Twitter Bird Gadget

Wednesday, May 1, 2019

အမြီးနဲ့ခေါင်း


မြွေတစ်ကောင်ပေါ့။ ခေါင်းရှိတယ် အမြီးရှိတယ်။ ဒါ ဆန်းသလား။ အဆန်းမှမဟုတ်တာ။ ဒါပေမဲ့ တောထဲကထွက်လာတဲ့ မြွေအမြီးက မြွေခေါင်းကိုပြောတယ်။

“ခင်ဗျားဗျာ … အမြဲတမ်း ရှေ့ကပဲ ဦးဆောင်နေတယ် … ကျုပ်ကိုရှေ့က ပေးနေပါဦး။ ကျုပ်ဦးဆောင်ပါရစေ”

မြွေခေါင်းပိုင်းက အံ့သြသွားတယ်။

“ဟဲ့ မြွေဆိုတာ ခေါင်းပိုင်းက ဦးဆောင်သွားရတာထုံးစံပဲလေ”

“ဟာဗျာ … အမြီးက ဦးဆောင်သွားတော့ရော ဘာဖြစ်မှာလဲ”

“အမြီးက ဦးဆောင်လို့မရဘူးလေ။ အမြီးမှာ မြင်နိုင်စွမ်း၊ အာရုံခံနိုင်စွမ်း၊ သိမြင်နိုင်စွမ်းတွေမှ မရှိတာ။ ဒါကြောင့် သဘာဝကို မဆန့်ကျင်ချင်ပါနဲ့ကွာ။ မင်း ဦးဆောင်ချင်ရင် ခေါင်းပိုင်းဖြစ်အောင်လုပ်ပေါ့။ ခုတော့ အမြီးဖြစ် နေလို့ နောက်ကလိုက်လေ”

မြွေအမြီးက

“မရဘူး ကျုပ်ပဲ ခေါင်းဆောင်ချင်တယ်။ ခင်ဗျားနောက် မလိုက်နိုင်ဘူး”

အမြီးက ပြောပြောဆိုဆို သစ်ပင်တစ်ပင်ကို အဖြတ်မှာ အမြီးနဲ့ သစ်ပင်ကိုပတ်ထားလိုက်တယ်။

“ဟဲ့ကောင် ဘယ်လိုလုပ်နေတာလဲ။ ဖယ်လိုက်လေ”

“မဖယ်ဘူး။ ကျုပ်ဦးဆောင်ပြီး မသွားရရင် မဖယ်ဘူး”

ဒီလိုနဲ့ အမြီးက သစ်ပင်ကိုပတ်ပြီး မလှုပ်နိုင်အောင် လုပ်ထားတယ်။
အဲဒီအချိန်မှာပဲ တောမီးလောင်နေတာကို ခေါင်းပိုင်းကတွေ့လိုက်ရတယ်

“ဟေ့ကောင် ဟိုမှာ တောမီးလောင်နေပြီ”

“လောင်လောင်ဗျာ”

“သေကုန်လိမ့်မယ်”

“သေသေဗျာ”

“အကျိုးမရှိဘူးနော်”

“ရှိရှိ မရှိရှိ … ကျုပ်ရှေ့က ဦးဆောင်မသွားရသမျှ ခင်ဗျား တစ်ချက်မရွေ့စေရဘူး”

“မီးတွေကနီးလာပြီ”

“နီးနီးဗျာ”

ဒီလိုနဲ့ တောမီးက အနားကိုရောက်လာတဲ့တိုင်အောင် အမြီးက သစ်ပင်ကို ဖက်တွယ်ထားတယ်။

“ဟေ့ လောင်နေပြီ”

“လောင်လောင် … ကျုပ်ဦးမဆောင်ရသမျှ သေသေ”

“အေး သေကိုသေရတော့မှာ”

“ဟာ … ပူတယ်ဗျ”

ပူတော့မှ ဖက်တွယ်ထားတာကိုလွှတ်ပေမယ့် ဘာရတော့မှာလဲ။ အရှင်လတ်လတ် မြွေမီးဖုတ်ဘဝကို ရောက်သွားရတော့တာပဲ။

ဒီပုံပြင်လေးကို မကြာမကြာ သတိရမိတယ်။ ဦးမဆောင်ရရင် သေသေဆိုတဲ့ အရူးတွေက လောကမှာများလေ မြွေတစ်ကောင်တည်းနဲ့ အာဏာလုပွဲကို သတိရလေ။

အသေခံပြီး ဖက်တွယ်ထားမလား

အကျိုးတူပူးပေါင်း အသက်ရှင်မလား

ပညာရေးအရေးကြီးပါတယ်။ အသေခံလိုက်ပါ၊ နေရာကိုတော့ ဘယ်တော့မှ မပေးနဲ့လို့ သင်တဲ့ပညာရေးက အသေခံလူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးတတ်ပါတယ်။

အသက်ရှင်မှုကအရေးကြီးတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ထက် နောက်လိုက်ကောင်း ဖြစ်ဖို့ အရေးကြီးတယ်။ ပူးပေါင်းခြင်းကသာ ရှင်သန်ခြင်းဖြစ်နိုင်တယ်ဆိုတဲ့ သဘောတရားကို သင်နိုင်တဲ့ ပညာရေးက ရှင်သန်မှုကို ဖြစ်စေတယ်။

ဒါပေမဲ့ အသေခံမယ်ဆိုတဲ့သူတွေနဲ့ မြွေလိုတွဲနေရင်တော့ ကိုယ်လည်း ရောပြီး သေမှာပါပဲ။

တင်ညွန့်

No comments:

Post a Comment