လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဒီမိုကရေစီဆိုတဲ့ စကား ရေပန်းစားလာခဲ့တယ်။ စကားဝိုင်းတွေမှာလည်း ဒီမိုကရေစီ စာအုပ်တွေ၊ စာစောင်တွေထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေကြတော့တယ်။
■ နှစ်ကိုယ်ကြားပဲ ပြောရ
ဒီမိုကရေစီဆိုတဲ့ စကားကို နှစ်ပေါင်းငါးဆယ်လုံးလုံး ဘယ်သူမှ ကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရ ကိုယ်တိုင်က ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်။ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာလွှဲပြောင်း ပေးမယ်လို့ ကြေညာလိုက်တဲ့ အချိန်က စပြီး ဒီမိုကရေစီဆိုတဲ့ စကားကို သွေးတိုးစမ်း ပြောလာကြတယ်။ အခုတော့ လူတိုင်း ကျယ်ကျယ် ပြောဝံ့နေကြပြီ။ စာနယ်ဇင်းတွေ ထဲမှာလည်း ရဲရဲကြီး ရေးနေကြပြီ။ ဒါ ၀မ်းသာစရာ အခြေအနေ ဖြစ်တယ်။ လမ်းလျှောက်တဲ့အခါ ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းကြရသလို ဒီမိုကရေစီ ခရီးကိုလည်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုး လှမ်းကြရမှာ ဖြစ်တယ်။
■ တစ်ဒီတည်း ဒီလာကြ
အစိုးရကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်မယ် ပြောချိန်ကစပြီး ရှေ့က ဒီမိုကရေစီကို နှာခေါင်းရှုံ့ကြသူတွေလည်း လေသံပြောင်းပြီး တစ်ဒီတည်း ဒီလာခဲ့ကြတယ်။ ဒီမိုကရေစီ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ်လာကြတယ်။ ဒါလည်း ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။ ဒီ နှစ်ငါးဆယ် အတွင်း မွေးဖွားလာခဲ့ကြသူတွေဟာ လွတ်လွတ်လပ်လပ် ရောင်း၀ယ် ဖောက်ကား စားသောက်ချင်တယ်။ လွတ်လွတ်လပ်လပ် ပြောချင်ဆိုချင် ရေးချင်၊ ဖတ်ချင်တယ် ဆိုတာလောက်ကလွဲပြီး ဒီမိုကရေစီအကြောင်း ဂဃနဏ မသိကြဘူး။
■ ဖီလာဆန့်ကျင်ဖြစ်
တတ်သိနားလည်သူတွေက ဒီမိုကရေစီအကြောင်း ဟောပြောတာ စာတွေ ရေးပြတာဟာ ၀မ်းသာအားရ ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်။ ဒါပေမဲ့လို့ အချိန်ကြာလာတဲ့ အခါမှာ ဟောပြောသူတွေနဲ့ ဒီမိုကရေစီ ဖတ်စာရေးသူ အတော်များများဟာ သူတို့ ပါးစပ်က အပ်ကြောင်းထပ်လောက်အောင် ပြောနေကြတဲ့ ‘ပြည်သူလူထုကို ဦးထိပ်ထားတယ်’ ဆိုတဲ့ စကားနဲ့ ဖီလာဆန့်ကျင် ဖြစ်တဲ့ စကားတွေ ပြောလာကြတာကို မြင်တွေ့ ကြားသိနေရတယ်။ သူတို့ရေးတဲ့ ဒီမိုကရေစီ စာတွေမှာလည်း အလားတူ ဖတ်ရှုရတယ်။ ‘ဒီမိုကရေစီ လိုချင်ရင် လူတိုင်း နိုင်ငံကြီးသား ပီသပြီး ဒီမိုကရေစီ အသိရှိဖို့လိုတယ်’၊ ‘ဒီမိုကရေစီ လိုချင်ရင် လူတိုင်း ပါ၀င် လုပ်ဆောင်ကြဖို့ လိုတယ်’၊ ‘လူတွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရကို သူတို့ ရရှိကြမှာ ဖြစ်တယ်’။
■ ဓားမြှောင်နဲ့ထိုးသလို
ဒီသြ၀ါဒ ကထာတွေနဲ့ ရေးသားချက်တွေဟာ ပြည်သူလူထု အများစုကြီးကို စော်ကားလိုက်တာ ဖြစ်တယ်။ ပြည်သူတွေ အသုံးမကျလို့ နှစ်ပေါင်း ငါးဆယ်လုံးလုံး တစ်ပါတီ တစ်ဖွဲ့ အာဏာရှင် စနစ်အောက်မှာ ပိပြားနေခဲ့ကြတာ ဖြစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မြန်မာလူမျိုးတွေ ပညာရေး ရေချိန် နိမိ့်ကျနေသေးလို့ ဒီမိုကရေစီ စစ်စစ်နဲ့ မထိုက်တန်သေးဘူး။ ‘Guided Democracy’ လောက်နဲ့ပဲ သွားရမယ်လို့ ပြောသူတွေ ရှိတယ်။ ဒီလို အသံတွေ ကြားရတဲ့ အခါတိုင်း ရင်ထဲမှာ ဓားမြှောင်နဲ့ ထိုးသလို စူးခနဲ စူးခနဲ နာကျင်ရတယ်။
■ ဦးစီးဦးကိုင်ကောင်း မရှိလို့
မြန်မာ့ဦးစွန်း မြေခခဲ့ရတဲ့ ပါတော်မူချိန်က စပြီး မြန်မာနိုင်ငံသားတွေဟာ တာ၀န်ကျေခဲ့ကြတယ်။ ရရာတုတ်၊ ဓား၊ လက်နက်စွဲကိုင်ပြီး နယ်ချဲ့လာသူတွေကို တွန်းလှန် တိုက်ခိုက်ခဲ့ကြတယ်။ မြန်မာပြည်အလယ်ပိုင်းက အောင်ဆန်းတို့အဘိုး မင်းကြီး ရွှေလရောင်က စပြီး ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသားတွေဟာ အသက်ပေါင်းများစွာ စတေးပြီး တော်လှန်ခဲ့ကြတယ်။ ဦးစီး ဦးကိုင်ကောင်း မရှိလို့သာ အားမတန် မာန်လျော့ခဲ့ကြတယ်။ အဲဒီ အချိန်အခါက နန်းတွင်းမှာ အရေးပါခဲ့တဲ့ ကင်း၀န်မင်းကြီး အမှူးပြုတဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေက အင်္ဂလိပ်ရဲ့ လစာ ရိက္ခာတော် ထောက်ပံ့ကြေးကို လက်ခံပြီး တောင်ပေါ် မြေပြန့်က ခုခံတွန်းလှန်သူတွေကို ရွှေပြည်အေး တရားတွေ လိုက်လံ ဟောပြောပြီး လက်နက်စွန့်ဖို့ နားချခဲ့ကြတယ်။
■ ရဲရဲကြီး လိုက်ခဲ့ကြ
အားမတန်လို့ မာန်လျော့ခဲ့ကြရပေမဲ့ လည်စင်းခံနေကြတာတော့ မဟုတ်ဘူး။ အခါအခွင့်သင့်တိုင်း ပုံစံအမျိုးမျိုးနဲ့ နိုင်ငံရေး တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်။ ဝိုင်အမ်ဘီအေ ခေတ်၊ ဂျီစီဘီအေ ခေတ်တွေမှာလည်း ပြည်သူတွေက အဲဒီ အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှု နောက်က ရဲရဲကြီး လိုက်ခဲ့ကြတယ်။ ရှေးက ဦးဆောင်သူတွေ ညီညီညွတ်ညွတ် မရှိကြပဲ ငါးထောင်စား ဖြစ်ဖို့လောက်သာ လုံးပန်း နေခဲ့တာကြောင့် ရေစုန်မျောသွားခဲ့ကြတယ်။ အဲဒီနောက် ပေါ်လာတဲ့ ‘တို့ဗမာအစည်းအရုံး’ ခေတ်မှာလည်း ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်။ ဆရာစံရဲ့ တောင်သူ လယ်သမား ပုန်ကန်မှုကြီးနဲ့ ရေနံမြေ အလုပ်သမားသပိတ် တိုက်ပွဲကြီးတို့ဟာ ပြည်သူတွေဘက်က ဘယ်လောက် တာ၀န်ကျေသလဲ ဆိုတာ ပြလိုက်တဲ့ သက်သေတွေပဲ ဖြစ်တယ်။
■ ခေါင်းဆောင်တွေ ကွဲကြ ပြဲကြလို့
ရှေ့က ဦးဆောင် ဦးရွက်ပြုတဲ့ တို့ဗမာအစည်းအရုံးကြီး နှစ်ခြမ်းကွဲသွားလို့ တိုက်ပွဲ အရှိန် လျော့ကျသွားခဲ့ရတယ်။ အဲဒီနောက် ပေါ်လာတဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အလံတော် အောက်မှာ နောက်တစ်ကြိမ် ပြည်သူတစ်ရပ်လုံး စုစည်းပြီး တိုက်ပွဲ ဆက်လက် ဆင်နွှဲခဲ့ကြတဲ့ အတွက် ဖက်ဆစ်ဂျပန်တွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်။ လွတ်လပ်ရေး ရခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေ ကွဲကြ ပြဲကြ ပြန်တာကြောင့် အသက်အိုးအိမ်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရတယ်။ အဲဒီ ကာလတွေ တလျှောက်လုံးမှာ ပြည်သူတွေ တစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ထွက်လာကြတာချည်း ဖြစ်တယ်။
■ ခေါင်းဆောင်တွေ ခေါင်းရှောင်တာ
လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်တွေကို ပြန်ကြည့်။ ပြည်သူတွေဘက်က တာ၀န်ကျေခဲ့ကြတာ ချည်းပါပဲ။ ဦးဆောင် ဦးရွက် ပြုခဲ့ကြသူတွေသာ တာ၀န် မကျေတာ။ ‘ဒီမိုကရေစီ လိုချင်ရင် လူတိုင်း ပါ၀င်လုပ်ဆောင်ဖို့ လိုတယ်’ ဆိုတဲ့ စကားဟာ ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့ စကားဖြစ်တယ်။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးတွေ ဒီမိုကရေစီ မိခင်ဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း ပြည်သူလူထုက သူတို့ကိုယ်စား ဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ပြီး လွှတ်တော်ထဲမှာ ဆောင်ရွက်စေတဲ့ ‘ကိုယ်စားပြု ဒီမိုကရေစီ’ (representative democracy) စနစ်ကို ကျင့်သုံး နေကြတာ ဖြစ်တယ်။ ခေါမခေတ် ကလို ပြည်သူတွေအားလုံး ပါ၀င် ဆုံးဖြတ်တဲ့ တိုက်ရိုက် ဒီမိုကရေစီ (direct democracy) မဟုတ်ပါဘူး။
■ ရွေးကောက်ပွဲတွေ ကြည့်ပါ
ဘယ်နိုင်ငံက ဘယ်ပြည်သူတွေမှ နေ့စဉ် တိုင်းရေးပြည်ရာ ကိစ္စတွေမှာ အချိန်ပြည့် ပါ၀င် လုပ်ဆောင်ခြင်း မပြုနိုင်ပါဘူး။ အဲဒီလို ကိုယ်တိုင် အချိန်ပြည့် မလုပ်နိုင်တဲ့ အတွက် ကိုယ်စား ဆောင်ရွက်မယ့် သူတွေကို မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံရေး သမားတို့၊ နိုင်ငံရေး ပါတီတို့ ဆိုတာ အဲတာကြောင့် လိုအပ်ခဲ့ရတာ ဖြစ်တယ်။ ‘လိုချင်ရင် ကိုယ်တိုင် လုပ်ယူ’ ဆိုရင် နိုင်ငံရေး သမားနဲ့ နိုင်ငံရေး ပါတီတွေရှိဖို့ ဘယ် လိုအပ်တော့မှာလဲ။ မြန်မာတွေ ဘယ်လောက် နိုင်ငံကြီးသား ပီသပြီး နိုင်ငံရေး တာ၀န် ကျေသလဲဆိုတာ သိချင်ရင် ရွေးကောက်ပွဲ ကျင်းပချိန်တွေကို ပြန်ကြည့်လိုက်ပါ။
■ မဲပေးသူ ရာနှုန်း
အထက်မှာ ပြောခဲ့တဲ့ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးတွေမှာ ဖြစ်ဖြစ်၊ ဒီမိုကရေစီ မိခင် နိုင်ငံကြီးတွေမှာ ဖြစ်ဖြစ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါမှာ မဲဆန္ဒပေသူ အရေအတွက် ၉၀ ရာနှုန်း ရှိတယ် ၈၀ ရာနှုန်း ရှိတယ်ဆိုတာမျိုး တစ်ခါမှ မကြုံဖူးဘူး၊ မကြားဖူးပါဘူး။ သူတို့ဆီမှာ အလွန်ဆုံးရှိမှ ၆၀ ရာခိုင်နှုန်းကျော် ၇၀ ရာခိုင်နှုန်း လောက်ပါပဲ။ မြန်မာပြည်မှာ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေမှာ ဆိုရင် ဖဆပလခေတ် ရွေးကောက်ပွဲတွေတောင် ၇၀ ရာနှုန်းကျော် ရှိခဲ့တယ်။ အဲဒီနောက်ခေတ် ရွေးကောက်ပွဲ အားလုံးမှာတော့ လာရောက် မဲပေးသူ ရာခိုင်နှုန်း ၈၀ ကျော် ၉၀ ကျော် ရှိခဲ့တာချည်းပါပဲ။
■ ခါတော်မီ ဂုရုကြီးတွေ
ဒီအချက်တွေက မြန်မာပြည်သူတွေဟာ ဘယ်လောက် တာ၀န်ကျေတယ်၊ ဘယ်လောက် နိုင်ငံရေး အသိရှိတယ်ဆိုတာကို ပြဆိုတဲ့ ညွှန်းကိန်းတွေပဲ မဟုတ်ဘူးလား။ ဟောကြ ပြောကြသူတွေနဲ့ ဒီမိုကရေစီ ဖတ်စာအုပ်တွေ ရေးကြသူတွေအားလုံး ပြည်သူလူထုကို အထင်သေး အမြင်သေးတဲ့ စကားမျိုးတွေ မပြောစေချင်ဘူး။ တကယ် တတ်သိ နားလည်သူတွေက ပြောရင် တော်သေးတယ်။ ဆိုရှယ်လစ် ခေတ်တုန်းက အာဏာ ပါဝါရှိတဲ့ ဆိုရှယ်လစ် ကြီးတွေကို မျက်နှာချိုသွေး တည့်အောင်ပေါင်းပြီး ခေတ်ပျက် ဆိုရှယ်လစ် သူဌေး လုပ်ခဲ့သူတွေက အစိုးရက ဒီမိုကရေစီလည်း ပြောလိုက်ရော ချက်ချင်း ဆိုရှယ်လစ် မျက်နှာဖုံး ချွတ်လိုက်ပြီး ခါတော်မီ ဒီမိုကရေစီ ဂုရုကြီးတွေ အနေနဲ့ ဟောကြ၊ ပြောကြ ဒီမိုကရေစီ ဖတ်စာအုပ်ကြီးတွေ ရေးကြ လုပ်လာကြတယ်။ အဲဒီလူတွေက မြန်မာတွေ ဥာဏ်ရည် နိမ့်ကျသေးတယ်။ ဒီမိုကရေစီ အသိ မရှိသေးဘူး။ လူတိုင်း လူတိုင်းမှာ ဒီမိုကရေစီ အသိ မြင့်မားနေမှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်လို့ ပြောတာတွေ ကြားရတာကတော့ တော်တော် နားကြားပြင်း ကပ်လှတယ်။
■ မြောင်းထဲရောက်သွားမယ်
နိုင်ငံတော် သမ္မတ အပါအ၀င် ထိပ်တန်း ခေါင်းဆောင်တွေ အားလုံး လိုလိုက သူတို့ အားလုံးဟာ ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို အမြဲတန်း လေးစား လိုက်နာရမယ်လို့ အကြိမ်ကြိမ် ပြောနေကြရတယ်။ ဒါဟာ ပြည်သူကို ဦးထိပ်ထားရမယ် ဆိုတဲ့ သဘောဖြစ်တယ်။ ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို အမြဲ ထောက်ခံ အားပေးမှာ ဖြစ်တယ်။ ပြည်သူ့ ဆန္ဒ သဘောထားကို ဂရု မစိုက်ရုံမက ပြည်သူကို နှိမ့်ချ စော်ကားတဲ့ အပြုအမူမျိုး လုပ်ရပ်မျိုး လုပ်ဆောင် လာရင်တော့ ပြည်သူက ဒဏ်ခတ်တာ ခံရပြီး မြောင်းထဲရောက် သွားမှာ သေချာတယ်လို့ သတိပေး ပြောလိုက်ချင်ပါတယ်။
၂၈-၁၀-၂၀၁၁
လူထုစိန်၀င်း
No comments:
Post a Comment