ကြီးနှစ်ကြီး
မြန်မာနိုင်ငံတွင် ဝန်ထမ်းများအကြားရေပန်းစားသော ကြီးနှစ်ကြီးရှိသည်။ ဖောင်ကြီးနှင့် ဇီးပင်ကြီး။ ထိုကြီးနှစ်ကြီးကို ကျော်ဖြတ်ပြီးမှသာ ဝန်ထမ်းများအဖို့ရာ ဝန်ထမ်းဘဝရာထူးတိုး သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခံရရေးကို အစဉ်းစားခံရပေမည်။ ထိုကြီးနှစ်ကြီးကို မဖြတ်မနေရ။ ပြည်ထောင်စု(သမ္မတ)မြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဖွင့်လှစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)။ ဝန်ထမ်းအများစုကတော့ ဖောင်ကြီးနှင့် ဇီးပင်ကြီးဟုပင် လွယ်လွယ်အမှတ်သညာပြုထားကြသည်။
ထိုအချိန်
အချိန်ကာလကား ၂ဝ၁ဝ ခုနှစ်။ အာဏာရှင်စနစ်ကို ရွံမုန်းသူ ပြည်သူလူထုကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့သော အထွေထွေရွေးကောက်ပွဲကျင်းပရာ ကာလ။ ထိုရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်စွာပင် ဇီးပင်ကြီး ခေါ် ပြင်ဦးလွင်မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဒေါက်တာကြည်မို့မို့လွင်သည် သူ၏ ဆရာဝန်ဝန်ထမ်းဘဝကို ဇီးပင်ကြီးသင်တန်းသားအဖြစ်နှင့် ဖြတ်သန်းနေခဲ့ရသည်။ သင်တန်းမှာ ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာ (၇)ရက်နေ့မှ ဒီဇင်ဘာ (၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)။
ဒေါက်တာကြည်မို့မို့လွင်တို့လို လက်ထောက်ဆရာဝန်အဆင့်များအပါအဝင် အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိအဆင့်များသည် "ဇေယျ" ဟူသော အမည်အောက်တွင် တစ်စုတစ်စည်းတည်း သင်တန်းတက်ကြရသည်။ ထိုအချိန်က ဆရာဝန်များအဖို့ ထိုသင်တန်းဆင်းလက်မှတ်ရမှသာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရှိသည်။ (ယခုအခါ၌မူ ထိုသင်တန်းပြီးမှသာ ဝန်ထမ်းဆရာဝန်ဖြစ်ခွင့်ရှိတော့သည်။) အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိများအဖို့ရာလည်း ထို့အတူပင်။ ထိုသင်တန်းပြီးမှသာ ရာထူးတိုး အစဉ်းစားခံရမည်ဖြစ်သည်။ ဇေယျအပြင် ဗလ၊ သူရိန်၊ အကြိုဇေယျ၊ မဟာဇေယျ စသဖြင့် ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် အမည်အမျိုးမျိုးပေးထားသော သင်တန်းများရှိသည်။ သင်တန်းတက်ရသည်က ဇေယျအဖို့ (၃)လ။
ဘာတွေသင်
ဇီးပင်ကြီးက သင်တန်းဆရာများကတော့ စာသင်တာမဟုတ်ပါ၊ ဆွေးနွေးတာပါဟု ပြော၍ သမိုင်း၊ နိုင်ငံရေး၊ မွေးမြူရေး၊ စီမံခန့်ခွဲရေး အစရှိသည်ကို နည်းနည်းစီ သင်ကြားပို့ချကြသည်။ သို့သော် သမိုင်းနှင့်နိုင်ငံရေးသင်ခန်းစာများမှာ စစ်အာဏာရှင် သတင်းစာဆောင်းပါးများ၏ အာဘော်များနှင့် သိပ်မကွာလှ။ ထိုအချိန်က ခေတ်စားနေသည့် The Voice ဂျာနယ် ဝါဒများကိုလည်း ပို့ချကြသည်။ သင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးက ခေါင်းစဉ်တစ်ခုအတွက် စင်ပေါ်တက်၍ အလှည့်ကျ ဟောကြားဆွေးနွေးရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ ဂျပန်ခေတ်မောင်းပြန်သေနတ်အစုတ်များနှင့် ကျည်ဆန်(၁၅)တောင့်ပစ်ပြရ၊ သေနတ်ထမ်းခြေထောက်မြှောက်တန်းစီပြရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ (ယခုအခါ သေနတ်အဟောင်းများကို သေနတ်အကောင်းများနှင့် လဲထားသည်ဟု ကြားသိရသည်။)
ဇာတ်လမ်းရဲ့အစ
(၇-၁၁-၂ဝ၁ဝ)တွင် အထွေထွေရွေးကောက်ပွဲကျင်းပသည်။ (၁၃-၁၁-၂ဝ၁ဝ)တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းရှေ့ (၂၁) နှစ်တာကာလအတွင်း စုပေါင်းရေတွက်သော် (၁၅)နှစ်ခန့် နေအိမ်အကျယ်ချုပ်အဖြစ် အာဏာရှင်များ၏ ချုပ်နှောင်မှုကိုခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်အခါ မြန်မာပြည်တဝှမ်းမှ ပြည်သူလူထုအများစုကြီးနည်းတူ ထိုအချိန်က ဇီးပင်ကြီးသင်တန်းတက်ရောက်နေသော ဝန်ထမ်းများလည်း ပျော်ရွှင်ကြသည်။ အားတက်ဝမ်းသာကြသည်။
ပြဿနာအမှတ်တစ်
ရွေးကောက်ပွဲအကြိုကာလ၌ ဇီးပင်ကြီးမှ ဝန်ထမ်းသင်တန်းသားများအား လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများပေးရန် ဖိအားပေးနေသည်ဟူသော သတင်းများသည် နိုင်ငံခြားမှ ထုတ်လွှင့်သည့် မြန်မာရေဒီယိုသတင်းဌာနများနှင့် အင်တာနက်စာမျက်နှာများထက်တွင် ပလူပျံပါဝင်လာသည်။
ပြဿနာအမှတ်နှစ်
ဖောင်ကြီး၊ ဇီးပင်ကြီးသင်တန်းတိုင်းတွင် ကြုံရလေ့ရှိသည့် မှိုင်းတိုက်သူနှင့် မှိုင်းမကြိုက်သူပြဿနာဟု ဆိုလျှင် မမှားချေ။ အာဏာရှင့်အာဘော်များကို ကြားရနာရသည့်အခါ နလပိန်းတုံး မဟုတ်သော ဝန်ထမ်း သင်တန်းသူ၊ သင်တန်းသားများဘက်မှ ပြန်လှန် လှောင်ထေ့သံများ တသောသောညံလာခဲ့ကြရသည်။ အထူးသဖြင့် ဒေါက်တာကြည်မို့မို့လွင်တက်ရောက်နေသော ဇီးပင်ကြီးသင်တန်းအချိန်ကာလသည် မြန်မာပြည်နိုင်ငံရေးရေချိန်အလှုပ်နှင့်တိုက်ဆိုင်နေရာ သင်တန်းသူများနှင့် သင်တန်းသားများ မကြုံစဖူးအောင် စည်းလုံးရင်းနှီး၍ အာဏာရှင်စနစ်ကို အပြောင်ကြီးပြောင်၊ အလှောင်ကြီးလှောင်ကြတော့သည်။ (၎င်း အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)ပြီးနောက်ပိုင်း ဖွင့်လှစ်သော သင်တန်းအမှတ်စဉ် (၃၄)တွင် သင်တန်းသားသပ်သပ်၊ သင်တန်းသူသပ်သပ် ခွဲခြားပို့ချခဲ့ရသည်အထိပင် ဖြစ်ခဲ့သည်ဟုသိရသည်။)
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
ထိုသို့ ကြိုတင်မဲသတင်းများတက်လာပြီး မရှေးမနှောင်းမှာပင် ဇီးပင်ကြီးတွင် ဇေယျသင်တန်းမှ ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိအမျိုးသားတစ်ယောက်တို့သည် စင်ပေါ်တက်၍ တက်ရောက်ဆွေးနွေးရန် အလှည့်ကျလာသည်။ ဆွေးနွေးရမည့် ခေါင်းစဉ်အမည်က "ပြည်ထောင်စုစိတ်ဓာတ်"။ ဒေါက်တာကြည်မို့မို့လွင်က စပြီး ဟောပြောရသည်။ ထိုစဉ်က သူ့အသက်က (၂၈)နှစ်ခန့်အရွယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသည်က နာမည်ကျော် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှာ ဝန်ထမ်းဆရာဝန်။ ဒေါက်တာကြည်မို့မို့လွင်ကား ကြောက်ရွံ့ခြင်းမှ ကင်းလွတ်သူ တစ်ဦး။ ထိုဟောပြောပွဲမှာ သူပြောခဲ့သည့် စကားတစ်ခွန်းကိုပင်ကြည့်။ "........... သူတို့ အာဏာရှင်တွေ သူတို့ဘာသာသူတို့ စည်းလုံးကြသလို ကျွန်မတို့ပြည်သူတွေဘက်ကလည်း ပြည်သူပြည်သားအချင်းချင်း တသွေးတသားတည်း စည်းလုံးကြမှဖြစ်မယ်။ ............ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အလိမ်အညာတွေနဲ့ တည်ဆောက်လို့မရဘူး။ စေတနာမျိုးစေ့မှန်မှ စိုက်တဲ့အပင်က သန်မှာပေါ့"။ လက်ခုပ်သံများ ညံသွားသည်။ နားထောင်နေသည့် ဝန်ထမ်းသင်တန်းသူသင်တန်းသားများက ကောင်းချီးသြဘာပေးကြသည်။ ထို့နောက် လယ်ယာစိုက်ပျိုးရေးမှ အသက်(၄၄)နှစ်ခန့် ဦးစီးအရာရှိအမျိုးသားကလည်း တက်ရောက်ဟောပြောဆွေးနွေးသည်။ ထိုဆရာကလည်း မိုးကျရွှေကိုယ်ကိစ္စများ၊ နယ်ခြားစောင့်တပ်ကိစ္စများ ထည့်သွင်း ဆွေးနွေးခဲ့သည်။ အုန်းအုန်းထ အားပေးကြသည်။ လာရောက်နားထောင်သည့် ဇီးပင်ကြီးမှ တာဝန်ရှိသူများကတော့ မျက်စိမျက်နှာ ကွက်ခနဲ ပျက်သွားလေသည်။
ငြိုးမာန်ဖွဲ့လေသလား
ဒေါက်တာကြည်မို့မို့လွင်တို့ ထိုသို့ ဟောပြောဆွေးနွေးသည်မှာ သင်တန်းကာလ(၃)လ၏ တစ်ဝက်၊ ၂ဝ၁ဝ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီကာလ၊ အောက်တိုဘာ-နိုဝင်ဘာ စပ်ကူးမတ်ကူး။ သင်တန်းဆင်းရမည်က ဒီဇင်ဘာလ (၉)ရက်နေ့။ သင်တန်းဆင်းရမည်ဆိုတော့ ဖောင်ကြီး၊ ဇီးပင်ကြီးတို့ထုံးစံအတိုင်း စစ်ရေးပြအခမ်းအနားတွေဘာတွေ ပါလာသည်။ သံချေးတက်နေသည့် ဂျပန်ခေတ်မောင်းပြန်သေနတ် ကိုယ်စီထမ်းကာ သြင်္ကန်ယိမ်းကသလို ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်၊ ဟိုကွေ့ဒီလျှောက်လေ့ကျင့်ကြရသည်။ အားလုံး သတိ၊ အေးစေ၊ သက်သာတွေဘာတွေ လုပ်ကြရသည်။ ဒီဇင်ဘာ (၉)ရက် စစ်ရေးပြ အခမ်းအနားမတိုင်ခင် သုံးရက်ခန့်အလိုတွင် ဒေါက်တာကြည်မို့မို့လွင်ထံ သင်တန်းက အကြောင်းကြားလာသည်။ အာတီယူ (Return to Mother Unit) ဆိုလျှင် တော်ဦးမည်။ အခုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေအောင် ဟောပြောမှုဟု အကြောင်းပြ၍ အလုပ်မှ (Force to retire) ထုတ်ပယ်လိုက်သည့်အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ)ကိုပါ သိမ်းလိုက်ကြသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပို့၍ အလုပ်ဖြုတ်ခိုင်းသည် ဆို၏။ တောက်!!!
ဒီဇင်ဘာမျက်ရည်
သင်တန်းက ဆင်းခါနီးပြီ။ တေ့ဖြုတ်လိုက်ကြသည်။ သင်တန်းကာလတစ်ဝက်က ဟောပြောခဲ့သည့်အမှုကို စောစောအရေးယူလျှင် ဝန်ထမ်းသင်တန်းသူ သင်တန်းသားများ အုံကြွမှုဖြစ်မည်စိုးသဖြင့် သင်တန်းဆင်းခါနီး ရက်ပိုင်းအလိုမှ အရေးယူပြလိုက်သည်။ ဒေါက်တာကြည်မို့မို့လွင်အပါအဝင် သူနှင့်အတူ စင်ပေါ်တက်ဆွေးနွေးခဲ့သည့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိလည်း အလုပ်ဖြုတ်ခံလိုက်ရသည်။ နိုင်ငံတော်ပုန်ကန်မှုလောက်ပင် အပြစ်ကြီးသည်ဟု လေသံလွှင့်သည်။ သင်တန်းသူ၊ သင်တန်းသားတို့ မျက်ရည်မဆည်နိုင်ဖြစ်ကြရသည်။ သုံးလတာကာလ အတူတူသင်တန်းတက် ရင်းနှီးခဲ့ကြရသော ဝန်ထမ်းမိတ်ဆွေအချင်းချင်း စာနာကြသည်။ မတရားမှုကို ငုံ့မခံလိုကြ။ သို့သော် ရင်းရမည့် အရင်းအနှီးက ကြီးသည်။ ဇီးပင်ကြီးသင်တန်းမှ ဇေယျ (၃၃) သင်တန်းသူသင်တန်းသားအားလုံး သင်တန်းဆင်းလက်မှတ်မယူဘဲ နားလိုက်ကြရန် ပထမစဉ်းစားသေးသည်။ သို့သော် ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေး အရာရှိတို့က တားကြသည်။ သည်းခံလိုက်ကြပါ။ ကျွန်တော်ကျွန်မတို့အတွက်နဲ့ ရှင်တို့မင်းတို့ဘဝတွေ အပျက်မခံကြပါနဲ့ဟုဆိုသည်။ လူတစ်ယောက်၏ ဘဝကို နင်းခြေရန် အဲသလောက်လွယ်ကူသလား။ တက်တခေါက်ခေါက်နှင့် စစ်ရေးပြပြီး သင်တန်းဆင်းလိုက်ကြရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် စဥ့်ကိုင်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဆရာဝန်တစ်ဦးဟု သိရသည်။ သူ ဘယ်သူလဲ။ မန္တလေးဆေးတက္ကသိုလ်ဆင်း ဒေါက်တာကြည်မို့မို့လွင်ဖြစ်နေသည်။ လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလက ဇီးပင်ကြီးဝန်ထမ်းသင်တန်းတွင် အာဏာရှင်ဆန့်ကျင်ရေး ဟောပြောမှုတစ်ခုကြောင့် အလုပ်မှထုတ်ပယ်၊ ဆမသိမ်းခြင်းခံခဲ့ရသည်အထိ အရက်စက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်လောင်းစစ်စစ်။ ၂ဝ၁ဝ မှသည် ၂ဝ၁၅။ ငါးနှစ်အကြာမှာ သူပြန်လာပြီ။ အလုပ်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသိမ်းခံလိုက်ရသော ဆမကလေးကို အကြိမ်ကြိမ် ပြန်လည်ကြိုးစားလျှောက်ထားပြီးနောက် ဆမ ပြန်လည်ရရှိခဲ့သည်ဟုသိရသည်။ ထို့နောက် စဥ့်ကိုင်မြို့နယ်အတွင်းက ကျေးရွာကလေးတစ်ရွာတွင် ကိုယ်ပိုင်ဆေးခန်းကလေးတစ်ခန်း စတင်ဖွင့်လှစ်၍ ဘဝကို ပြန်လည် အခြေတည်ခဲ့ရသည်။ ပရဟိတလုပ်ငန်းများတွင် ဘဝကို နှစ်မြှုပ်ခဲ့ရသည်။ အခု မဲဆွယ်သည့်ကာလ ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သော သူ၏ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်ရမှ သူ၏ ရုန်းထနိုင်စွမ်းအားကို တွေ့လိုက်ရသည်။ မုန်တိုင်းကြားမှ တိုးထွက်လာသည့် သစ္စာပန်းတစ်ပွင့်။ သတ်သော်လည်း မသေသည့် စိတ်ဓာတ်။ ဒေါင်ဒေါင်မြည် ဒေါင်း။
ညို ကြီး
No comments:
Post a Comment