Twitter Bird Gadget

Wednesday, May 22, 2019

မပြောချင်ပါဘူး


-------------------
မှတ်မှတ်ရရ ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းကို ကျောင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ရမယ်တဲ့

ဒီခေတ်လိုပြောရရင် Live ပေါ့

မာလ်တီမီဒီယာကျောင်းတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဝဏ်လွှာကို တိုက်ရိုက်ထုတ်လွှင့်ပြဖို့၊ အဲသည်လို ထုတ်လွှင့်တာကို ကျောင်းသားတွေနဲ့ ဆရာတွေ၊ ဆရာမတွေ လာကြည့်ပြီး နားထောင်ဖို့ဆိုတာ ဘာဆိုင်သလဲ မသိ။

ဒါပေမဲ့

ကျွန်တော်တို့ ပညာရေးဌာနက အကြီးအကဲတွေက အဲသည်လို ကျောင်းနဲ့မဆိုင်တဲ့ အလုပ် ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ။ ရာထူးမပြုတ်ရေး၊ မျက်နှာကောင်းရရေး၊ ခိုင်းလိုက်ရင် ပြန်မပြော နားထောင်ခြင်းကို စနစ်ကျစွာ လုပ်ဆောင်နိုင်ရေးကို အားထုတ်ကြတော့တယ်။

“မှန်ပါ့”

“တင်ပါ့”

“ဟုတ်ပါ့”

ကျောင်းမှာက မာလ်တီမီဒီယာကို ကိုင်တာက ကျွန်တော်။ စပ်စပ်စုစု တီတီထွင်ထွင် လျှောက်လုပ်တာကလည်း ကျွန်တော်။ လူက ဝိဇ္ဇာဘွဲ့ရထားတဲ့ကောင်ဆိုတော့ မရှိသုံး၊ မဖြစ်သုံး။ ကြိုက်လို့တော့ မဟုတ်ဘူး။ ကြိုက်စရာ အကြောင်းလည်း မရှိဘူး ဘုကလန့်ကောင်ဖြစ်နေတာကိုး။ ဒါပေမဲ့ အဲဒီကလန့်ကိုပဲ သူတို့ လွင့်မထွက်သွား အောင် ကြားခံအဖြစ် သုံးနေကြရတယ်။

ကြားထဲက မျက်စိမျက်နှာ ပျက်နေတာက ချစ်ရသော ဆရာကြီး

“ညီလေးရာ …”

အဲဒါဆိုရင် သေချာပြီ ဆရာကြီးခေါင်းကို ဆင်နင်းလိုက်ပြီ

ဆရာကြီးက လေအေးလေးနဲ့

“သူတို့ ဖြစ်ချင်တာကို လုပ်ပေးလိုက်ပါကွာ” တဲ့

သူတို့ဖြစ်ချင်တာက

အဲသည် သတ်မှတ်တဲ့နေ့မှာ ၇ နာရီကို တိုက်ရိုက် Live ထုတ်လွှင့်မယ်။ အဲသည်လို ဗိုလ်ချုပ်မှူးကြီးရဲ့ Live လွှင့်နေတာကို ကွန်ပျူတာကတစ်ဆင့်ဖမ်းမယ်။ ဂြိုဟ်တုစလောင်းကိုလည်း ကျောင်းမှာ လာပြီး တပ်ဆင် ပေးထားထားတော့ အဲသည်ဂြိုဟ်တုကနေပြီး သူ့ Live ကိုဖမ်းကာ ကျောင်းတွေမှာ ထုတ်လွှင့်ပြသနေကြောင်း မှတ်တမ်းတွေကိုလည်း လိုက်ယူမယ်တဲ့။

ဘယ်သူတွေက လိုက်ယူမှာလဲ

ညွှန်ချုပ်နဲ့အဖွဲ့က လိုက်ကြည့်မယ်တဲ့

နည်းတဲ့ ပရောဂျက်ကြီး မဟုတ်ဘူးနော်

ဂြိုဟ်တုကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တာကို ကျောင်းတွေမှာ ပြနေပြီဆိုတာကို မျက်နှာကောင်းရအောင် ဖားကြရမှာ။

တာဝန်ရှိသူတဲ့သူတဲ့ ကြိုရောက်လာပါပြီ

“မနက်ဖြန်အတွက် အသင့်ပဲလား”

“စက်တွေက အသင့်ပဲ”

“လိုင်းမိရဲ့လား”

“လိုင်းက ပြတ်လိုက် … လာလိုက်ပဲ”

“အဲဒါဆိုဆက်လေ … သူတို့ကို ခေါ်ပြီး ဘယ်လိုလုပ်ရမှာလဲ မေးလေ”

ဆရာကြီးက နောက်ကနေ မျက်နှာငယ်လေးနဲ့ မေးလေးထိုးပြ။

အားနာတာနဲ့

“ဟုတ်ပြီ … လုပ်ထားလိုက်မယ် … ဒါပဲမဟုတ်လား … ရစေရမယ်”

ပြောသာပြောရတယ် သူတို့ တိုက်ရိုက်ထုတ်လွှင့်နေတာက Signal ပျောက် ပျောက်နေတယ်။ ကျောင်းသင် ခန်းစာတွေ ထုတ်လွှင့်နေတာ။ အဲဒီကျောင်းသင်ခန်းစာတွေကို ကျောင်းတွေမှာ စာပေးစာယူ သင်တန်းသား တွေ လာကြည့်ဖို့လည်း စီစဉ်ထားသေး။

ကျွန်တော် တစ်ညလုံး မအိပ်ရဘူး။ စက်တွေကို လိုက်စစ်ဆေး။ ကွန်ပျူတာနဲ့ အမျိုးမျိုးစမ်း။ ဂြိုဟ်တု စလောင်းကြီးကို ဟိုလှည့်သည်လှည့်။ Signal တွေက ရလိုက် ပျောက်လိုက်။ အစိမ်းရောင် မီးလေး လာနေရင် လိုင်းမိ။ နီနေရင် လိုင်းပျောက်။ နောက်တော့ စိမ်းနေလည်း လိုင်းမမိ။

ညမိုးချုပ်တော့ ဆရာကြီးက ရောက်လာပြန်တယ်

“ကောင်လေး အဆင်ပြေပါ့မလား”

“မပြေဘူး ဆရာကြီး … သူတို့ ထုတ်လွှင့်တဲ့နေရာကကို အမှားတစ်ခုခု ဖြစ်နေပုံပဲ”

“ဒါဆိုရင် ဘယ်လိုလုပ်မလဲ … မနက်ဆိုရင် သူတို့က လာကြမှာ … ဒီမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ရတယ် ဆိုတာ မှတ်တမ်းဗီဒီယိုအခွေ ယူသွားကြလိမ့်မယ်။ ဘယ်လိုလုပ်ကြမလဲ”

“ဆရာကြီးရယ် ပူမနေပါနဲ့ … မနက်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်တော့ ကောင်းချင်ကောင်းသွားမှာပေါ့”

ကျွန်တော် မိုးလင်းချိန်အထိ လိုင်းချိတ်ဆက်ရဖို့ အမျိုးမျိုးကြိုးစားတယ်။ မရဘူး။

ဒီလိုနဲ့ မိုးလင်းသွားတယ်။ ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ မိဘတွေ ရောက်လာကြပြီ။ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် အခန်းထဲက တီဗီရှေ့မှာ ထိုင်နေကြပြီ။

မနက် ၇ နာရီမထိုးမီ လူကြီးဆိုတာတွေလည်း ရောက်လာကြပြီ။ ဆရာကြီးက

“ဟေ့ … ညီလေး … အဆင်ပြေတယ်နော်”

“ပြေသွားမှာပါဆရာကြီး … စိတ်ချပါ … ပြေသွားမှာပါ”

ကျောင်းမှာ ဗီဒီယိုရိုက်တတ်တာကလည်း ကျွန်တော်ပဲဆိုတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဗီဒီယိုရိုက်ပေးရမှာ ကလည်း ကျွန်တော်ပဲ

၇ နာရီထိုးပြီ

Live ထုတ်လွှင့်မှုစပြီ

ကျွန်တော်က ၇ နာရီတိတိမှာ Remote ကို နှိပ်လိုက်တယ်

“ဟာ … လာပြီ … လာပြီ”

လူကြီးအပေါင်း သူတော်ကောင်းတို့ ဝမ်းသာသွားကြတယ်။ ကျွန်တော်က သူတို့ဝမ်းသာကြည်နူးပုံတွေကို မှတ်တမ်းတင်နေတယ်

“ညီလေး … မိန့်ခွန်းပြောနေတာတွေကိုရော ဗီဒီယိုအခွေနဲ့ ကူးထားသလား”

“ကူးထားတယ်လေ”

“အေး သူတို့ပြန်ရင် ယူသွားချင်တယ်တဲ့”

“ရတာပေါ့ … ဗီဒီယိုအခွေနဲ့ မဟုတ်ဘူး … မှတ်တမ်းတွေကိုပါ စီဒီနဲ့ ခုတ်ပေးလိုက်မယ်”

“အေးကွာ … လုပ်ပါဦး”

လိမ်ဆင် အခမ်းအနားကြီးက အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ကျောင်းပိတ်ရက်မှာ ကျောင်းကိုလာပြီး မိန့်ခွန်းကို စုဝေးနားထောင်ကြတယ်ဆိုတာ ယုတ္တိမရှိ၊ အဓိပ္ပာယ်မရှိမှန်း သိသိကြီးနဲ့ ဇာတ်ကသလိုလုပ်ထားရတဲ့ “စိန်ပလိန်တိန် ကလိမ် မဟာ မာလ်တီမီဒီယာဇာတ်သဘင်” ကြီးလည်း အောင်မြင်စွာ ကပြဖျော်ဖြေလို့ ပြီး သွားပါပြီ။

ဧည့်သည်တွေကို ကျွေးမွေးဖို့ ခေါ်သွားချိန်မှာ ဆရာကြီးက ကျွန်တော့် ကွန်ပျူတာ ခန်းထဲကို ဝင်လာတယ်။

“ဟင် … မင်းကွန်ပျူတာခန်းထဲမှာ ဘာစက်မှလည်း ဖွင့်မထားပါလား”

“ဟုတ်ကဲ့”

“ဟာ … မင်းကတော့ ရွတ်ပြီ … ငါက စီဒီလာယူတာ … ပြဿနာပဲ”

“ရမှာပေါ့ဆရာကြီးရ”

“ဂြိုဟ်တုစက်တွေ … လိုင်းတွေ … ကွန်ပျူတာတွေ မဖွင့်ဘဲ မင်းက ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းကို ဘယ်လို ထုတ်လွှင့်ပြလိုက်တာလဲ”

“ဆရာကြီး”

“ဘာလဲ … မင်းက ပြဿနာရှာပြန်ပြီ”

“ဆရာကြီး အဲဒီ သောက်ရူးတွေ မသိစေနဲ့”

“ဘာလဲကွ”

“နိုင်ငံတော် အကြီးအကဲဆိုတဲ့သူရဲ့ မိန့်ခွန်းဆိုတာ မြန်မာ့အသံကလည်း လွှင့်တယ်။ မြဝတီကလည်း လွှင့်တယ်လေ။ တိုက်ရိုက်ထုတ်လွှင့်တာ သူတို့လည်း ပြနေတာပဲ။ အဲဒီက တိုက်ရိုက်ဖမ်းပြီး တိုက်ရိုက်ပြ လိုက်တာ။ ဂြိုဟ်တုက တိုက်ရိုက်လွှင့်တယ်ဆိုတာ ညကတည်းက မရလို့ သောက်မြင်ကပ်ပြီး စက်တွေအားလုံး ပိတ်ထားလိုက်တာ”

“ဟာ … မင်းကတော့ … မင်းကတော့”

“ဆရာကြီး … ဆရာကြီး ဧည့်သည်တွေကို သွားဧည့်ခံလိုက်ပါ … ကျွန်တော် ခဏနေရင် စီဒီလာပေးမယ်”

တိုက်ရိုက် Live လွှင့်တာ ဘယ်လိုင်းကဖမ်းဖမ်း ဒီမျက်ခွက်၊ ဒီရုပ်နဲ့ ဒီအသံဆိုတာ သူတို့ မသိတာလား၊ မသိချင် ယောင်ဆောင်တာလား။

ကျွန်တော်ကတော့ အေးအေးဆေးဆေး

ပဲခူးတိုင်းအတွင်း ဂြိုဟ်တုစနစ်တွေထားပေးပြီး တိုက်ရိုက်ဖမ်းကြည့်ကြတဲ့ ကျောင်းတွေ တစ်ကျောင်းမှ မရဘူး။ အခက်တွေ့နေကြတယ်။ ဘယ်ရမလဲ တိုက်ရိုက်ဆိုတာကို ယုံကြတာကိုး။

ကျွန်တော်ကတော့ လူကြီးဆိုသူတွေအပြန် စီဒီတွေပေးလိုက်တယ်။

ဆရာကြီးလည်း မျက်နှာရပြီး ပျော်ရွှင်နေတာကို စိတ်ချမ်းသာ။

နောက်တစ်နေ့မှာ မြို့နယ်တွေက ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်တာကို စီဒီနဲ့ သက်သေ မပြနိုင်ရင် အရေးယူမယ်ဆိုလို့ ကိုယ့်ဆီမှာရှိတဲ့ ဗီဒီယိုဖိုင်ကို စီဒီတွေပွားပြီး ဝေမျှပေးလိုက်ရသေး။

ဒီအကြောင်းတွေကို မပြောတော့ပါဘူးလို့ပဲ

မပြောကို မပြောတော့ဘူးလို့ပဲ။

တင်ညွန့်

၂၂.၅.၂၀၁၉

No comments:

Post a Comment