုကလည်း အဝေးမှာ ဖြစ်နေလို့ အထီးကျန်လွန်းလှတဲ့ အပြင်...
အရွယ်ကောင်း အသက် ၅၃ နှစ်သာ ရှိသေးတဲ့ ကင်ဆာရောဂါ ခံစားနေရသူ လင်ယောကျ်ားကို ပြုစုခွင့်မရလိုက်ဘဲ လက်လွှတ်လိုက်ရတဲ့ မိန်းမသားတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ ဆို့နင့်ကြေကွဲရမှုတွေ စိတ်ဒုက္ခတွေကိုတော့ စာဖွဲ့ပြလို့ မီနိုင်မယ် မထင်ပါဘူး။
ဒီလို ပူဆွေးနေရလို့ စိတ်ပြေရာပြေကြောင်း သားကလေးတွေနဲ့ တွေ့ခွင့်ရသလား ဆိုပြန်တော့လည်း...
ဇူဇကာပုဏ္ဏားထက် ဆိုးတဲ့ စစ်အစိုးရဟာ သားနှစ်ယောက်ရဲ့ မြန်မာနိုင်ငံသား ဖြစ်မှုကို ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစဉ်ကတည်းက ပယ်ဖျက်လိုက်ပြီးသား ဖြစ်နေပြန်ပါတယ်။
ဒါကြောင့် အကျယ်ချုပ်ကာလတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ...
၁၉၉၉ ခုနှစ် မိုက်ကယ်အဲရစ် ကွယ်လွန်ချိန်မှာ သားအကြီး မြင့်ဆန်းအောင်ကိုပဲ တစ်ကြိမ်သာ တွေ့ခွင့်ရတာကလွဲရင် မတွေ့ခဲ့ရသလောက်ပါပဲ။
တွေ့ရတာကလည်း အေးအေးဆေးဆေး မဟုတ်ဘဲ သားအမိတွေဟာ ခဏတာလေးတွေပဲ တွေ့ဆုံရတဲ့ အဖြစ်ပါ။
ဒီအတွက် အနေအစားချောင်တယ် ဆိုတဲ့ အကျယ်ချုပ်ဟာလည်း စစ်အစိုးရရဲ့ ပညာပြ ဖိနှိပ်မှု အောက်မှာ ဘာမှ မတတ်နိုင်ဘဲ အထီးကျန်လွန်းတဲ့ လောကငရဲအဖြစ် အသွင်ပြောင်းခဲ့ရတာပေါ့။
အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Stay Home နှစ်ပတ်လောက် ချစ်ခင်ရတဲ့ မိသားစုနဲ့ အတူ နေထိုင်ရင်းနဲ့ကို စိတ်ဆင်းရဲကြ၊ မနေတတ် မထိုင်တတ် ဖြစ်နေကြရတယ် ဆိုရင်...
အကျယ်ချုပ်နဲ့ အကျဉ်းစံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကပ်ရောဂါကြောင့် အိမ်တွင်းအောင်းရသူတွေလို "လူတိုင်းလည်း ငါတို့လိုပဲ အိမ်ထဲမှာ ပိတ်မိနေပါလား" ရယ်လို့ စိတ်ဖြေနိုင်စရာလည်း မရှိ
ကပ်ရောဂါကြီး ပြီးရင် ပြန်ထွက်နိုင်မယ်လို့ မျှော်လင့်ချက် ထားနိုင်တာမျိုးလည်း မဟုတ်ဘဲ ချုပ်ရက်စေ့သွားသည့်တိုင် စစ်အာဏာရှင် ယုတ်ချင်သမျှ သက်တမ်းထပ်ထပ်တိုးပြီး ချုပ်တတ်လို့ လွတ်လမ်းက မမြင်
တစ်ခါ ချုပ်ခံရတိုင်း နှစ်နဲ့ချီ ကြာပြီး မိသားစုနဲ့ တွေ့ခွင့်ကလည်း မရှိ၊ ခင်ပွန်းသေလို့မှ သွားမတွေ့နိုင်တဲ့ အခြေအနေမျိုးမှာ ဘယ်လောက်တောင် စိတ်ဓာတ်ပိုင်း ချည့်နဲ့ယိုင်လဲသွားချင်စရာ ကောင်းမလဲ ဆိုတာ ကိုယ်ချင်းစာကြည့်နိုင်ကြမယ် ထင်ပါတယ်။
.
.
.
ဒီလို စိတ်ကို နှိပ်စက်ညှဉ်းပန်း အကျဉ်းချခြင်းခံရတာနဲ့ တူတဲ့ အကျယ်ချုပ်တွေကို...
၁၉၈၉ ကနေ ၁၉၉၅ အထိ တစ်ကြိမ်
၂၀၀၀ ကနေ ၂၀၀၂ အထိ တစ်ကြိမ်
၂၀၀၃ ကနေ ၂၀၀၇ အထိ တစ်ကြိမ်ကတော့ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုမှာ လုပ်ကြံသူတွေ အဖမ်းမခံရဘဲ လုပ်ကြံခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူမသိ သူမသိ နေရာမှာ သုံးလကျော် ဖမ်းဆီးထားပြီးမှ အကျယ်ချုပ် ချမှတ်
၂၀၀၇ မှာ လွတ်ရက် ရောက်ပေမဲ့ သက်တမ်း တစ်နှစ်တိုး
၂၀၀၈ မှာ လွတ်ရက် စေ့ပေမဲ့ သက်တမ်း တစ်နှစ်ထပ်တိုး
၂၀၀၉ မှာ လွတ်ရက် ကျော်နေတာတောင် အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ခြံအမှတ် ၅၄ ထဲကို အင်းယားကန်ထဲက တစ်ဆင့် ရေကူးပြီး ကျူးကျော်ဝင်ရောက်လာမှုနဲ့ ကျူးကျော်ခံရသူ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် တစ်နှစ်ခွဲ သက်တမ်း ထပ်တိုး စသဖြင့် စစ်အာဏာရှင်တွေဟာ အကြိမ်ကြိမ် ရက်စက်ယုတ်မာခဲ့ကြတယ်။
ဒီနေရာမှာ တစ်ခု ပြောစရာ ရှိတာက ဒီအကျယ်ချုပ်တွေကို ချမှတ်ဖို့ အမိန့်ပေးတဲ့ စစ်အာဏာရှင်ကြီးရဲ့ စိတ်နေစိတ်ထားဟာ...
စိတ္တဇ လူသတ်ကားထဲက သူဖမ်းထားတဲ့ လူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သတ်ဖို့ ဖန်တီးထားပေမဲ့ လွတ်လမ်းကိုလည်း ပေးထားတတ်တဲ့ ဆိုက်ကိုပါ့သ်ကောင်ကြီးလိုပါပဲ။
ဥပမာ ခြေထောက်ကို အင်မတန် ခိုင်မာတဲ့ သံခြေကျင်းခတ်ထားပြီး ချိန်ကိုက်ဗုံး ထောင်ထားတယ်။ ဘေးမှာ ပုဆိန်တစ်လက် ချပေးထားတယ်။ ဗုံးပေါက်ကွဲပြီး အပိုင်းပိုင်းပြတ် မသေချင်ရင် ကြိုတင်ချိန်ကိုက်ထားတဲ့ အချိန်မစေ့ခင် ကိုယ့်ခြေထောက်ကို ကိုယ့်ဘာသာ ပုဆိန်နဲ့ ခုတ်ဖြတ်ပြီး ပြေးရပါမယ်။
ဒီလိုပဲ အာဏာရှင်ကြီးဟာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ကို ဘယ်တော့မှ ပြန်မလာတော့ဘဲ အင်္ဂလန်ကို အပြီးပြန်သွားမယ် ဆိုရင် အကျယ်ချုပ်က လွှတ်ပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ လွတ်လမ်းတစ်ခု ပေးထားပါတယ်။
ကိုယ့်ခြေထောက်နဲ့ တူတဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ခုတ်ဖြတ်ပြီး ထားပစ်ခဲ့မှ...
ချိန်ကိုက်ဗုံးနဲ့ တူတဲ့ အတောမတတ် သက်တမ်းတိုးချင်တိုင်း တိုးလို့ရနေတဲ့ အဆုံးမရှိ ချုပ်နှောင်မှုတွေရန်က လွတ်မှာကို သိပါလျက်...
ခြေထောက်ကို ခုတ်ဖြတ်ထားပြီး ကိုယ်လွတ်ရုန်းသွားမယ့်အစား ဗုံးကိုပဲ ရင်ဆိုင်အံတုပြီး အကျယ်ချုပ် ဘယ်နှကြိမ်ချချ လင်ပစ် သားပစ်နဲ့ အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်ပြီး ဒီမိုကရေစီရေးပဲ ဆက်လုပ်နိုင်အောင် မြန်မာပြည်မှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တဲ့ သံမဏိလိပ်ပြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရဲတောက် သတ္တိကတော့ လက်ဖျားခါလောက်ပါတယ်။
အထက်က အမိန့်ပေးလို့ ရွေးချယ်ခွင့်မရဘဲ ဘက်နက်စွပ်ထားတဲ့ သေနတ်တွေနဲ့ အချိန်တို တစ်ခုအတွင်း ကျားထိုးတက်ရဲတာကမှ သတ္တိ မဟုတ်ပါဘူး...
ရွေးချယ်ခွင့် ရှိပါလျက် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို နှစ်ကာလ အရှည်ကြီး ခံစားရမဲ့ အကျယ်ချုပ်တွေကို သွေးအေးအေးနဲ့ ရင်ဆိုင်ရဲတာက တစ်ဆင့်ပိုမြင့်တဲ့ သတ္တိ ဖြစ်တယ်။
.
.
.
ဒီလိုနဲ့ အကျယ်ချုပ်ကာလတွေရဲ့ လောကဓံတွေကို တရားစာအုပ် အတွေးအခေါ်စာအုပ်တွေ ဖတ်ရှုခြင်း၊ တရားထိုင်ခြင်းတွေနဲ့ တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်လာပြီးတဲ့နောက် ၂၀၁၀ နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး အကျယ်ချုပ်ကနေ လွတ်လာပါတယ်။
၂၀၁၀ နောက်ဆုံး အကျယ်ချုပ်က လွတ်လာချိန်မှာတော့ သားအငယ် ကင်မ်က အမေဆီ လာလည်ပါတယ်။
၂၀၁၂ မှာ အမေဖြစ်သူ လန်ဒန်ကို လာတော့ ကင်မ်ဟာ အမေဖြစ်သူနဲ့ နောက်တစ်ကြိမ် ထပ်တွေ့ခွင့် ရပါတယ်။
၂၀၁၆ အမေဖြစ်သူက အမေရိကန်ကို အသွား လန်ဒန်ကို ဝင်တော့ သားငယ် ကင်မ်ပဲ တစ်ကြိမ် ထပ်တွေ့ခွင့် ရပြန်ပါတယ်။
ဒီလို နှစ်ပေါင်းများစွာအတွင်း လက်ချိုးရေလို့မှ လက်တစ်ဖက်ပြည့်တဲ့ အကြိမ်အရေအတွက်တောင် တွေ့ခွင့်မရဘဲ သူတို့ကို ပစ်ထားသလို ဖြစ်တာကြောင့်...
သားကြီးဩရသ အလက်ဇန္ဒားဟာ အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းနေတယ် ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့ပေမဲ့...
တကယ်တမ်းမှာ အမေကို နားလည်ပေးတဲ့ အလက်ဇန္ဒားဟာလည်း သူ့အမေကို သိပ်ချစ်ပြီး သူ့အမေ နေကောင်းကျန်းမာရဲ့လားလို့ အမြဲတမ်း ပူပန်နေတတ်သူလည်း ဖြစ်ပါတယ်။
သားအငယ် ကင်မ်ဟာလည်း အားလုံး သိကြတဲ့အတိုင်း အမေကို သိပ်ချစ်ပြီး သူတို့ ကိုယ်စား ခွေးငယ်လေး တစ်ကောင် လက်ဆောင်ပေးထားခဲ့လို့...
မိသားစုဝင်တွေနဲ့ ဝေးကွာနေရလို့ အထီးကျန်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုက်ကယ်၊ အလက်ဇန္ဒားနဲ့ ကင်မ်တို့ သုံးဦးကိုယ်စား တိုက်ချီတိုလို့ အမည်ပေးထားတဲ့ ဒီခွေးငယ်လေးကို အစားထိုး ချစ်ခင်မိတော့လည်း စစ်ခွေးတစ်သိုက်ဟာ ခွေးလေးကိုပါ ကိုက်လာကြပြန်ပါတယ်။
ဘယ်လောက်တောင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်ပါသလဲ။
ဒီမိုကရစီရေးအတွက် ရုန်းကန်နေရချိန်မှာ အမေက အဖမ်းခံရ၊ သားတွေက နိုင်ငံသား မဟုတ်တော့လို့ ကွဲကွာနေကြရသလို...
အခုလို အမေဖြစ်သူ အထွတ်အထိပ်ကို ရောက်ချိန်မှာ သားအမိတွေ ပြန်ဆုံကြပြီး ပျော်ရွှင်စရာ အဆုံးသတ် (Happy Ending) ဖြစ်သင့်ပေမဲ့...
ကမ္ဘာသိ လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ မြေးတွေ၊ ကမ္ဘာသိ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်ရဲ့ သားတွေအဖြစ် မြန်မာပြည်မှာ ဝင့်ကြွားစွာ နေသင့်တဲ့အချိန် ရောက်နေပြီ ဖြစ်ပေမဲ့...
နိုင်ငံသား ဖြစ်ပြီးသား သားနှစ်ယောက်ကို နိုင်ငံသားအဖြစ်က ရုပ်သိမ်းပြီးမှ သားသမီးတွေက နိုင်ငံခြားသား ဖြစ်နေသူဟာ သမ္မတဖြစ်ခွင့် မရှိစေရ ဆိုတဲ့ ပုဒ်မ ၅၉ (စ) နဲ့ ယုတ်မာထားသူတွေ ရှိနေတဲ့ တိုင်းပြည်
သွေးသားရင်း နိုင်ငံခြားသား မပြောနဲ့ ကိုဖီအာနန်လို ကမ္ဘာကျော် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းနဲ့ အကြံပေးတွေကိုတောင် ဆန္ဒပြနေသူ ဆန့်ကျင်နေသူ ချေးဦးနှောက်တွေ ရှိတဲ့ တိုင်းပြည်မှာ...
သားနှစ်ယောက်ကို ပြန်ခေါ်ထားရင် ဒေါ်စုသား နိုင်ငံခြားသားတွေ မြန်မာပြည်အရေးကို ဝင်စွက်နေတယ်၊ ဒေါ်စု သားနှစ်ယောက် အခွင့်ထူးတွေ လုပ်ပိုင်ခွင့်တွေ ရပြီး ခိုးနေပြီ စတဲ့ ကိုယ့်စိတ်နဲ့ နှိုင်း ရိုင်းစိုင်းတဲ့ လုပ်ကြံ စွပ်စွဲ အပုပ်ချမှုတွေကြား...
အပြစ်မရှိတဲ့ သနားစဖွယ် သူ့သားတွေ နစ်မွန်းမှာ စိုးတဲ့အတွက်
မပြီးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲမှာ စစ်အာဏာရှင်ဘက်က ထောက်စရာအကွက် ဖြစ်သွားမှာ စိုးတဲ့အတွက်
သားတွေကလည်း သူတို့ သိက္ခာနဲ့ သူတို့၊ သူတို့ မာနနဲ့ သူတို့ ရှိတာကြောင့်ရော၊ သူတို့ကြောင့် အမေ အပြောအဆိုခံရမှာ စိုးလို့ကြောင့်ရော အမေ့အရိပ်ကို ခိုဖို့ စိတ်တောင်မကူးတဲ့အတွက်...
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုတွေ အခုအထိ ပြန်မပေါင်းစည်းနိုင်သေးပါဘူး။
အများစုသော ရှင်ကွဲကွဲနေရခြင်းတွေဟာ တစ်ဦးနဲ့ တစ်ဦး မေတ္တာ မရှိတော့လို့ ဒါမှမဟုတ် စားဝတ်နေရေးအတွက် မတတ်သာလို့ ဖြစ်ရပေမဲ့...
ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိတွေရဲ့ ရှင်ကွဲကွဲရခြင်းကတော့ အချင်းချင်း ချစ်ခင်နေကြပါလျက် စားဝတ်နေရေးကြောင့်လည်း မဟုတ်ပါဘဲလျက်...
မြန်မာပြည်ရဲ့ ဒီမိုကရေစီ ယန္တရားလည်ပတ်မှု ချောမွေ့စေဖို့ သူတို့ မိသားစုဝင်တွေရဲ့ နှလုံးသွေးတွေနဲ့ ရင်းပြီး ချောဆီထည့်ပေးနိုင်ဖို့အတွက် ဖြစ်လေတော့...
ဒီလို အဖြစ်မျိုးကို မျက်ရည်ချူတာလို့ ဘယ်သူ ပြောရဲပါသလဲ။
.
.
.
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကျော် စကားတစ်ခွန်း ရှိပါတယ်။
"ဒါ ကျွန်မ စွန့်လွှတ်အနစ်နာခံတာ မဟုတ်ပါဘူး။ ဒါက ကျွန်မရဲ့ ရွေးချယ်မှုပါ။ တစ်ခုခုကို လုပ်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် ရွေးချယ်လိုက်ပြီ ဆိုတာနဲ့ အဲဒါကို ပေးဆပ်တယ်လို့ မပြောသင့်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါကို လုပ်ဖို့ ဘယ်သူကမှ ဖိအားပေးခဲ့တာ မဟုတ်လို့ပါပဲ" ဆိုတဲ့ စကားပါပဲ။
ဒါက ပဋာစာရီလို လင်သေ သားကွဲ လောကဓံတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့အပြီး ရင့်ကျက်လာချိန်မှာ အရင်တုန်းက ဖြစ်ပြီးသားတွေအပေါ်မှာ ဂုဏ်ဖော်မနေချင်တော့လို့ သူဘယ်လို စိတ်မျိုး ထားရှိတယ် ဆိုတာကို ဖော်ပြတာသက်သက်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ တရားရှိတယ် ပြောပြော ပုထုဇဉ်မို့ သားလေးတွေအတွက် ခံစားချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ နင့်နင့်နဲနဲ ရှိပါတယ်။
အင်တာဗျူးတစ်ခုမှာ မိသားစုအကြောင်းကို မေးတော့...
"အမေတစ်ယောက်အနေနဲ့ ပြောရရင် သားလေးတွေကို ဆုံးရှုံးသလို ဖြစ်သွားရတာက အတော်ကြီးမားတဲ့ စွန့်လွှတ်ရမှုပါပဲ။ လူတိုင်းကတော့ ကိုယ့်မိသားစုနဲ့ အတူနေချင်သူချည်းပါပဲ။ အတူနေခြင်းဟာ မိသားစု ဆိုတာရဲ့ အနှစ်သာရပဲ။ ဒါကြောင့် ကျွန်မ မိသားစုနဲ့ အတူတူ နေမပေးနိုင်တဲ့အတွက် နောင်တရမိပါတယ်။ ပုဂ္ဂိုလ်ရေး နောင်တလို့ ဆိုရမှာပေါ့။
တကယ်တော့ ကျွန်မလည်း မိသားစုနဲ့ အတူတူ နေချင်တယ်။ ကျွန်မသားလေးတွေ ကြီးပြင်းလာတာကို မြင်တွေ့ချင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြည်သူတွေကိုပဲ ရွေးချယ်သင့်တယ် ဆိုတာကိုတော့ ကျွန်မ တစ်ခါမှ သံသယ မရှိခဲ့ဖူးဘူး" လို့ သူ့တစ်ကိုယ်ရေ စိတ်ခံစားချက်ထက် တိုင်းပြည်ကို ရွေးချယ်ခဲ့ကြောင်း ပြောတုန်းက သားတွေအတွက် ဝမ်းနည်းခဲ့ရတဲ့ သူ့အတွင်းစိတ်ကို လှစ်ကနဲ မြင်လိုက်ရဖူးပါတယ်။
မိုက်ကယ်အဲရစ်နဲ့ လက်မထပ်ခင်ကတည်းကလည်း...
"စကတည်းက သေသေချာချာ သိထားစေချင်တာကတော့ ကျွန်မရဲ့ တိုင်းပြည်ဟာ ကျွန်မအတွက် သိပ်အရေးကြီးတဲ့အတွက် တကယ်လို့ တိုင်းပြည်က ကျွန်မကို လိုအပ်နေပြီ ဆိုတဲ့အချိန်မှာ ကျွန်မနဲ့ တိုင်းပြည်ကြားမှာ ကာဆီးကာဆီး မလုပ်စေချင်ဘူး" လို့ ပြတ်ပြတ်သားသား ပြောထားခဲ့တဲ့ သံမဏိနှင်းဆီ အောင်ဆန်းစုကြည် ဖြစ်တယ်။
တကယ်တော့ မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီရဖို့ သူ့မှာ တာဝန်မရှိသလို ဘယ်သူမှလည်း ခြိမ်းခြောက်အကျပ်ကိုင်ပြီး မလုပ်ခိုင်းခဲ့ပါဘူး။
ဒါပေမဲ့ သူ့သဘောနဲ့သူ အရာအားလုံးကို စွန့်လွှတ်ပြီး နိုင်ငံရေးသတ်ကွင်းထဲကို ခြေစုံပစ်ဝင်ပြီး ရင်ကော့လျှောက်ခဲ့တာပါ။
"ဒါသည် ပေးဆပ်တာ မဟုတ်၊ ရွေးချယ်ခဲ့တာ" လို့ သူပြောခဲ့တဲ့စကားအတိုင်း...
သူစွန့်လွှတ်ခဲ့ အနစ်နာခံခဲ့သမျှအတွက် သနားစရာ မလို၊ စန်းတင်နေစရာ မလို၊ ဂုဏ်ဖော်နေစရာ မလိုဘူး ဆိုရင်တောင်...
သူ့ဘဝတစ်ခုလုံးကို ရင်းပြီး၊ မိသားစုနဲ့ အရာအားလုံးကို ကျော်ပြီး မြန်မာပြည်သူတွေကို ရွေးချယ်ခဲ့တဲ့ ဒီအမျိုးသမီးကြီးအတွက်...
မြန်မာပြည်သူတွေကရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို မယိမ်းမယိုင် မဖောက်မပြန် အကြိမ်ကြိမ် အဖန်ဖန် ပြန်ပြီး မရွေးချယ်သင့်ဘူးလားလို့သာ မေးလိုက်ချင်ပါတော့တယ်။
.
.
.
အမေ ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံရေးကနေ အမြန်ဆုံး အနားယူနိုင်ပြီး သားတွေ မြေးတွေနဲ့ အမြန်ဆုံး ပြန်ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment