Twitter Bird Gadget

Friday, January 3, 2020

ကျားဟိုမုန်း ( testosterone )



ကျားဟိုမုန်း ( testosterone ) က ယောကျ်ားပီသစေတယ်ပြောပါတယ်။ သွေးတွင်းကျားဟိုမုန်းပမာဏ တစ်ချိန်လုံးပြောင်းလဲနေတတ်ပြီး ရောဂါကင်းတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသားတွေရဲ့သွေးထဲမှာ ကျားဟိုမုန်း အမြောက်အမြားရှိနေတတ်တယ်။ အသက် 30 ကျော်လာတဲ့အခါ ကျားဟိုမုန်းပမာဏ စတင်ကျဆင်းလာတတ်ပါတယ်။ 

ကျားဟိုမုန်း လျော့နည်းတဲ့အခါ ဆယ်ကျော်သက်အရွယ်မှာ ကြွက်သားဖွံ့ဖြိုးမှု နှင့် လိင်အင်္ဂါဖွံဖြိုးမှုနှေးမည်။ အမွေးအမျှင်နည်းခြင်း နှင့် မရှိခြင်းဖြစ်မည်။ အရွယ်ရောက်ပြီးသူတွေမှာ လိင်စိတ်လျော့နည်းလာမည်။ ပန်းသေပန်းညိုးဖြစ်မည်။ ကြွက်သားအားနည်းမည်။ စိတ်ကျရောဂါရမည်။ အရွယ်အားလုံးအတွက် အရိုးကျန်းမာရေးကျဆင်းပြီး အရိုးကျိုးလွယ်မည်။ ကြွက်သားကြီးထွားမှုကျဆင်းမည်။ သက်လုံမကောင်းတာတွေလည်းဖြစ်နိုင်တယ်။  ဒါကြောင့် ကျားဟိုမုန်းပမာဏကို ပြောင်းလဲစေနိုင်တဲ့ အစားအသောက်၊ အနေအထိုင်၊ အမူအကျင့်တွေကို သိထားလျှင် ကျန်းမာရေးအတွက် အတော်လေးအကျိုးများနိုင်ပါတယ်။


Fructose သကြားပါတဲ့ အစားအစာတွေက အဝလွန်စေပါတယ်။ ဝလာတဲ့ အခါ ကျားဟိုမုန်း ပမာဏ ကျဆင်းပြီး မ ဟိုမုန်း  ( estrogen ) ပမာဏ မြင့်လာတတ်တယ်။ မ ဟိုမုန်း များလေ ဝဖို့လွယ်လေပါပဲ။ ဒါကြောင့် အဝလွန်နေတဲ့သူတွေမှာ သွေးတိုးဆီးချိုရှိလျှင် အချိုစားတာ လျော့ပါ။ အသီးမှာပါတဲ့ fructose သကြားတောင်ငြင်းပယ်ဖို့ ဟိုမုန်းအဖွဲ့အစည်းက 2012 ခုနှစ်မှာ သတိပေးခဲ့ပါတယ်။ ပလတ်စတစ်မှာ မ ဟိုမုန်းကို များစေတတ်တဲ့  BPA နှင့် paraben ဆိုတဲ့ ဓာတုပစ္စည်းတွေပါပါတယ်။ မ ဟိုမုန်း များလာလျှင် ကျားဟိုမုန်း လျော့နည်းတတ်တာကြောင့် ပလတ်စတစ်ကို လျော့ချသုံးစွဲပါ။

ကျားဟိုမုန်း ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေဖြစ်တဲ့ mono fat အဓိကပါတဲ့ သံလွင်ဆီသီးနဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်သီး ပိုစားပေးရပါမည်။ Transfat ပါတဲ့ ဆီကြော်လိုအစားအစာတွေကို ရှောင်ပါ။ Cortisol  ( ကော်တီဆော ) နှင့် ကျားဟိုမုန်းက ရန်သူတွေပါ။ သွေးတွင်းကော်တီဆော ပမာဏပုံမှန်ဖြစ်လေ၊ ကျားဟိုမုန်းလုပ်ငန်းအဆင်ပြေလေပါ။ လိမ္မော်သီးမှာပါတဲ့ ဗိုက်တာမင် C က ကော်တီဆောလို့ခေါ်တဲ့ stress hormone ကို ကျဆင်းစေပါတယ်။ ဒါကြောင့် မနက်စောစော လိမ္မော်သီးစားပေးဖို့ အနောက်နိုင်ငံမှာ ပြောကြပါတယ်။ ချောကလက်အနက်(black chocolate)ဟာ ကျားဟိုမုန်း မြင့်တက်ဖို သိပ်ကောင်းပါတယ်။ ပန်းစိမ်း၊ဂေါ်ဖီလည်း များများစားပေးပါ။ ဂျင်းစား နှင့် ဗာဒံသီးစားပါ၊ Herbal tea သောက်ပါ။ အမျှင်များများစားတဲ့အခါ ကျားဟိုမုန်း ပမာဏ နည်းတတ်တယ်လို့ရေးပါတယ်။ ပဲနို့သောက်ခြင်းဟာ မ ဟိုမုန်းကိုမြင့်တက်စေပြီး ကျားဟိုမုန်း ကိုကျဆင်းစေတယ်ဆိုပါတယ်။

အိပ်စက်ခြင်းကြောင့် သွေးတွင်းကျားဟိုမုန်းပမာဏ မြင့်တက်စေပါတယ်။ နေ့စဥ် ၅ နာရီလောက်ပဲ အိပ်လျှင် ကျားဟိုမုန်းပမာဏ ဆယ့်ငါးရာနှုန်းလောက်ကျဆင်းတတ်ပါတယ်။ အနည်းဆုံး ၇ နာရီအိပ်ရပါမည်။ အိပ်တဲ့အခန်းကို အေးမျှနေအောင်ထားပေးလျှင် ကျားဟိုမုန်း ပမာဏ မြင့်တက်နိုင်ပါတယ်။ အိပ်ခါနီး ရေချိုးတာ ကျားဟိုမုန်း ထုတ်လုပ်ခြင်းကို အားပေးပါတယ်။ အိပ်ခါနီးရေသောက်တာရှောင်ရပါမည်။ အိပ်ရာမဝင်ခင် ဆီးသွားဖို့ အကြံပေးကြပါတယ်။ တစ်ပတ်တစ်ခါ လိင်မှုကိစ္စဟာ ကျားဟိုမုန်း များလာဖို့အတွက်အကောင်းဆုံးလို့ရေးပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျားဟိုမုန်းပမာဏကောင်းလာစေတယ်ရေးပါတယ်။ Intermittent fasting နှင့် လေ့ကျင့်ခန်း တွဲလုပ်ရင် ကျားဟိုမုန်း သွေးထဲမြင့်တက်လာနိုင်ပါတယ်။ Strength training (အလေးမလေ့ကျင့်ခန်း) ကို super slow movements (အနှေးဆုံးအနေအထားနဲ့ ) ပြုလုပ်လျှင် ကြွက်သားရဲ့ အသေးငယ်ဆုံးအနေအထားထိအကျိုးသက်ရောက်လို့ ကျားဟိုမုန်း ပိုမြင့်လာတယ်ပြောပါတယ်။ သိုင်းရွိုက်ဟိုမုန်းနည်းတဲ့ရောဂါ ( hypothyroid ) မှာကျားဟိုမုန်းပမာဏနည်းတတ်ပါတယ်။ Statin နာမည် နဲ့ဆုံးတဲ့ဆေးတွေသုံးနေလျှင် သွေးတွင်းကျားဟိုမုန်းပမာဏ နည်းသွားနိုင်တယ်လို့ ရေးပါတယ်။

ကျားဟိုမုန်း ကို  ပရိုတိန်း (အမိုင်နိုအက်ဆစ်) တွေနဲ့ မြှင့်လို့ရပါတယ်။ BCAA မှာပါဝင်တဲ့ leusine,isoleusine နဲ့ valine တို့က ကြွက်သားကြီးထွားစေပြီး ကြွက်သားပျက်စီးခြင်းကို တားဆီးပေးတဲ့အပြင် ကျားဟိုမုန်းပမာဏကို မြင့်တက်စေပါတယ်။ Workout ပြီးပြီးခြင်း whey protein သောက်တာ အင်မတန်မှ ကောင်းမွန်တယ်လို့လည်းဆိုပါတယ်။ Zinc (ဇင့်) ကို ခြောက်ပတ်လောက် 40mg လောက်သုံးမည်ဆို ကျားဟိုမုန်း မြင့်လာနိုင်ပါတယ်။ ပင်လယ်စာ နှင့် ဗံဒါစေ့တွေမှာ ဇင့် ပါပါတယ်။ အသီးအရွက်တွေမှာ ဓာတ်မြေသြဇာသုံးလွန်းလျှင် အသီးအရွက်မှာပါတဲ့ ဇင့် ပမာဏနည်းသွားတတ်ပါတယ်။ သွေးတွင်း ဗိုက်တာမင် D level (50-70ng/ml) ထိရှိလျှင် သုတ်ပိုးနဲ့ ကျားဟိုမုန်း မြင့်လာတယ်လို့ ပြောပါတယ်။

ကော်တီဆောပမာဏမြင့်စေတဲ့ စိတ်ဖိစီးမှုကို လျော့ထားလျှင် ကျားဟိုမုန်းပမာဏ ပြန်လည်ကောင်းမွန်နိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်အောင်နေပါ။ ယောဂ ကစားခြင်း၊ တရားထိုင်ခြင်း၊ရယ်မောခြင်း၊အသက်ပြင်းပြင်းရှုခြင်းတို့က စိတ်ဖိစီးမှုလျော့နည်းစေတယ်လို့ ဆိုပါတယ်။ အပေါ်ကအချက်တွေကသဘာဝအတိုင်း ကျားဟိုမုန်းကို အကောင်းဆုံးအနေထားရောက်အောင်လုပ်နိုင်တဲ့ နည်းတွေပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက် လိုအပ်တဲ့ ကျားဟိုမုန်းအကောင်းဆုံးအနေအထားရောက်အောင် အစားအစာ၊အဟာရတို့နဲ့ ပြုပြင်ခြင်းက နည်းမှန်လမ်းမှန်ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချို့သော အားကစားသမားတွေက anabolic စတီးရွိုက်ကို သုံးလိုက်တဲ့အခါ အားကစားစွမ်းအင်တက်လာပြီး ကြွက်သားကြီးထွားလာတာကြောင့်  လိုအပ်တာထက်ပိုပြီးသုံးပါတယ်။ လိုတာထက်ပိုပြီး လွဲမှားစွာသုံးလိုက်တဲ့အခါ မလိုလားအပ်တဲ့ကျန်းမာရေးချို့တဲ့မှုတွေဖြစ်လာနိုင်ပါတယ်။ Anabolic စတီးရွိုက်ကို အနောက်နိုင်ငံမှာ Roid , juice , Gym canday , 420 အလွယ်ခေါ်ပါတယ်။သောက်ဆေးရှိသလို၊ထိုးဆေးလည်းရှိပါတယ်။ Anadrol, Dianabol, Oxandrin တို့က သောက်ဆေး anabolic စတီးရွိုက်ပါ။ Deca-Durabolin နဲ့ Depo- Testosterone ထိုးဆေး anabolic စတီးရွိုက်ပါ။

Anabolic စတီးရွိုက်သုံးခြင်းက ဘေးထွက်ဆိုးကျိုးရှိတာသိလို့ တစ်ချို့က ထိုးလိုက်ဖြတ်လိုက်လုပ်ကြတယ်။ ဒါကို cycling ထိုးနည်းလို့ပြောကြတယ်။ တစ်ချို့က နည်းနည်းနဲ့စထိုးတယ်  ပြိုင်ပွဲရက်မှာ အများကြီးထိုးတယ်။ ပြိုင်ပွဲပြီးတော့ တစ်ဖြည်းဖြည်းလျော့သွားတယ်။ ဒီလို pyramiding ထိုးနည်းကလည်း ဘေးထွက်ဆိုးကျိုးနည်းအောင်လုပ်တာပါပဲ။ တစ်ချို့ထိုးနည်းကို stacking လို့ခေါ်တယ်။ စတီးရွိုက် နှစ်မျိုးလောက်ပေါင်းထိုးတာပါ။ ဒီလိုထိုးနည်းတွေက စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုး သက်သာစေတယ်ဆိုတဲ့ ခိုင်မာတဲ့စမ်းသပ်ချက်မရှိသေးဘူးဆိုပါတယ်။ 

လွဲမှားစွာကာလတစ်ခုကြာသုံးခဲ့လျှင် roid rage လို့ခေါ်တဲ့ စိတ်ဆိုးလွယ်ပြီး ပြင်းထန်စွာပေါက်ကွဲတတ်တဲ့စိတ်အခြေအနေ၊ paranoid jealously လို့ခေါ်တဲ့ အကြောင်းပြချက်မရှိပဲ အစွန်းရောက် မကျေမနပ်ဖြစ်တဲ့ စိတ်အခြေအနေ၊ delusions လို့ခေါ်တဲ့ လွဲမှားတဲ့ အတွေးတွေ၊ယုံကြည်ချက်တွေ ဖြစ်လာတဲ့ စိတ်အခြေအနေ ၊ ဂနာမငြိမ်ခြင်း နှင့် ဆုံးဖြတ်ချက်မချနိုင်ခြင်းတွေပါ ဖြစ်တတ်တယ်။ 

များပြားလှတဲ့ စတီးရွိုက်ကို သန့်စင်ပေးတဲ့ အသည်းလည်း ပျက်စီးသွားနိုင်တယ်။ စတီးရွိုက်ကြောင့် ကိုယ်တွင်း ရေ နဲ့ ဆားများလာလျှင် သွေးတိုးလာမည်။ကျောက်ကပ်ပျက်စီးလာမည်။ သွေးတိုးခြင်းကြောင့် နှလုံးကြီးလာနိုင်တယ်။ Anabolic စတီးရွိုက်က မကောင်းတဲ့အဆီ LDL ကို သွေးတွင်းများစေပြီး ကောင်းတဲ့အဆီ HDL ကို သွေးတွင်းလျော့နည်းစေတာကြောင့် နှလုံးရောဂါ နှင့် လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့သေးသွားခြင်း၊ သုတ်ပိုးနည်းသွားခြင်း၊ ထိပ်ပြောင်လာခြင်း၊ ရင်သားထွက်လာခြင်း နှင့်ဆီးကျိတ် ကင်ဆာတွေဖြစ်တတ်တယ်။  အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်း၊ မုတ်ဆိတ် နှင့် နှုတ်ခမ်းမွေးထွက်လာခြင်း၊ရာသီသွေးမပေါ်ခြင်း၊ ယောက်ျားအသံပြောင်းသွားခြင်းတွေ ဖြစ်တတ်တယ်။ ထိုးတဲ့အပ်မသန့်ရင် ရောဂါပိုးကူးစက်နိုင်တယ်။

စတီးရွိုက်ကို မသုံးပဲရပ်ချင်လျှင် ချက်ချင်းရပ်လို့မရပါ။ ချက်ချင်းရပ်တဲ့အခါ ရူးကြောင်မူးကြောင်ဖြစ်ခြင်း၊ အိပ်ချိန်ပြောင်းသွားခြင်း၊ အမြဲနုန်းနေခြင်းအပြင် အသက်အန္တာရယ်ရှိတဲ့ အခြေအနေတွေလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စတီးရွိုက်ကို မသုံးပဲရပ်ချင်လျှင် ဆရာဝန်နဲဲ့ တိုင်ပင်ပြီးမှ ဆက်လက်ဆောင်ရွက်ပါ။ လိုချင်တဲ့ရလဒ်ကို ရောက်ဖို့ကြာနိုင်ပေမည့် သဘာဝအတိုင်း ကျားဟိုမုန်း မြှင့်တင်နိုင်တဲ့ နည်းလမ်းတွေက အကောင်းဆုံးဖြစ်ပါတယ်။

Phyo Maung Maung

No comments:

Post a Comment