(သို့မဟုတ်) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်ပြီ
၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
အခု ၂၀၁၅ ခုနှစ်မှာ ၂၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိဟာ ဒီနေ့အထိဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်မီ အချိန်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပြောခဲ့ကြပါတယ်။ လက်တွေ့မှာ အာဏာမလွှဲခဲ့ပါဘူး။
ဒါဟာ ရွေးကောက်ပွဲကို ၀င်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကိုသာ မကဘဲ ဆန္ဒမဲထည့်ခဲ့ကြတဲ့ ပြည်သူ ၁၅ သန်းကျော်ကိုပါ လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ လိမ်လည်မှုဟာ သမိုင်းမှာ တစ်ကြိမ်မျှ မရှိခဲ့ပါဘူး။
“ကျွန်တော်တို့ အပေါ်တင် မကဘူး ပြည်သူလူထု တစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ကိစ္စပဲ” လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
ဦးဒေးဗစ်လှမြင့်ဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုး ား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖြစ် ဧရာ၀တီတိုင်း ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့သူပါ။ သူ့လိုပဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က ၀င်ပြိုင်ပြီး အနိုင်ရခဲ့သူ ဦးခွန်ထွန်းဦးက “အညာခံခဲ့ရတယ်” လို့ ဆိုပါတယ်။
“ရှင်းရှင်းပြောလို့ရှိရင် ကျွန်တော်တို့အညာခံရတယ်။ ဖြစ်လာတဲ့ရလဒ်က သူတို့မနိုင်တဲ့အခါ ကတိမတည်ခဲ့တာလေ” လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဦးခွန်ထွန်းဦးဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြီးရင် SNLD က ၂၃ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရတဲ့ပါတီ ဖြစ်ပါတယ်။
"ရလဒ်နဲ့ ပတ်သက်ရင်တော့ အဲဒီအချိန်က တပ်မတော်၊ စစ်အစိုးက အာဏာကို လွှဲမပေးချင်တဲ့အခါ ထုံးစံအတိုင်း ရွေးကောက်ပွဲ ရလာဒ်ကို ပျက်ပြယ်သွားအောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာပဲ” လို့ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးခွန်မြင့်ထွန်းဟာ NLD ပါတီ ကိုယ်စားပြုအနေနဲ့ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က ၀င်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အသက်အငယ်ဆုံး ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ၀င်ပြိုင်ချိန်မှာ သူ့အသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။ ၁၉၉၆ ခုနှစ်မှာ ထောင်ကျခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ပြန်လွတ်ပါတယ်။ အခုချိန်မှာတော့ သူဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO ရဲ့ ဥက္ကဋ္ဌ ဖြစ်နေပါပြီ။
“သူတို့က စကားကို ဖောက်လွှဲဖောက်ပြန်ပြောတယ်။ လုပ်မယ်ပြောပြီး မလုပ်ဘဲ ကတိဖောက်ခဲ့တယ်။ အဲဒီဥစ္စာတွေက မြန်မာ့သမိုင်းမှာ ရှက်စရာကောင်းတဲ့ ကိစ္စပါ..” လို့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပုဇွန်တောင်မြို့နယ်ကနေ NLD ကိုယ်စားပြု ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦးစောနိုင်းနိုင်းက ပြောပါတယ်။
■ နောက်ကြောင်းပြန် ရွေးကောက်ပွဲသမိုင်း
မြန်မာ့သမိုင်းမှာ ပထမဆုံး ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်မှာ လုပ်ပါတယ်။ ဒိုင်အာခီရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲနှစ်ရပ်နဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို နှိုင်းယှဉ်လို့ မရပါဘူး
လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ လုပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၅၁ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက ပြည်သူ့လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေ ဖြစ်ကြပါတယ်။ ဒီရွေးကောက်ပွဲတွေက အစိုးရအဖွဲ့မှာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အာဏာရယူဖို့ လုပ်ခဲ့ကြတာပါ။
၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်အထိ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၇၄ ခုနှစ် ဇန်နဝါရီမှာ ရွေးကောက်ပွဲတွေ ပြန်စခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကောင်စီ အဆင့်ဆင့် အတွက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်လုပ်ပါတယ်။
ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက လုပ်ခဲ့တာဖြစ်သလို ရိုးဖြောင့်မှု မရှိခဲ့ပါဘူး။
စစ်၀တ်စုံချွတ်၊ အရပ်၀တ်ပြောင်းပြီး သူတို့ကိုယ်တိုင် နိုင်ငံရေးမှာ ပါ၀င်ပတ်သက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ သူတို့ပဲအရွေးခံခဲ့ရသလို မနိုင်နိုင်အောင်လည်း လုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ လုပ်ရပ်တွေက ၂၀၁၀ ပြည့်လွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းပုံစံတွေနဲ့ များစွာကွဲပြားမှု မရှိဘူးလို့ သုံးသပ်သူတွေ ရှိပါတယ်။
စစ်အာဏာသိမ်း တော်လှန်ရေး ကောင်စီအစိုးရကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်ကို ဦးနေ၀င်းက ဦးဆောင်ထူထောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအဖို့ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ဘ၀ကနေ အဆင်းရဲဆုံး ဖြစ်သွားတာကလွဲလို့ ပြည်သူတွေအတွက် ဘာမှအကျိုးမထူးခဲ့ပါဘူး။
မြန်မာနိုင်ငံဟာ စီးပွားရေးအရ ချွတ်ခြုံကျခဲ့တဲ့ Economic Bankrupt နိုင်ငံဖြစ်သွားပါတယ်။
ဒါပေမဲ့ အာဏာရှင် ဦးနေ၀င်းခေတ်က ၁၉၈၈ ခုနှစ်မှာ နိဂုံးချုပ်သွားပါတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံကြောင့် ဦးနေ၀င်းအစိုးရ ပြုတ်ကျခဲ့တာပါ။
ဦးနေ၀င်းအစိုးရ ပြုတ်ကျခဲ့ပေမဲ့ ဒီမိုကရေစီအရေးတော်ပုံ မအောင်မြင်ခဲ့ပါဘူး။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ စစ်အာဏာသိမ်းယူမှု နောက်တစ်ကြိမ် ထပ်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဲဒီအချိန်က ဗိုလ်မှူးချုပ်ခင်ညွန့်တို့ဟာ စစ်အာဏာသိမ်းမှုရဲ့ အဓိက ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
ဒီလို စစ်အာဏာ သိမ်းယူပြီး နောက်တစ်ရက်ကစလို့ အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းမယ့် ရွေးကောက်ပွဲ ကတိတွေကို ပုံစံမျိုးစုံနဲ့ ပေးခဲ့ကြပါတယ်။
၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက် ရွေးကောက်ပွဲ လုပ်ချိန်မှာ NLD နဲ့ တိုင်းရင်းသားပါတီတွေ အပြတ်အသတ် နိုင်သွားပါတယ်။
ဒီအခါ ၂၅ နှစ်ကြာ သမိုင်းမှာ အကြီးဆုံး လိမ်လည်မှုကြီး ဖြစ်လာမယ့် ရွေးကောက်ပွဲ ကတိဖျက်မှု ပေါ်လာပါတော့တယ်။
■ ၉၀ ရွေးကောက်ပွဲ ကတိဘာလဲ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိက ရှင်းပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူကို အာဏာလွှဲပေးရေး ဖြစ်ပါတယ်။ အနိုင်ရသူကို အာဏာလွှဲပေးမယ်ဆိုတဲ့ စကားကို အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်တစ်ရက် စက်တင်ဘာ ၁၉ ရက်မှာ ရွေးကောက်ပွဲကော်မရှင်ကို ခေါ်ယူပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်မောင်မောင်ခင်၊ ဗိုလ်ချုပ်တင်ထွန်း၊ ဗိုလ်ချုပ်စိန်အောင်၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်၊ ဗိုလ်မှူးတင်ဦးတို့ တက်ခဲ့ပါတယ်။ ကော်မရှင်ဘက်က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေး အပါအ၀င် ဦးစောကြာဒိုး၊ ဦးစန်းမောင်၊ ဦးကျော်ညွန့်နဲ့ ကော်မရှင်အတွင်းရေးမှူး ဦးအေးမောင်တို့ တက်ပါတယ်။
တပ်မတော်ဟာ ကြားနေမှာဖြစ်ပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာနဲ့ အမြန်ဆုံးပြုလုပ်ပေးဖို့ ဗိုလ်ချုပ်ကြီး စောမောင်က မေတ္တာရပ်ခံပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာရွေးကောက်ပွဲ ကော်မရှင် ဥပဒေထွက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အချိန်ဇယားကို ထုတ်ပြန်ပါတယ်။
၁၉၈၉ ခုနှစ် မေ ၃၁ ရက်မှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေထွက်ပါတယ်။
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကနေ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ခွင့်ပြုခဲ့ပါတယ်။ မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၂၃၆ ဖွဲ့ရှိပါတယ်။
ဗိုလ်ချုပ်ကြီး စောင်မောင်ရဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် တိုင်းပြည်သို့ တင်ပြချက်ကို ပြန်ကြည့်ရင် တပ်မတော်က အာဏာကို ရေရှည်ဆုပ်ကိုင်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးမယ် ဆိုတာကို ပြောခဲ့တာ တွေ့ရပါတယ်။
၁၉၈၉ ခုနှစ် မတ် ၂၇ ရက်မှာ လုပ်တဲ့ ၄၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာလည်း ဗိုလ်ချုပ်ကြီးစောမောင်က ဒါကိုအတိအလင်း ထပ်ပြောပါတယ်။
“တို့တပ်မတော်ရဲ့ ဒုတိယမြောက် အရေးကြီးဆုံး တာ၀န်က နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးနှင့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးတာ၀န် ဖြစ်တယ်”
“... ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာမှာ ဖြစ်တယ်”
“အဲဒီအစိုးရအနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော် ားတွေ အဖို့တော့ စစ်တန်းလျားကို ပြန်သွားပြီး တို့ရဲ့မူလအဓိက တာ၀န်ကြီးဖြစ်တဲ့ အခုပြောကြားရာမှာ ပါ၀င်တဲ့ တာ၀န်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်”
ဒီစကားရပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ကိုယ်တိုင် လူသိရှင်ကြား ပြောခဲ့တာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်မှာလည်း ဗိုလ်ချုပ်ကြီး စောမောင်ပြောခဲ့တာ ရှိပါတယ်။
“... ကျွန်တော် ဒီနေ့ နိုင်ငံတော် အာဏာကို ယူထားတဲ့အခါ မှာ ကျွန်တော်လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ မဖြစ်စေရဘူး။ ကျွန်တော် စည်းနဲ့ စနစ်နဲ့ လုပ်သွားတယ် ဆိုတာကို ကျွန်တော် လွှတ်တော်ကို၊ လွှတ်တော်ပေါ်လာရင် ရွေးကောက်ပွဲပြီးရင် ကျွန်တော် လွှတ်တော်ကို တင်ပြမယ်...” လို့ သူက ပြောခဲ့တာပါ။
၁၉၉၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှာ နိုင်ငံတော် အာဏာလွှဲရေးနဲ့ ပတ်သက်တာတွေကို ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့ပါသေးတယ်။
“နိုင်ငံတော်အာဏာနဲ့ ပတ်သက်လို့လည်း တို့ အကြိမ်ကြိမ် ပြောပြီးပြီပဲဖြစ်တယ်။ ရွေးကောက်ပွဲပြီးတာနဲ့ ဥပဒေနဲ့အညီ အစိုးရ ဖွဲ့ကြ၊ ယူကြပေါ့။ အဲဒီ အစိုးရဖြစ်လာအောင် ရွေးကောက်ပွဲက လုပ်ပေးရမှာပဲ။ ဒါက တို့တာ၀န်ပဲ။ ရွေးကောက်ပွဲပြီးရင် တရားဥပဒေအရ အစိုးရအဖွဲ့တစ်ခု ဖြစ်လာဖို့ကတော့ တို့တပ်မတော် တာ၀န်မဟုတ်ဘူး။ ဒါအတိအလင်း ပွင့်ပွင့်လင်းလင်း အခုကတည်းက ပြောထားတာပဲ ဖြစ်တယ်...”
“.... အခုတစ်မျိုး၊ အခုတစ်မျိုးဆိုရင် ကတိမတည်၊ ကတိမတည်လို့ရှိရင် သံသယစိတ်တွေ ဖြစ်လာတယ် ဆိုတာမျိုးတော့ တပ်မတော်အနေနဲ့ အဖြစ်မခံနိုင်ဘူး။ အစိုးရဆိုတာကလည်း တိုင်းသူ ပြည်သားအများစုရဲ့ ရွေးချယ်တင်မြှောက်လို့ ပြည်သူတွေကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်း၊ တပ်မတော်ဟာ အစိုးရ အောက်မှာပဲ ရှိရမယ်...”
ဒီစကားတွေကိုလည်း ဗိုလ်ချုပ်ကြီးစောမောင် ပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးစောမောင် နည်းတူ နောက်ပိုင်းမှာ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (နယက) ခေါင်းဆောင်တွေဖြစ်လာတဲ့ (အဲဒီအချိန်တုန်းက) ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့လည်း ရွေးကောက်ပွဲဆိုင်ရာ ကတိတွေ ပြောခဲ့ကြပါတယ်။
■ ရွေးကောက်ပွဲ ကတိဘယ်လို ဖျက်လဲ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးချိန်မှာ ၁၉၈၉ ခုနှစ် မေ ၃၁ ရက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအတိုင်း လွှတ်တော်မခေါ်ခဲ့ပါဘူး။
အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့ပြီး ရွေးကောက်ပွဲဟာ အာဏာလွှဲဖို့ မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့သာ ဖြစ်တယ်ဆိုပြီး ပြောင်ပြောင်တင်းတင်း ကတိဖျက်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး စောမောင်ဟာ ရွေးကောက်ပွဲ မတိုင်ခင်အချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စကို နှစ်ကြိမ်လောက်ပဲ ပြောခဲ့ပါတယ်။
ဖွဲ့စည်းပုံကိစ္စ ပြောလာတာတွေကိုလည်း လက်မခံဘဲ ရွေးကောက်ပွဲသာ အဓိကလို့ သူက ပြောခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ဖွဲ့စည်းပုံ ရေးဆွဲရေးက အဓိက၊ အာဏာလွှဲရေးက အဓိက မဟုတ်ဘူးဆိုတဲ့ သဘောတွေ ပြောခဲ့ပါတယ်။
၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်စဉ်မှာ အဲဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲရဲ့ အခြေခံဟာ ရွေးကောက်တင်မြှောက် ခံရသူကို အာဏာလွှဲပေးရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအပြီးမှာ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်လိုက်ပါတယ်။
“ဒီရွေးကောက်ပွဲဟာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ။ အဓိက က ပြည်သူ့လွှတ်တော် ရွေးကောက် ပွဲပေါ့။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုတာ အာဏာသုံးရပ်ပေါ့။ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ဒီအာဏာသုံးရပ်ရှိတဲ့ ရွေးကောက်ပွဲပါ” လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
ရွေးကောက်ပွဲ မတိုင်မီအချိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အရေးမကြီးဘူး၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်ဖြစ်၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေပဲ ဖြစ်ဖြစ်၊ ကြိုက်တာကို ယူသုံးလို့ရတယ်၊ အသစ်ရေးချင်လည်းရေး၊ ပြင်ချင်လည်း ပြင်လို့ရတယ်လို့ ဗိုလ်ချုပ်ကြီး စောမောင် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ဘယ်လို အာဏာလွှဲရမှာလဲလို့ သူက ပြောင်းပြောပါတယ်။
“၁၉၉၀ ပြည့်နှစ် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲမှာ ဗိုလ်ချုပ်ကြီး စောမောင်ကို ကျွန်တော်တွေ့တယ်။ သူက ကျွန်တော့်ကို သူပြောနေကျ စကားအတိုင်းပဲ သူပြောတာက ဦးခွန်ထွန်းဦးတဲ့။ သမိုင်းမှာ ကျွန်တော် တရားခံ မဖြစ်ချင်ဘူးတဲ့။ အဲဒီတော့ ဒါခင်ဗျားတို့ ဆက်လုပ်ရမယ့် ကိစ္စ၊ ၄၇ ယူယူ၊ ၇၄ ယူယူ၊ အသစ်ပဲ ရေးရေး ဆိုပြီးတော့ ပြောသွားတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ၁/၉၀ ကျမှ ကျွန်တော်တို့ အမြောက်နဲ့ပစ်ခံရပြီးတော့ ဒီရွေးကောက်ပွဲသည် အာဏာအပ်နှင်းရန် မဟုတ်၊ constitution ရေးရန်သာဖြစ်သည်။ ဆိုတော့ ဖြစ်ပြန်ရော၊ အဲလို ဖြစ်ရောဗျာ...” လို့ ၂၀၁၂ ခုနှစ်ထောင်က ပြန်လွတ်ချိန် Weekly Eleven သတင်း ဂျာနယ်နဲ့ အင်တာဗျူးမှာ ဦးခွန်ထွန်းဦး ပြောခဲ့ဖူးပါတယ်။
“န၀တဥက္ကဋ္ဌ နောက်ဆုံးပြောတဲ့ မိန့်ခွန်း၊ သူက ပြောသေးတယ်။ အခုရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘာလုပ်ဖို့လဲတဲ့။ ဥပဒေရေးဆွဲဖို့ပေါ့တဲ့။ ရေးပါတဲ့။ လွှဲမယ်၊ လွှဲမယ်နဲ့ နောက်ဆုံး သူရူးတယ်လို့ အနားပေးမခံရခင် တော်လှန်ရေးနေ့ မိန့်ခွန်းမှာ အဲလိုပြောတယ်။ (ရွေးကောက်ပွဲကို) လူသိရှင်ကြား ကမ္ဘာသိကျင်းပပေးခဲ့တဲ့ တာ၀န်ရှိတဲ့သူတွေက သူတို့စကားတွေကို ပေါက်ကရ၊ ဟိုပြော ဒီပြော ပြောပြီး ရွေးကောက်ပွဲ လုပ်ပေးတယ်။ လွှတ်တော်မခေါ်ပေးဘူး။ အဲဒီမှာ လွှတ်တော်ပေါ်ဖို့ ကိုယ့်ဘာသာကြိုးစားတဲ့ လွှတ်တော်အမတ်တွေ အများကြီး ဖမ်းလိုက်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ NLD ဗဟိုကော်မတီ၀င်တွေရော အများကြီး ထောင်ကျခဲ့တယ်” လို့ ဦးစောနိုင်းနိုင်းက ပြောပါတယ်။
“အဲဒီတုန်းက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေ (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ) ရဲ့ ပုဒ်မ ၃ အရ လွှတ်တော်ခေါ်ပေးရမယ့် တာ၀န်အာဏာပိုင်တွေမှာ ရှိတာပေါ့။ ဒါဥပဒေအရ ရှိတာနော်။ နောက်တစ်ခုက သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောတဲ့မိန့်ခွန်းတွေအရ လွှတ်တော် ခေါ်ပေးရမှာ။ ဒါပေမဲ့ အဲဒီကတိက၀တ်တွေနဲ့ အဲဒီဥပဒေတွကို ချိုးဖောက်ခဲ့တယ်။ မခေါ်ပေးခဲ့ဘူး။ နောက်တစ်ခု ၁/၉၀ ကြေညာချက်ထုတ်တယ်။ ၁/၉၀ ကြေညာချက်ထုတ်ပြီးတော့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရမယ့် တာ၀န်ရှိတယ် ဆိုပြီးတော့ တစ်ခါလုပ် ပြန်ရော။ အဲဒါနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေက အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့ အမြင့်ဆုံး ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးခြင်း မခံရဘဲနဲ့ ဖွဲ့စည်းပုံ ရေးဆွဲရမယ်ဆိုတဲ့ တာ၀န်ဘက် ရောက်သွားတယ်” လို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဓနုဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦး၀င်းမြင့်က ပြောပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲမှာ ဦး၀င်းမြင့်က NLD ပါတီ ကိုယ်စားပြုအဖြစ် ၀င်ပြိုင်ခဲ့သလို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း NLD ပါတီ ကိုယ်စားလှယ်အနေနဲ့ ပုသိမ်မြို့နယ်မဲဆန္ဒနယ်က ၀င်ပြိုင်ပြီး အနိုင်ရထားတဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
“ဒီစစ်အစိုးရအနေနဲ့က ရလဒ်ကို ချေဖျက်လိုက်တာဟာ ဒီမိုကရေစီ လိုချင်တဲ့လူထုကို စော်ကားလိုက်တာပဲ။ သမိုင်းမှာ အနိဋ္ဌာရုံတစ်ခုလို့ မြင်ပါတယ်။ ကျွန်မတို့ အတွက်လည်း အကျိုးမရှိသလို၊ ကျွန်မတို့လည်း ပြည်သူတာ၀န်တွေကို အခုထိ မထမ်းဆောင်နိုင်ဘူး။ မဲဆန္ဒရှင်တွေကို ကျွန်မတို့ ကျေကျေနပ်နပ်သူတို့ ရချင်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်မပေးရသေးပါဘူး။ အမှန်တော့ သမိုင်းမှာ မဖြစ်သင့်တဲ့ အနိဋ္ဌာရုံဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာလည်း ဒီကိစ္စက မဖြစ်ခဲ့ဘူး” လို့ ၁၉၉၀ ပြည့်နှစ်မှာ ဆိပ်ကမ်းမြို့နယ်မဲ ဆန္ဒနယ်က ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဒေါ်စန်းစန်းက ပြောပါတယ်။
ဒေါ်စန်းစန်းဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လိုက်လံဖမ်းဆီးတာကို တိမ်းရှောင်ရင်း ပြည်ပကို ရောက်ရှိသွားသူ ဖြစ်ပါတယ်။ ပြည်ပကို ရောက်ရှိချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ ဥက္ကဋ္ဌတာ၀န်ယူခဲ့သလို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) မှာလည်း ပါ၀င်ခဲ့ပါတယ်။
န၀တ စစ်ခေါင်းဆောင်တွေဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတိကို ဖျက်ခဲ့တာတင် မကပါ ဘူး။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက် ၁/၉၀ ပါ အချက်ကိုလည်း ထပ်မံဖောက်ဖျက်ခဲ့ပါတယ်။
■ ၁/၉၀ ပါ အချက်ကို ထပ်မံဖောက်ဖျက်
ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ထိုးပြီး ထုတ်ပြန်တဲ့ ၁/၉၀ ကြေညာချက်ဟာ ရွေးကောက်ပွဲအပြီး အာဏာလွှဲမပေးဘူး ဆိုတာကို အတိအလင်း ပြောခဲ့တာပါ။ ဒါ့အပြင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာ အာဏာသုံးရပ်လုံးကို စစ်ခေါင်းဆောင်တွေက ဆက်ကိုင်ထားမယ်လို့ ပြောခဲ့ပါတယ်။
“အာဏာလွှဲမပေးချင်တဲ့ အခါမှာ တစ်ခါထပ်ပြီးတော့ ရွေးကောက်ပွဲ အခြေအနေဟာ ပြည်သူ့လွှတ်တော်လို့ မခေါ်တော့ဘဲနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အဆင့်လောက်ကို သူတို့က ချပြတယ်။ ချပြပြီးတော့သူတို့က နိုင်ငံရေး ပါတီတွေ ခေါ်ပြီးတော့ ၁/၉၀ ကို လက်ခံပါတယ် ဆိုပြီးတော့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတယ်။ အဲဒီလိုထိုးခိုင်းတဲ့ အခါကျတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အာဏာလွှဲပြောင်းတဲ့ အဆင့်မဟုတ်ဘဲနဲ့ ဥပဒေရေးဆွဲတဲ့ အဆင့်ရောက်သွားပြီးတော့ ဘာလုပ်လိုက်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ နောက်ရွေးကောက်အသစ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင် သူတို့က ဖန်တီးကြတယ်။ ဒီအမိန့်ကို ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် ထုတ်ခဲ့တာ။ အဲဒါပြီးတဲ့နောက်ပိုင်းမှာ ဘာထပ်လုပ်လိုက်လဲ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းတယ်ဆီးတယ်။ လွှတ်တော်ခေါ်ယူရေး တောင်းဆိုတဲ့ ကိစ္စရပ်တွေပေါ်မှာ အစိုးရက နည်းနည်းလေးမှ သည်းမခံဘဲနဲ့ လွှတ်တော်ပေါ်ပေါက်ရေးကို ကြိုးပမ်းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးကို နှစ်ရှည် ထောင်ဒဏ်တွေပေါ့နော်။ နှစ်ကြီးထောင်ဒဏ်တွေပေါ့” လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
န၀တအစိုးရရဲ့ ၁/၉၀ ကြေညာချက်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂန္ဒီခန်းမဆွေးနွေးမှုတွေကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၈၊ ၂၉ ရက်စွဲနဲ့ ထွက်ရှိခဲ့တဲ့ ဂန္ဒီခန်းမ ကြေညာစာတမ်းက အာဏာလွှဲမပေးတဲ့ န၀တအစိုးရကို အထိနာစေခဲ့ပါတယ်။ အချက် ၁၃ ချက်ပါ၀င်တဲ့ ဂန္ဒီကြေညာစာတမ်းရဲ့ အဓိက တောင်းဆိုမှုက ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အချိန်သတ်မှတ်ချက်ပေးပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာမှာ ပြည်သူ့လွှတ်တော်ခေါ်ယူဖို့ တောင်းဆိုခဲ့တာပါ။
ဒါ့အပြင် ဥပဒေနဲ့အညီဖြစ်တဲ့ အာဏာလွှဲပြောင်း နိုင်ဖို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို NLD က ရေးဆွဲထားပြီး ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒီလိုရေးဆွဲထားတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နဲ့ အာဏာလွှဲပြောင်းရေး လုပ်နိုင်မှာဖြစ်ပြီး အားလုံးလက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့လွှတ်တော်မှာ ဆက်ပြီးဆွေးနွေးဖို့ ခြေလှမ်းပြင်ခဲ့ပါတယ်။
ဒါကို န၀တက လက်မခံပါဘူး။ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့သာ ဖြစ်တယ်၊ အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့စည်းခြင်းကို ဘယ်နည်းနဲ့မှ လက်မခံဘူးလို့ ၁/၉၀ ကြေညာချက်မှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ၁/၉၀ ကြေညာချက်မှာပဲ အချက်တစ်ချက် ပါ၀င်ခဲ့ပါတယ်။
“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ တွင် ‘လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်’ ဟူ၍ ပြဋ္ဌာန်းပါရှိသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီအချက်ကလည်း အခုချိန်ထိ လုံး၀ ဖြစ်မလာခဲ့ပါဘူး။
၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဆိုပြီး န၀တ အစိုးရက အမျိုးသား ညီလာခံခေါ်ယူပါတယ်။ ကိုယ်စားလှယ် ၇၀၀ ကျော် တက်ရောက်ပါတယ်။ ဒီအထဲမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူက ရွေးကောက်တင် မြှောက်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀၀ ကျော်ပဲ ပါ၀င်ခဲ့ပါတယ်။ (ဒါဟာ ၁၉၉၀ ပြည့်နှစ်မှာ ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၄၈၅ ဦးထဲက ၁၀၀ ကျော်ပဲ ပါ၀င်နိုင်ခဲ့တာ ဖြစ်ပါတယ်) န၀တအစိုးရ စိတ်ကြိုက်ရွေးချယ်ထားသူတွေက ၆၀၀ ကျော်ရှိပါတယ်။ ဒီကြားထဲမှာ အမျိုးသားညီလာခံကို စွန့်ခွာသွားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။
“တကယ်တက်ကြွတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်ထဲထည့်ပြီး ၁၉၉၃ ခုနှစ်မှာ အမျိုးသား ညီလာခံကို ကျင်းပတယ်။ အမျိုးသား ညီလာခံဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ဆိုပြီးတော့ အခြေခံမူတွေ ချမှတ်ပြီး လုပ်တယ်။ အမျိုးသား ညီလာခံကျတော့ ဘယ်လိုလုပ်ပြန်လဲဆိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အစုတစ်စု အနေနဲ့ ဖွဲ့ထားပြီးတော့ သူတို့လိုလားတဲ့ သူတွေအများစု ပါ၀င်တဲ့ အဖွဲ့တွေ ဖွဲ့လိုက်တယ်။ အစုအဖွဲ့ ရှစ်စုဖွဲ့ပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေက တစ်စုပဲရှိတယ်။ ကျန်တဲ့ ခုနစ်စုက သူတို့ရွေးထားတဲ့ သူတွေကြီးပဲ။ အဲဒီတော့ အမျိုးသား ညီလာခံမှာ ဘယ်လိုပဲ တင်ပြ တင်ပြ၊ ဘယ်လိုပဲ မဲခွဲမဲခွဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ရဲ့သဘောထား အမှန်ကို ဆောင်ရွက်လို့ရတာ မဟုတ်ဘူး။ သူတို့လိုချင်တာဖြစ်အောင် လုပ်သွားတယ်” လို့ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။
“ညီလာခံကြီးက ဆွဲလာသလောက်လည်း မဖြစ်ပါဘူး။ အချိန်တွေသာ ကုန်သွားတယ်။ ကျွန်တော်တို့နဲ့ NLD က ၁၉၉၅၊ ၁၉၉၆ လောက်မှာ ထွက်လာလိုက်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ကတော့ တိုင်းရင်းသားအတွက် ဘာမှမပါတဲ့အတွက် ဆိုပြီးတော့ ထွက်ခဲ့ပါတယ်။ NLD လည်း ဒီမိုကရေစီ စံချိန်စံညွှန်း မပြည့်မီဘူးဆိုပြီး ထွက်လာခဲ့တယ်။ ထွက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ စာနဲ့တော့ သမိုင်းမှာ အပြောမခံတော့ဘူး။ ကျွန်တော်တို့အတွက် အရေးကြီးတယ် ဆိုပြီးတော့ ညီလာခံက ထွက်ခဲ့တာပဲ” လို့ ဦးခွန်းထွန်းဦးက ပြောခဲ့ဖူးပါတယ်။
၁၉၉၆ ခုနှစ်မှာ အမျိုးသားညီလာခံ ရပ်ဆိုင်းသွားပါတယ်။
၁၉၉၇ ခုနှစ်မှာ န၀တအစိုးရကို နယက အစိုးရအဖြစ် ပြောင်းခဲ့ပါတယ်။ အစိုးရအဖွဲ့ နာမည်သာ ပြောင်းပြီး လူမပြောင်းခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်နဲ့ ပေးထားတဲ့ ကတိတွေကိုတော့ န၀တနာမည်နဲ့အတူ ပြည်ဖုံး ကားချလိုက်ပါတယ်။
၂၀၀၃ ခုနှစ်မှာ နိုင်ငံရေးလမ်းပြမြေပုံ ခုနစ်ချက်ကို ဗိုလ်ချုပ်ခင်ညွန့်က ရေးဆွဲခဲ့ပါတယ်။ လမ်းပြ မြေပုံ ခုနစ်ချက်နဲ့အတူ အမျိုးသား ညီလာခံကိုလည်း ပြန်စပါတယ်။
၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့် ထိန်းသိမ်းခံရပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ အမျိုးသား ညီလာခံကို အပြီးသတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မေ ၂၉ ရက်မှာ ဆန္ဒခံယူပွဲ လုပ်ပါတယ်။ ဆန္ဒမဲပေးခဲ့သူ ၉၈ ဒသမ ၅၈ ရာခိုင်နှုန်းထဲက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
“အခြေခံဥပဒေရေးဆွဲတဲ့ အမျိုးသားညီလာခံဆိုတာက တစ်ကမ္ဘာလုံးမှာ အကြာရှည်ဆုံးပဲဗျာ။ နောက်ဆုံးကျတော့လည်း နာဂစ်မုန်တိုင်းနဲ့ ကမန်းကတန်း တက်သုတ်ရိုက်ပြီး ဥပဒေတစ်ခု ထွက်လာတာပေါ့ဗျာ။ အဲဒါက လက်ရှိ ၂၀၀၈ ဥပဒေပဲ။ ဒါက ဒီမိုကရေစီ မဟုတ်ဘူးဗျာ” လို့ ဦးစောနိုင်းနိုင်းက ဆိုပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ ထပ်လုပ်ခဲ့ပါတယ်။
လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကတစ်ဆင့် အာဏာရယူခဲ့သူတွေ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို ပြန်ကြည့်ရင် န၀တအစိုးရဟာ ပထမအချက်အနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတိ မတည်ခဲ့ဘူး၊ အာဏာလွှဲမပေးခဲ့ပါဘူး။ ဒုတိယ အချက်က ၁/၉၀ ကြေညာချက်ပါ “လွှတ်တော်ခေါ်ယူ ဖွဲ့စည်းခြင်းကို ဆောင်ရွက်ပေးမယ်” ဆိုတဲ့ အချက် ကို ထပ်ပြီးဖောက်ဖျက်ပါတယ်။
အဆိုးဆုံးကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ NLD အပါအ၀င် နိုင်ငံရေးသမားတွေကို ဖမ်းဆီးနှိပ်ကွပ်ပြီး အမျိုးသားညီလာခံကို ပြုလုပ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး နောက်ထပ် ရွေးကောက်ပွဲတစ်ခု ပြုလုပ်ခြင်းအားဖြင့် ၉၀ ရလဒ်ကို ပယ်ဖျက်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်က နောက်ဆုံးသိရတဲ့ အချက်အလက်တချို့အရ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး၂၀၀၅ ခုနှစ်အထိ ပြန်မလွတ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့သူ ၄၄ ဦး ထက် မနည်းရှိခဲ့ပါတယ်။ ဒီကြားထဲမှာ ကွယ်လွန်သွားသူ ၁၀၀ ကျော် ရှိပါတယ်။
သေချာတဲ့ အချက်က ၁၉၉၀ ပြည့်နှစ်မှာ NLD ပါတီ၀င်တွေ အပါအ၀င် ရွေးကောက်ခံရသူ အများစုကဟာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မမျိုးစုံနဲ့ နှစ်တို၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပါတယ်။ နောက်ပြီး သူတို့အားလုံး နိုင်ငံရေးအရ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ခံခဲ့ကြရပါတယ်။
■ နင်းခြေခံခဲ့ရသော ပြည်သူ့ဆန္ဒ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိဖျက်ခဲ့တာက ရွေးကောက်ခံ ကိုယ်စားလှယ်တွေအပေါ်သာ သက်ရောက်မှုမရှိဘဲ ပြည်သူတစ်ရပ်လုံး အပေါ်မှာပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ပြည်သူတွေရဲ့ မဲတွေအခိုးခံခဲ့ရတယ်။ ပြည်သူ့ဆန္ဒတွေ နင်းခြေခံခဲ့ရတာ ဖြစ်ပါတယ်။
“၁၉၈၈ က စပြောရရင်တော့ တကယ်လူထုတွေက အပြောင်းအလဲ တစ်ခုအတွက် တကယ်ပြင်းပြပြီး ပေါက်ကွဲမှုတစ်ခုပေါ့။ အဲဒီ ကနေ ၉၀ ပြည့်နှစ် ရလဒ်ရတာကို။ လွယ်လွယ်ကူကူတော့ မဟုတ်ဘူး။ လူထုတွေက ပြင်းပြတယ်။ အပြောင်းအလဲ လိုချင်တယ်။ လူထုတွေရဲ့ တကယ်စစ်မှန်တဲ့ လွတ်လွတ်လပ်လပ်ပေးတဲ့ မဲကိုရခဲ့တာပါ။ ဒီလိုလူထုဆန္ဒအမှန် အစစ်ဖြစ်ရဲ့သားနဲ့ လက်ရှိ အစိုးရကဒါကို လက်မခံကြဘူး” လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ NLD ကိုယ်စားပြုအဖြစ် ၀င်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း NLD လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရထားသူ ဖြစ်ပါတယ်။
“ပြည်သူပြည်သားတွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်၊ ဒီမိုကရေစီ လိုလားတယ်ဆိုတဲ့ သက်သေတွေကို မသိကျိုးကျွံ လုပ်ရုံတင်မက ဖျက်လိုဖျက်ဆီး အချိန်ကြာရင် မေ့သွားမယ်၊ ပျက်သွားမယ် လုပ်ပြီးတော့ အခုထိ ဒီမိုကရေစီစနစ်ကို မရောက်တော့ဘူးဗျာ” လို့ ဦးစောနိုင်းနိုင်းကလည်း ပြောပါတယ်။
“၉၀ ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပေးခဲ့ရင် အခုလို ဘယ်ဖြစ်ပါ့မလဲ။ အခုချိန်ဆိုရင် ရွေးကောက်ပွဲ လေးကြိမ်၊ ငါးကြိမ်ဖြစ်လာပြီးတော့ ပြည်သူတွေရော၊ နိုင်ငံရေးသမားတွေရော ဒီမိုကရက်တစ် အတွေ့အကြုံတွေရမယ်။ ပြီးတော့ဖွဲ့စည်းပုံကလည်း ၂၀၀၈ ဖွဲ့စည်းပုံထက်အများကြီး တိုင်းရင်းသားတွေပါ လက်ခံနိုင်တဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံတို့ ဒီမိုကရေစီ အခြေခံရေးဆွဲတဲ့ ဖွဲ့စည်းပုံတို့ ဖြစ်ပြီးတော့ တိုင်းပြည်က အခုထက်များစွာ တိုးတက်တဲ့ အနေအထား ရောက်နိုင်လိမ့်မယ်လို့ ပြောချင်တယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (CRPP) မှာ အတွင်းရေးမှူး ဖြစ်ခဲ့ဖူးတဲ့ ဦးအေးသာအောင်က ပြောကြားပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခံရပြီးတဲ့ နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ပြည်သူတွေရဲ့ ဆန္ဒဟာ အကြိမ်ကြိမ် လျစ်လျူရှု ခံခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် နင်းချေခံခဲ့ရတာကတော့ အဆိုးဆုံးပါပဲ။ ဒီအတွက်လည်း တာ၀န်ရှိသူများဘက်က ၀န်ခံပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ ဦးနေ၀င်းခေတ်မှာ တိုင်းပြည်ဟာ စီးပွားရေးအရ ချွတ်ခြုံကျသွားတယ်။ ဦးနေ၀င်း အမွေဆက်ခံ ခဲ့ကြသူတွေက ၁၉၉၀ ပြည့် နှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး ကိုယ်ထင်ရာ လုပ်ခဲ့ကြတဲ့အတွက် စီးပွားရေး ချွတ်ခြုံကျရာကနေ နာလန်မထူ ကျဆုံးတဲ့ နိုင်ငံဖြစ်သွားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံမှာ နောက်ဆုံး ရောက်တဲ့နိုင်ငံ ဖြစ်နေဆဲပါပဲ။
အခု ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ဖို့ အချိန်ငါးလခန့်ပဲ လိုပါတော့တယ်။ ဒီအတွက် ကတိက၀တ်တွေကို ထင်ထင်ရှားရှား မမြင်ရသေးပါဘူး။
ဒီအချိန်မှာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတုန်းကလို ကတိဖျက်ခဲ့မယ် ဆိုရင်တော့ ...... ။
ကိုးကား။ ။ (၁) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း (မြန်မာ့အလင်း အောင်သန်း) ၁၉၉၂ ခုနှစ်၊ (၂) ၁၉၉၀ ပြည့်နှစ် မေ ၂၇ နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း (ခင်ကျော်ဟန်) ၂၀၀၅ ခုနှစ်၊ (၃) ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ သမိုင်း၀င်မှတ်တမ်း မှတ်ရာများ (ခင်ကျော်ဟန်) ၂၀၀၃ ခုနှစ်၊ (၄) မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ် (၁၉၉၁ ခုနှစ်)၊ (၅) ၁၉၈၉ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်ထုတ် လုပ်သား နေ့စဉ်သတင်းစာများ။
No comments:
Post a Comment