ဒီလှိုင်းစာစောင်၊ အတွဲ(၈)၊ အမှတ်(၁၉)၊ ၂၇-၅-၂၀၁၉
အယ်ဒီတာ့အာဘော်
********************
အမုန်းစကား၊ အမုန်းတရားနှင့် တရားဥပဒေစိုးမိုးရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့အစိုးရနိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ သုံးနှစ်သုံးမိုးကျော် ခဲ့ပြီဖြစ်ပါသည်။ ဤသုံးနှစ်သုံးမိုးကာလသည် ပန်းခင်းလမ်းကို ဖြတ်သန်းလျှောက်လှမ်းရခြင်း မဟုတ်သကဲ့သို့ လှိုင်းလေငြိမ်စဉ် ရွက်လွှင့်ရခြင်းမျိုးလည်း မဟုတ်ခဲ့ပေ။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်ကတည်းက ရွေးကောက်ပွဲကြေညာစာတမ်း၌ ဥဒါန်း ကျူးရင့်ခဲ့သော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင် ရေးဟူသော မူလဘူတ ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်နေဆဲဖြစ်ပါသည်။
ဤရွေးကောက်ပွဲ ကတိကဝတ်များသည် တစ်ခုနှင့်တစ်ခု သီခြားစီကင်းကွာနေခြင်း မဟုတ်ပေ။ တစ်ခုနှင့် တစ်ခု ဆက်စပ်နေပါသည်။ တစ်ခုချင်း သီးခြားစီအကောင်အထည်ဖော်၍လည်း မရနိုင်ပေ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေချိန်တွင် တရားဥပဒေစိုးမိုးရေးကိုလည်း အားထုတ်ရပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း တစ်နွယ်ငင်တစ်စင်ပါ လုံ့လပြုရပါသည်။ တစ်ဆက်တည်းမှာပင် ပြည်သူ့ အစိုးရတာဝန်မယူမီကတည်းက အစိုင်အခဲလိုက်စုပုံနေသော စီးပွားရေးနှင့် ဆင်းရဲချမ်းသာကွာဟမှုပြဿနာ၊ အဂတိလိုက်စားမှုပြဿနာ၊ မြေယာပြဿနာ၊ အလုပ်သမားပြဿနာ၊ တိုင်းရင်းသားမျိုးနွယ်စုပြဿနာ၊ လူ့အခွင့်အရေးပြဿနာ စသည် စသည် ပြဿနာပေါင်းသောင်းခြောက်ထောင်ဆိုသကဲ့သို့ တစ်ခါတစ်ရံ ကြီးမားလာလိုက်၊ တစ်ခါတစ်ရံသေးငယ်အားပျော့သွားလိုက်ဖြင့် အခါမလပ် ထိပ်တိုက်အားပြိုင်လျက်ရှိပါသည်။
ယင်းကဲ့သို့ စိန်ခေါ်မှုနှင့် ဖိအားများကို ရုန်းကန်ရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပဋိပက္ခကရုတ္တရက် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပေါ်ထွက်လာခဲ့သည်။ ပကဓိအားဖြင့် ရခိုင်ပြည်နယ် ပြဿနာသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ မဟုတ်ပေ။ အကြမ်းဖက်ဝါဒကို ကျင့်သုံးပြီး နယ်မြေလုယက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိအောင် စီစဉ်သည့် အကြံယုတ်စီမံချက်သာ ဖြစ်သည်။
ဤပြဿနာအပေါ် ကုလသမဂ္ဂအဖွဲ့အစည်းအချို့နှင့် အနောက်အုပ်စုနိုင်ငံကြီးအချို့က မိမိနိုင်ငံအပေါ် ငြိုးသူရန် ဘက်ပမာ တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ လူအား၊ ငွေအား၊ အတတ်ပညာအား နှင့် လက်ဦးမှု ရယူနိုင်စွမ်းအားအပေါ် အခြေခံလျက် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအမှတ် အသားပုံရိပ်များကို စော်ကားခဲ့ကြပါသည်။ သတင်းအမှားများ၊ လံကြုတ်ပြန်ကြားရေးများကို အသုံးချလျက် ပိတ်ဆို့ရေး၊ ဒဏ်ခတ်ရေး၊ ဖယ်ကြဉ်ထားရေး လုပ်ငန်းများကိုလည်း တစိုက်မတ်မတ်၊ အရှက်မဲ့စွာဆောင်ရွက်ခဲ့ ကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းကိုလည်းကောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူ ငါးချက်ကိုလည်း အလေးအနက်ထားရ ကောင်းမှန်းမသိကြတော့ပါ။
မိမိနိုင်ငံအစိုးရနှင့် ပြည်သူတို့သည် 'ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနှင့်'ဟူသော မူကို လက်ကိုင်ထားလျက် 'အမှန်တရားနှင့်အတူနေထိုင်ခြင်း'ကျင့်စဉ်ကို ဦးထိပ်ထားကာ အဖျက်အမှောင့်မှန်သမျှကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပါသည်။ နိုင်ငံတကာသံတမန်ဆက်ဆံရေးကိုလည်း မိတ်ဝတ်မပျက်စွဲကိုင်ခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ်ကို ဦးလည်မသုန်ကျင့်သုံးခဲ့ပါသည်။
ထိုစဉ်၌ ပထမရင်ဆိုင်ရသည်မှာ မိတ်ဆွေကောင်းမပီသသော နိုင်ငံတကာမှ နိုင်ငံအချို့၊ အဖွဲ့အစည်းအချို့၏ အမုန်းတရား၊ အမုန်းစကားနှင့် လုပ်ရပ်များဖြစ်သည်။ ဒုတိယရင်ဆိုင်ရသည်မှာ မိမိနိုင်ငံအတွင်း မျိုးချစ်နှင့် အမျိုးသားရေးဝါဒသမားဆိုသူ အင်အားစုအချို့၏ ပရမ်းပတာအပြုအမှုများ ဖြစ်သည်။
အမုန်းစကားနှင့် အမုန်တရား၏နောက်ကွယ်တွင် 'မသိနားမလည်မှု'ရှိသည်။ 'ပယောဂ'ရှိသည်။ 'မစ္ဆရိယနှင့် ဂိုဏ်းဂဏ'ရှိသည်။ မစ္ဆရိယနှင့် ဂိုဏ်းဂဏသမားတို့က မသိနားမလည်သူများအပေါ် အမုန်းစကား နှင့် အမုန်းတရား ပယောဂကို ပူးကပ်စေပါသည်။ လွတ်လပ်မှုနှင့် တာဝန်ယူမှုအပေါ် မသိနားမလည်မှုနှင့် အစားထိုးရန် ကြိုးပမ်းခဲ့ကြ သည်။ သူ့လူကိုယ်ဘက်သားအချို့နှင့် 'ဇာတ်နာ'အောင် ဖန်တီးကြသည်။ အစိုးရနှင့် တာဝန်ရှိသူတို့၏ စိတ်ရှည်သည်းခံ၊ ခွင့်လွှတ်မှုနှင့် နားလည်ပေးမှုအပေါ် စော်ကားလာကြသည်။ တရားဥပဒေစိုးမိုးရေး၏ ဥပဓိရုပ်ကို အကျည်းတန် စေခဲ့ကြသည်။
အလွန်အကျွံအမျိုးသားရေးဝါဒသည် ဒီမိုကရေစီအတွက် ထောင်ချောက်ဖြစ်တတ်သည်ကို သတိပြုကြရပေမည်။ အမုန်းတရားနှင့် အမုန်းစကားလှုပ်ရှားမှုတို့သည် လူ့အခွင့်အရေးနှင့် မဆိုင်ပါ။ မင်းမဲ့ဝါဒအသွင်တစ်မျိုးသာဖြစ်သည်။
တာဝန်ခံအယ်ဒီတာ
No comments:
Post a Comment