တစ်လောက မန္တလေးမြို့ကို အာဆီယံစမတ်စီတီး ဆယ်မြို့စာရင်းမှာဖော်ပြလိုက်တာကြောင့် စမတ်စီးတီးဆိုတာ စကားလုံးက ခေတ်စားလာတယ်။ ဒီတော့ စမတ်စီးတီးဆိုတာ ဘာလဲလို့ သိထားဖို့လိုလာပါတယ်။
နောက်ခံသမိုင်း
၂၀၃၀ ရောက်ရင် အာဆီယံနိုင်ငံတွေမှာနောက်ထပ်လူသန်း ၉ ၀ လောက် မြို့ပြတွေကို ရွှေ့ပြောင်း နေထိုင်ကြလိမ့်မယ်။ အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄၀% ဟာ လူဦးရေ နှစ်သိန်း နဲ့ နှစ်သန်းကြားမှာရှိတဲ့ မြို့ပြတွေအပေါ်မှာ မှီခိုနေရလိမ့်မယ်။ အာဆီယံစမတ်စီးတီးဆိုတာက အဲဒီမြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ် တာ ဖြစ်ပါတယ်။ စမတ်စီးတီးလို့ဆိုတာကြောင့် နည်းပညာအခြေပြုဖွံ့ဖြိုးရေးသက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒစ်ဂျစ်တယ်နည်းပညာရော၊ နည်းပညာမသုံးတဲ့နည်းလမ်းတွေရော အခြေခံပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။
စမတ်စီးတီးဆိုတဲ့ အယူအဆကို လက်ရှိအာဆီယံဥက္ကဌ စင်္ကာပူနိုင်ငံကတင်ပြခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ စမတ်စီးတီးကွန် ယက် ( ASEAN Smart Cities Network , ASCN) ဆိုင်ရာသဘောထား တင်ပြချက်စာတမ်းကိုအတည် ပြုခဲ့တယ်။အဲဒီနောက်မှာတော့စမတ်စီးတီးနဲ့ဆိုင်ရာအလုပ်ရုံ ဆွေး နွေးပွဲတစ်ခုကို မေ ၂၂ ရက် နေ့က နေ ၂၅ ရက်နေ့အထိ စင်္ကာပူမှာပြုလုပ်ခဲ့ပြီး စမတ်စီးတီး လုပ်ငန်းစီမံချက် (၂၀၂၅) နဲ့ စီမံချက်မူဘောင်တွေ ကို အတည်ပြုခဲ့တယ်။
မဟာဗျူဟာရည်မှန်းချက်
အာဆီယံစမတ်စီးတီးစီမံချက်ဟာ မြို့ပြပြည်သူများကို အောက်ပါမဟာဗျူဟာ ရလဒ် သုံးခုခံစား နိုင်အောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်-
၁။ အရည်အသွေးမြင့်မားသော လူနေမှုဘ၀ ။
၂။ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားသော စီးပွားရေးအခြေအနေ။
၃။ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်။
ဦးစားပေးကဏ္ဍများ
အထက်ပါမဟာဗျူဟာရလဒ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်အောက်ပါကဏ္ဍ ၆ ရပ်မှာ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်-
၁။ မြို့ပြလူမှုဘ၀
စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှု၊ မြို့ပြအုပ်ချုပ်ရေး၊ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်များထိန်းသိမ်းမှု၊ သဟဇာတဖြစ်သော လူမှုပတ်ဝန်းကျင်။
၂။ ကျန်းမာပျော်ရွှင်သောပတ်ဝန်းကျင်
အိမ်ယာစီမံကိန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး။
၃။ လုံခြုံဘေးကင်းမှု
ရာဇဝတ်မှုကာကွယ်ရေးနဲ့ နှိမ်နင်းရေး၊ အများပြည်သူလုံခြုံမှု၊ ဆိုင်ဘာ လုံခြုံ ရေး၊ သောက်သုံးရေအရင်းအမြစ်နဲ့ စားနပ်ရိက္ခာဖူလုံရေး။
၄။ အရည်အသွေးပြည့် သဘာဝပတ်ဝန်းကျင်
ဂေဟစနစ်၊ ဇီဝမျိုးကွဲများစုံလင်မှု၊ သယံဇာတ ထိန်းသိမ်းမှု၊ သဘာဝဘေးဒဏ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ်ရင်ဆိုင်နိုင်ရေး။
၅။ အခြေခံအဆောက်အအုံ
စွမ်းအင်၊ ရေ၊ ပို့ဆောင်ရေး၊ အဆောက်အဦ၊ ရေဆိုးသန့်စင် ရေး။
၆။ တီထွင်ဆန်းသစ်သောစီးပွားရေး
စွန့်ဦးတီထွင်လုပ်ငန်းများ၊ ကုန်သွယ်မှု၊ နည်းပညာတီထွင် ဆန်းသစ်မှု၊သုတေသန။
အာဆီယံစမတ်စီးတီးများ
လက်ရှိအချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မိမိနိုင်ငံအတွင်းမှာ စမတ်စီးတီးအဖြစ် ဆောင်ရွက် ဖို့ လျာထားတဲ့ မြို့ ၂၆ မြို့ရှိပါတယ်။ မြန်မာနိုင်ငံကတော့ နေပြည်တော်၊ ရန်ကုန် နဲ့မန္တလေးတို့ ကို ရွေးချယ်ထားပါတယ်။
ပြန်ချုပ်လိုက်ရင်တော့ စမတ်စီးတီးဆိုတာ မြို့ပြနေ ပြည်သူများရဲ့ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုး တက်အောင်၊ နေပျော်တဲ့၊ စီးပွားရေးအခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်တဲ့၊ လုံခြုံစိတ်ချရတဲ့ ပတ် ဝန်းကျင်တစ်ခု ပိုင်ဆိုင်အောင် နည်းပညာရော၊နည်းပညာမဟုတ်တဲ့ တီထွင်ဆန်းသစ်တဲ့ နည်း လမ်းများကို အသုံးချဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။
ASCN မူဘောင်မှာတော့ စမတ်စီးတီး စီမံချက် ဟာ ပြည်သူကို ဗဟိုပြုရမယ်၊ သဟာဇာတဖြစ်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရမယ်၊ လူ့ အခွင့်အရေး နဲ့ အခြေခံကျတဲ့လွတ်လပ်ခွင့်တွေကို ပိုင်ဆိုင်ခွင့်ပေးရမယ်လို့ဆိုထားပါတယ်။
ကိုးကား
ASEAN Smart Cities Framework 8-7-2018
Information Paper , ASEAN Smart Cities Governance Workshop 22 - 7-2018
#yehtutarticle
#ASEAN
No comments:
Post a Comment