ဒီမယ် ကိုယ့်လူတို့.......
တပ်ကို ချစ်ခင်မြတ်နိုးစေချင်ရင် တပ်ကို မုန်းနေတဲ့သူတွေကို စောက်ပိန်းတွေလို့ လိုက်ပြောနေမယ့် အစား အမှန်တကယ် နိုင်ငံအပေါ်ချစ်တဲ့ တပ်ခေါင်းဆောင်တွေ ပေါ်လာဖို့ ကြိုးစားသင့်တယ်။
ဒီမယ် ကိုယ့်လူတို့........
ပြည်သူတော်တော်များများဟာ တပ်မတော်ကို မမုန်းဘဲ တပ်မတော်ခေါင်းဆောင်တစ်ချို့ လုပ်ခဲ့တဲ့ အာဏာရှင်ဆန်တဲ့ စနစ်တစ်ချို့နဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကိုပဲ မုန်းတီးကြကြောင်း ခွဲခြားသိဖို့လိုတယ်။
ဒီမယ်ကိုယ့်လူတို့.......
အောက်လက်စစ်သားတွေအပေါ် ခေါင်းပုံဖြတ်၊အနိုင်ကျင့် နေတဲ့ စစ်သားမစစ်သူတွေ ရှိလို့ ပြည်သူက မုန်းတီးကြောင်း သိဖို့ လိုမယ်။
ဒီမယ် ကိုယ့်လူတို့......
ဘယ်ပြည်သူမှ ခြေပြတ်၊လက်ပြတ် ဒုက္ခတိဘဝရောက်လို့ စာအုပ်ပတ်ရောင်းနေတဲ့ စစ်သားအိုကြီးတွေကို မဆဲဆို၊မမောင်းလွှတ်ဖူးသလို တတ်နိုင်သလောက် ကူညီဖေးမပေးနေကြတာကိုလည်း သိဖို့ လိုမယ်။
ဒီမယ် ကိုယ့်လူတို့.......
ပါးစပ်ကသာ မုန်းတယ်ပြောရင်ပြောမယ်။
ရှေ့တန်းက ပြန်လာတဲ့ စစ်ယာဉ်တန်းကြီးတွေကို မျက်ရည်ဝဲစွာနဲ့ တားပြီး အချိုရည်၊မုန့် တိုက်ကျွေးနေကြတုန်း၊တရားသော စစ် အောင်ပါစေ လို့ တိုးတိုးတိတ်တိတ် ဆုတောင်းပေးနေတုန်းဆိုတာ သိဖို့လိုတယ်။
ဒီမယ် ကိုယ့်လူတို့......
အချုပ်အခြာအာဏာအတွက်ဆိုပြီး တောထဲ၊တောင်ထဲ တောင်ကုန်းတစ်ကုန်းကို ကိုယ့်လူတွေ စတေး တိုက်ခိုင်းတဲ့ ကိုယ့်လူတို့ရဲ့ ခေါင်းဆောင်ကြီး တစ်ချို့ဟာ မိုးထဲ ရေထဲ အသက်ပေးလိုက်ရတဲ့ စစ်သားလေးတွေအကြောင်းကို မန္တလေးမြို့လယ်ခေါင်က တရုတ်ကြီးပိုင်တဲ့ ဟိုတယ်ပေါ်မှာ ပိုင်ရှင်တရုတ်ကြီး ဧည့်ခံတဲ့ မိန်းမလှလေးတွေနဲ့ အရက်တစ်ခွက်လောက် စိတ်မဝင်စားဘူးဆိုတာ ကိုယ့်လူတို့ သိဖို့
ကောင်းတယ်။
ဒီမယ် ကိုယ့်လူတို့......
ရန်ကုန် တိပိဋက ဓရ ဆတော် ဘုရားကြီး ဦးသုမင်္ဂလာကို အတင်းလူဝတ်လဲပြီး ဖမ်းခဲ့တာမျိုးတွေ၊သီတဂူဆတော်ကြီးခင်ဗျာ ကိုယ့်လူတို့ လိုက်ဖမ်းလို့ မန္တလေး ဝိသုဒ္ဓါရုံကျောင်းမှာ ရှောင်ပုန်းခဲ့ရတာမျိုးတွေ၊သီတဂူကို လူဝတ်လဲမယ်ဆိုရင် ငါ့အတွက်ပါ လူဝတ်တစ်ထည် အပိုယူခဲ့ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ စကားတွေကိုတောင် အလေးအနက်မထား၊ဂရုမစိုက်ခဲ့တာတွေဟာ ကိုယ့်လူတို့ကို မုန်းနေရခြင်းအကြောင်းရင်းတွေပဲ။
ဒီမယ် ကိုယ့်လူတို့......
၂၀၀၇ တုန်းက မေတ္တာသုတ် အေးအေးချမ်းချမ်းရွတ်နေတဲ့ သံဃာတွေကို ကိုယ့်လူတို့ အမျိုး၊ဘာသာ၊သာသနာ အားကျိုးမာန်တက် စောင့်ရှောက်ကိုးကွယ်ခဲ့ကြတာတွေဟာ မနေ့တစ်နေ့ကပဲ ရှိပါသေးတယ်။
ဒီမယ် ကိုယ့်လူတို့.....
အသက်ထက် မြတ်တဲ့ဂုဏ်ကို ဆောင်ကြဉ်းပေးတဲ့ ယူနီဖောင်းကို ဝတ်ပြီး မေ(၃၀)မှာ ဒီပဲရင်း လုပ်ကြံမှု လုပ်ခဲ့တဲ့ မိန်းမလို မိန်းမရ စိတ်ဓာတ်တွေ ယူနီဖောင်းကို အလွဲသုံးစားလုပ် အောက်တန်းကျခဲ့တာတွေဟာ အခုထိ အသစ်တွေလိုပဲ။
ဒီမယ် ကိုယ့်လူတို့.......
နိုင်ငံတော် စာရင်းစစ်ချုပ် ဖြစ်ခဲ့ရက်နဲ့ ထမင်းရောင်းစားနေတဲ့ ဗိုလ်ချုပ်လွန်းမောင်၊
ဗိုလ်ချူပ်ဘဝရောက်မှ တပည့်တွေက အိမ်ဝိုင်းဆောက်ပေးလို့ အိမ်လေးပိုင်ခဲ့ရတဲ့ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊
တိုက်ပွဲဖြစ်ရင် စက်လက်ကြီး ကိုယ်တိုင်ဆွဲ ရှေ့ကတိုက်လေ့ရှိတဲ့ ဗိုလ်ချုပ်သိုးထိန်း စတဲ့စစ်သားစစ်စစ်ကြီးတွေကိုတော့ ချစ်ကြည်ညို လေးစားကြတယ် ဆိုတာ ကိုယ့်လူတို့ သိဖို့ လိုမယ်။
ဒီမယ် ကိုယ့်လူတို့......
ပြောချင်တာက မုန်းတယ်ဆိုတာ မုန်းအောင်လုပ်ခဲ့လို့၊မုန်းအောင်လုပ်နေလို့ မုန်းတာ။မုန်းတဲ့အခါမှာလည်း မုန်းသင့်တဲ့သူကို မုန်းပြီး ချစ်သင့်တဲ့သူကို ချစ်နေကြတယ်။
ကိုယ့်လူတို့က ဖြစ်နေပုံက ဂဠုန်ဦးစောက ပြည်သူ့အချစ်ခံချင်သလို ဖြစ်နေတယ်။ကိုယ့်လူတို့ အမုန်းမခံချင်၊အပြစ်ပြော မခံချင်ရင် ဗိုလ်ချုပ်အောင်ဆန်းလိုတော့ နေကြရမှာပေါ့။
ကိုယ့်လူတို့ ချစ်လို့ ပြောတယ်မှတ်ပါ။
တော်ပီ ဒီလောက်ဆို ဘာကြောင့် ပြည်သူအများစုက မုန်းနေတာဆိုတာ သိလောက်ပြီ။
Credit....မူရင်း
No comments:
Post a Comment