၁၉၄၇ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က နှစ်သစ်ကူး မိန့်ခွန်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီလို ပြောခဲ့ပါတယ်။
“လူထု တင်မြှောက်ပြီး လူတွေရဲ့ အကျိုးကို လုပ်တဲ့ လူထုရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်တယ်” တဲ့
ရှင်းပါတယ်နော်
လူထု မတင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးပိုင်းကို အတင်းနေရာ ဝင်ယူထားသူတွေနဲ့ ဒီမိုကရေစီ မဖြစ်နိုင်ဘူး ဆိုတာ။ ဗိုလ်ချုပ်က အမြော်အမြင်နဲ့ကို ပြောသွားတာ။ ထပ်ပြောသေးတယ်
“Greatest happiness of greatest number” တဲ့ဗျ။ အဲဒါကို ဗိုလ်ချုပ်က ဒီလို ထပ်ရှင်းတယ်
“လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် အဲဒီလို အများဆုံးက ကြိုးကိုင်ပြီး အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးသာ လိုချင်တာပဲ”
ဗိုလ်ချုပ်က သူဖြစ်ချင်တဲ့ ဒီမိုကရေစီကို ရှင်းရှင်းလေးပြောတာ။ လူနည်းစုကို ကြိုးကိုင်ခြယ်လှယ်ပြီး လူနည်းစု မျက်နှာ ထောက်ထားရမယ့် ဒီမိုကရေစီလို့ မပြောပေါင်။
ကိုယ်နေတဲ့တိုင်းပြည်က ဘာစနစ်နဲ့ သွားနေသလဲဆိုတာတော့ သဘောပေါက်ထားဖို့လိုမယ် ထင်တယ်။ ဒီမိုကရေစီစနစ် လမ်းကြောင်းနဲ့ သွားနေတာဆိုရင် အစိုးရတစ်ရပ်ဟာ ဒီမိုကရေစီကို ဘယ်လောက် အကောင် အထည်ဖော်ပေးနေတယ်ဆိုတာနဲ့ပဲ တိုင်းတာကြရမှာ မဟုတ်လား။
ဘာမဟုတ်တဲ့ လူနည်းစု ကောင်းစားရေး၊ လူနည်းစု အခွင့်ထူးခံခွင့်ရရေးကို ဒီမိုကရေစီက ခွင့်ပြုခဲ့သလား။
ဒီမိုကရေစီတို့ရဲ့ ဘိုးအေလို့ခေါ်ရမယ့် ဟိုး အေသင်ခေတ်လောက်ကတည်းက လူနည်းစုမျက်နှာ ထောက်ခဲ့ရင် ဆိုကရေးတီး သေစရာ မလိုဘူး။
ဘီစီ ၃၉၉ လောက်တုန်းက ဆိုကရေးတီးကို တရားစီရင်တော့ ဒီမိုကရေစီနည်းကျကျ မဲခွဲဆုံးဖြတ်ခဲ့တာပဲ။ မဲပေးပိုင်ခွင့်ရှိတဲ့ ဂျူရီပေါင်း ၅၀၀ ရှိတယ်
ဆိုကရေးတီးကို အပြစ်ရှိကြောင်း မဲပေးတာ ၂၈၀
ဆိုကရေးတီးကို အပြစ်မရှိကြောင်း မဲပေးတာက ၂၂၀
ကဲ မဲခွဲဆုံးဖြတ်တဲ့ အဆုံးအဖြတ်ကို လိုက်နာကြရမှာပဲ။ အပြစ်ရှိကြောင်းက များနေတော့ အပြစ်ရှိတယ် ဆိုပြီး တရားစီရင်ရတော့မယ်။
ဘယ်လောက်အတိုင်းအတာအထိ အပြစ်ပေးကြမလဲ။ သေဒဏ်လား၊ တောင်းပန်ရင် ခွင့်လွှတ်လား၊ ပြည်နှင်ဒဏ်လား ဆုံးဖြတ်ကြပြန်တယ်။
ဒီမိုကရေစီဆိုတော့ မဲထပ်ခွဲတယ်
ဂျူရီ ၃၆၀ က သေဒဏ်
ဂျူရီ ၁၄၀ က ဒဏ်ဆောင်ရန်
ကဲ … ဒီမိုကရေစီကပဲ ဆိုကရေးတီးကို သေဒဏ်လို့ သတ်မှတ်လိုက်တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆိုကရေးတီးက အဆိပ်သောက်ပြီး သေဆုံးသွားတယ်။
ပြောရရင် ဒီမိုကရေစီကပဲ ဆိုကရေးတီးကို သတ်လိုက်တယ်ပေါ့။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက တရားစီရင် ရေး။ ဒီမိုကရေစီနည်းကျကျ တရားစီရင်ရေး။
အာဏာရှင်တွေနဲ့ အာဏာရူးတွေ ဘာလို့ ဒီမိုကရေစီကို ကြောက်ကြသလဲဆိုတော့ အများစုနဲ့ ဆုံးဖြတ်ပြီး … အများမဲနဲ့ အနိုင်ယူသွားတတ်လို့။ ဘာလုပ်လုပ် အများစုဆန္ဒနဲ့ မဲခွဲပြီး ဆုံးဖြတ်တတ်လို့။
ဒီမိုကရေစီက လူနည်းစုအရေအတွက်ကို ထည့်ကိုမတွက်တာ ခုမှမဟုတ်တာ။ လူနည်းစုလေးက ငါတို့ မထောက်ခံတာကို အလေးထားကြပါလို့ ပြောတာလည်း ဒီမိုကရေစီနည်းမဟုတ်ပါ။ ဆုံးဖြတ်ရခက်ရင် မဲခွဲပြီး ဆုံးဖြတ်တာ ဒီမိုကရေစီပါ။
ဗိုလ်ချုပ်အောင်ဆန်းကတောင်
“Greatest happiness of greatest number” လို့ ပြောသွားသေးတာ
၁၀၀ မှာ ၂၅ ယောက်လောက်က သူတို့အလိုဆန္ဒအတိုင်း မဖြစ်လို့ ထထအော်တာ ဘာကို သွားသတိရမိသလဲဆိုတော့ ဆရာ မောင်ကိုယု အပြောလေးပါ။
ဆရာမောင်ကိုယုက ဥပဒေသင်တန်းတစ်ခုမှာ လာပို့ချနေတာ။ ကျွန်တော်တို့က ဥပဒေကျောင်းသား မဟုတ်ပေမယ့် သွားနားထောင်တယ်။ ဟိုတစ်ခေတ်က အဲသည်လို လုပ်လို့ရတယ်။
ဆရာမောင်ကိုယုက အပြောကောင်း၊ အဟောကောင်း။ ဆရာကမေးခွန်းထုတ်တယ်
“ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ လမ်းပေါ်မှာ ပုဆိုးချွတ်ပြီး လျှောက်တာ ဒီမိုကရေစီလား” တဲ့
ကျောင်းသားတွေ ရယ်ကြတယ်။
“ဒီမှာ တစ်ခုပြောမယ် ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိတာတော့ မှန်တယ်။ လမ်းပေါ်မှာ ပုဆိုး ချွတ်လျှောက်ရင် သေချာတယ် … အဲဒီကောင် သောက်ရူး” တဲ့
စဉ်းစားဖို့ပါ
ဒီမိုကရေစီခေတ်ဦးက အပြစ်ရှိသူကို လွတ်လပ်စွာ ခုံရုံးဖွဲ့ပြီး တရားစီရင်ကြတယ်။ အဲဒီလို စီရင်တော့ ဒီမိုကရေစီကြောင့်ပဲ ဆိုကရေးတီးသေရတယ်။
အပြစ်ရှိသူတွေ အခွင့်ထူးခံတွေဖြစ်နေတယ်။ တရားစီရင်ခြင်း မခံရသေးဘူး။ အဲဒီလို တရားစီရင်ခြင်း မခံရအောင် အကာအကွယ်ပေးနေတာတွေ ခုခေတ်မှာရှိနေတယ်။
မတရားသူတွေဘက်က တရားဥပဒေ နောက်ကြောင်းပြန်မှာကြောက်တော့ အမျိုးမျိုး စိန်ခေါ် ခြိမ်းခြောက် နေကြတယ်။
ခြောက်အိပ်မက်တွေနဲ့ အိပ်ရာကလန့်နိုးတိုင်း ချွေးပြန်နေသူတွေက
“ငါတို့စကား အလေးထားပါ” လို့ ပြောနေတာ ဘာကြောင့်လဲလို့ သဘောပေါက်ကြမယ်ထင်ပါတယ်။
တင်ညွန့်
၂၉.၃.၂၀၁၉
No comments:
Post a Comment