Twitter Bird Gadget

Friday, October 12, 2018

ပြည်သူ့နီတိ နှင့်နိုင်ငံရေးနီတိ


ကျွန်တော်သည်အမြို့မြို့အနယ်နယ်သို့ စာပေဟောပြောပွဲများဖြင့်ရောက်ခဲ့ပါသည် ။ စာပေဟောပြောပွဲဆိုသော်လည်း ခေါင်းစဉ်အမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးဖြင့်ကျင်းပကြသော စကားပြောပွဲများဖြစ်ပါသည် ။ မေတ္တာနှလုံးသား ရသနိုင်ငံတော်ဟူသောခေါင်းစဉ်ဖြင့်  ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ၊စဉ်းစားတွေးခေါ ်ဉာဏ်ရင့်သန်ရေး၊ ရသစာပေထွန်းကားပျံ့ပွားရေးစသည့်ဦးတည်ချက်ဖြင့် ဟောပြောရသောပွဲမျိုးရှိသလို ၊ သင့်မြတ်ငြိမ်းချမ်းအနာဂတ်လမ်း ဟူသောခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံချစ်ကြည်ရေး ၊အမျိုးသားရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး ဦးတည်ချက်များဖြင့် ပြုလုပ်သော ဆွေးနွေးပွဲများလည်းရှိပါသည် ။ အချို့ နေရာများတွင် ပြည်သူ့နီတိ ပညာပေးဟောပြောပွဲများကိုလည်း အခြေခံပညာကျောင်းများတွင်ဟောပြောရပါသည် ။ မြန်မာစာရေးဆရာကလပ်နှင့် Royal Myanmar Teamix ကုမ္မဏီတို့ ပူးပေါင်း၍ သက်ဆိုင်ရာပညာရေး အာဏာပိုင်တို့၏ခွင့်ပြုချက်ဖြင့် ကျင်းပသောကျောင်းတွင်းဟောပြောပွဲများဖြစ်သည် ။ နိုင်ငံရေးနှင့်ပတ်သက်သောဟောပြောဆွေးနွေးပွဲများကိုတော့ ကမ်းလက်ဟူသော ပရဟိတအဖွဲ့ကစီစဉ်တာများသည် ။ သင့်မြတ်ငြိမ်းချမ်းအနာဂတ်လမ်း ဟူသောခေါင်းစဉ်ဖြင့်  မြန်မာနိုင်ငံအလယ်ပိုင်းမြို့တမြို့တွင် ၅.၉.၂၀၁၈ နေ့ကဟောပြောသောအခါ ကျွန်တော်တို့စာရေးဆရာသုံးဦးနှင့်အတူ ဆရာတော်နှစ်ပါးပါ  ပါပါသည် ။ ဆရာတော် တပါးကသူ့အလှည့်ရောက်၍ မိုက်ကရိုဖုန်းကိုကိုင်ကာ ဟောပြောနေစဉ် အသက်ကြီးပိုင်းထဲက မြို့ခံ စာရေးဆရာကြီးတယောက်သည် သူရေးထားသော စာတိုပေစများကို မိတ္တူဆွဲကာ ပရိသတ်ကို လိုက်ဝေပါသည် ။သူကတော့ သူ့လက်ရာများကို အများသူငှာဖတ်စေချင်သည့် စေတနာဖြင့်ဝေငှခြင်းဖြစ်ပါသည်။ သို့သော် အခမ်းအနားတွင် ပရိသတ်များ အာရုံစိုက်၍မရတော့ ။ ဆရာတော် စကားပြောနေသည်ကို ကြောပေးကာ စာရွက်များလိုက်ဝေခြင်းဖြစ်ပါသည် ။ထိုသို့ဝေငှရန်အခမ်းအနားအစီအစဉ်ထဲမှာလည်းမပါပါ ။ သူ့သဘောနှင့်သူလုပ်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့်ဆရာတော်ကိုမလေးစားရာရောက်သလို ပရိသတ်မှာလည်း လှုပ်လှုပ်ရွရွဖြစ်ကုန်ပါသည် ။ စာရေးသူကအမြင်မတော်သဖြင့် ထိုစာရေးဆရာကြီးအား စာရွက်များကို ယခုမဝေဖို့ ၊ လက်ဖက်ရည်သောက်ရန်ခေတ္တရပ်နားချိန်ရောက်မှ ဝေဖို့ပြောပါသည် ။ သို့သော် ထိုဆရာကြီးကနားမထောင်ပါ ။သူလုပ်ချင်တာကိုသာဆက်လက်လုပ်ဆောင်ပါသည် ။ ထိုအခါ စကားပြောနေသော ဆရာတော် ဦးသောဘိတက

“လူတွေဟာ အခြေခံ လူ့ကျင့်ဝတ် နီတိကိုမှ မသိကြတော့ပါလား “ ဟုထည့်သွင်း မိန့်ကြားပါသည် ။ ဟောပြောပွဲအပြီး တက်ရောက်လာသော ပရိသတ်နှင့်အမေးအဖြေကဏ္ဍ တွင် ကိုယ်ပိုင်အထက်ကျောင်းမှတက်ရောက်လာသော ဆယ်တန်းကျောင်းသူလေးများထဲမှ တယောက်က

“ဘုန်းဘုန်းပြောသွားတဲ့အထဲမှာ အခြေခံလူ့ကျင့်ဝတ် ဆိုတဲ့စကား ပါပါတယ် ။ အဲဒါဟာဘာကိုပြောတာလဲ သိပါရစေ “ဟုမေးပါသည် ။ ဆရာတော်ကအခြေခံလူ့ကျင့်ဝတ်ဆိုသည်မှာ အခမ်းအနားများတွင် လက်ကိုင်ဖုန်းကို အသံပိတ်ထားခြင်း ၊အော်ကြီးဟစ်ကြယ်စကားမပြောခြင်း ၊ အစီအစဉ်အရ မိန့်ခွန်းစသော စကားပြောနေသည်ကိုနားမထောင်ပဲ ဆူညံနေခြင်း စသော လူကြီးလူကောင်းများလိုက်နာသင့်သော ကျင့်ဝတ်များဖြစ်ကြောင်း ၊ မြန်မာတို့သည် ဗုဒ္စဘာသာဟုအမည်ခံသော်လည်း ဗုဒ္စဘာသာကသွန်သင်ဆုံးမသည့်အထဲတွင်ပါဝင်သော ဤကျင့်ဝတ်များကိုလိုက်နာမှုအားနည်းကြောင်း ၊ အနောက်တိုင်းသားများအများစုသည် ဗုဒ္စဘာသာဝင်များမဟုတ်သော်လည်း ဤလူမှုရေး ကျင့်ဝတ်များကို လေးစားလိုက်နာသူကများကြောင်း ။ ဤသို့ဖြစ်ရခြင်းမှာ ကျင့်ဝတ်(နီတိ )ကို လေးစားလိုက်နာသူများသောနိုင်ငံတွင် အကျင့်ကောင်းများကိုအတုမြင်အတတ်သင်အဖြစ်ရရှိခြင်းဖြစ်နိုင်ကြောင်း ၊ မြန်မာနိုင်ငံတွင်တော့ အခြေခံလူ့ကျင့်ဝတ်များကို မလေးစားမလိုက်နာသူကများသောကြောင့် အတုမြင်အတတ်သင်ဆိုသလို အခြေခံလူ့ကျင့်ဝတ်များကိုဖောက်ဖျက်သူများလာကြဟန်တူကြောင်း မိန့်ကြားပါသည် ။

        မြောက်ဥက္ကလာတွင်လည်း စာပေဟောပြောပွဲတပွဲကြုံဖူးပါသည် ။ ဟောသည့်အထဲတွင်ကျွန်တော်တော့မပါပါ ။ ထိုညက ဆရာမဂျူး ဟောပြောပါသည် ။ သဘာဝပတ်ဝန်းကျင်အကြောင်းကို ဆရာမဂျူးက စိတ်ဝင်စားဖွယ်ဖြစ်အောင် တဖြည်းဖြည်းနှင့် ဆွဲခေါ ်လာရာ ပရိသတ်သည် အလွန်စိတ်ဝင်စားပြီး စာရေးဆရာ၏ ဟောပြောမှုတွင် နစ်မျောနေကြပါသည် ။ ထိုသို့စိတ်ပါလက်ပါဟောပြောနေစဉ်တွင်မှ စာပေဟောပြောပွဲကော်မတီသည် လူငယ်များကို ပရိသတ်ထဲသို့စေလွှတ်ပြီး ကောက်ညှင်းပေါင်းများလိုက်လံဝေငှပါတော့သည် ။ မကြာခင်က စိတ်ဝင်တစားငြိမ်သက်နေကြသော ပရိသတ်မှာ မည်သို့မျှ ငြိမ်အောင်ထိမ်း၍မရတော့ ။ သူ့ကိုပေးပါ ၊ငါ့ကိုပေးပါ ၊ ဒီဘက်ကမရသေးဘူး ၊ဟိုကိုပေးပါဦးဟ စသည်ဖြင့်ကြွက်ကြွက်ညံကာ ဟောပြောနေသူ ဒုက္ခရောက်တော့သည် ။ ကျွန်တော်လည်းမွေးရပ်ဇာတိပြည်မြို့တွင်ကြုံဖူးသည် ။ ဘားကမ့် အဖွဲ့ကကျင်းပသောဟောပြောပွဲတွင်ဖြစ်သည် ။ အ.ထ.က(၁) ပြည်၏စာသင်ခန်းထဲတွင် ဟောပြောရသည် ။ဟောပြော၍ကောင်းနေစဉ် Tempo တက်နေကာမှ ပြည်(ဘားကမ့်)အဖွဲ့မှလူငယ်တသိုက် ကျွန်တော်ဟောပြောနေသောအခန်းထဲသို့ဝင်လာကာ နားထောင်နေသောပရိသတ်အား တီရှပ်အကျၤ ီများလိုက်လံဝေငှတော့သည် ။ ပရိသတ်ကား ဝရုန်းသုန်းကား တီရှပ်နောက်သို့ပါသွားတော့သည် ။ မြန်မာအတော်များများသည် ဤ ကျင့်ဝတ် နီတိကို မသိကြ ။ စာပေဟောပြောပွဲတွင်ရှေ့ဆုံးတန်းမှထိုင်ကာ အော်ကြီးဟစ်ကျယ် စကားလက်ဆုံကျနေသည်များလဲ ရှိကြသည် ။ပြည်သူ့နီတိဟောပြောပွဲများတွင်ပင် နီတိကင်းမဲ့နေကြတာလည်းတွေ့ရသည် ။နားထောင်သောကျောင်းသားကျောင်းသူများ၊စကားတွေဖောင်လောက်အောင်ဖွဲ့နေကြတာကိုလည်းတွေ့ရသည် ။ အချို့သော ပုဂ္ဂိုလ်များက ဖုန်းအကျယ်ကြီးပြောနေတာတွေလည်းရှိသည် ။

            တကယ်တော့ ပြည်သူ့နီတိ ဆိုသည်မှာ ထွေထွေထူးထူးဘာမှမဟုတ် ။ ကိုယ့်အတွက်နှင့်သူတပါးစိတ်အနှောက်အယှက်မဖြစ်ရလေအောင် ကာယကံနှင့်ဝစီကံကို ထိမ်းချုပ်သော အပြုအမူသာဖြစ်သည် ။ အင်္ဂလိပ်လို ပြည်သူ့နီတိကို Civics ဟုလည်းခေါ်သည် ။ Citizenship Education ဟုလည်းခေါ ်သည် ။ manners ဟုလည်းခေါ ်၍ရမည် ။ Ethic (ကျင့်ဝတ်)ဆိုလျှင်လည်းမမှား ။ အဓိက မှာ မိမိကြောင့် သူတပါးအနှောက်အယှက်မဖြစ်စေခြင်းနှင့်နိုင်ငံကြီးသားပီသခြင်းဖြစ်သည်။နီတိ (ခေါ ်)ကျင့်ဝတ်နှင့် ဥပဒေ၏အဓိကကွာခြားချက်မှာ ဥပဒေသည် ချိုးဖောက်လျှင် ပြစ်ဒဏ်ပေးခြင်းဆိုသော နောက်ဆက်တွဲကိစ္စရှိသည် ။ Law and Punishment ဟူ၍ ပြစ်မှုနှင့်ပြစ်ဒဏ်သည်တွဲနေသည် ။ သူများပစ္စည်းမခိုးရ (ခိုးခဲ့လျှင်ထောင်ဒဏ် )စသည်ဖြင့် သတ်မှတ်ပြီးသားရှိသည် ။ ကျင့်ဝတ်(နီတိ)မှာကျ ထိုသို့မဟုတ် ။ နီတိဆိုသည်မှာ လိုက်နာလျှင်ကောင်းသည် ။ မလိုက်နာလျှင်လဲ မည်သူကမျှ ပြစ်ဒဏ်ချမှတ်မည်မဟုတ် ။ သို့သော်အားလုံးကအထင်သေးသောအကြည့်ဖြင့်ကြည့်ကြမှာသေချာသည် ။ တန်းစီ၍ငွေရှင်းသောနေရာတွင် တန်းမစီပဲ ရှေ့မှဝင်လိုက်လျှင် အဖမ်းခံရမည်တော့မဟုတ် ။ ဒဏ်ဆောင်ရမည်မဟုတ် ။ သို့သော် သင်သည် နိုင်ငံကြီးသားမပီသသူ ၊ ရိုင်းပျသူအဖြစ် သတ်မှတ်သော အကြည့်များကိုရင်ဆိုင်ရမည်ဖြစ်သည်။ အချို့ခပ်စွာစွာသူများနှင့်တွေ့လျှင် အပြောအဆိုရန်တွေ့ခံရနိုင်သည် ။ အဘယ့်ကြောင့်ဆိုသော သင်၏အပြုအမူသည် မိမိရှေ့မှတန်းစီနေသူများ ကို စိတ်အနှောက်အယှက်ဖြစ်အောင်ပြုလုပ်မိသောကြောင့်ဖြစ်သည် ။ ထို့ကြောင့် ကလေးများကို ကျောင်းများတွင် ပြည်သူ့နီတိဟူ၍ ဟောပြောပွဲများဟောပြောရာတွင် အဓိကအားဖြင့်

တန်းစီရသောနေရာတွင်စနစ်တကျတန်းစီဖို့

အမှိုက်ပစ်သောနေရာတွင်စနစ်တကျအမှိုက်ပစ်ဖို့

စားသောက်သောနေရာတွင်စနစ်တကျစားသောက်ဖို့ ( Table manner )

အခမ်းအနားများတွင် စနစ်တကျ ယဉ်ကျေးစွာနေတတ်ကြစေဖို့

လူအချင်းချင်းခေါ ်ပြောနှုတ်ဆက်မှတွင်ယဉ်ကျေးကြစေဖို့ ကိုအဓိကထား၍ စာရေးဆရာအားလုံးကဟောပြောကြပါသည် ။ တကယ်တော့ ပြည်သူ့နီတိဆိုသည်ကို တကျောင်းနှစ်ကျောင်း ကြုံသည့်ကျောင်းများတွင် တမနက်ခန့်ဟောပြောရုံနှင့်လုံလောက်သည်မဟုတ် ။ အခြေခံပညာရေးသင်ရိုးညွှန်းတန်းထဲတွင် မသင်မနေရ ဘာသာရပ်အဖြစ်ထည့်သွင်းပြဌာန်းသင့်သော ဘာသာရပ်ဖြစ်သည် ။ဦနုအစိုးရလက်ထက်က မြန်မာနိုင်ငံတွင် ကျောင်းများ၌ ပြည်သူ့နီတိဘာသာရပ်ကိုသင်ကြားပေးခဲ့သော်လည်း  ဦးနေဝင်းအစိုးရလက်ထက်တွင် ကျောင်းများ၌ သင်ကြားမပေးတော့ပေ ။ ထိုအခါ မြန်မာလူငယ်များအကြား ယဉ်ကျေးမှုလစ်ဟာမှုကြီးများဖြစ်လာပါတော့သည် ။ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် သူတို့ဆီ၌ လူအများ သိပြီးသားအခြေခံအချက်ကလေးတွေကိုပင် မသိသားဆိုးရွားသော မြန်မာလူငယ်များ ၊ လူကြီးများ ပေါ ်ပေါက်လာတော့သည် ။ စားသောက်ဆိုင်များတွင်အများသူငါစားသောက်နေစဉ်အတွင်း သလိပ်ဟပ်သော ၊ ဝေါ့ -ထွီစသည်ဖြင့် ပြုလုပ်သော မြန်မာ များစွာကို တွေ့နိုင်ပါသည် ။ထိုအခါ အတူစားသုံးနေသူ နိုင်ငံခြားသားများသည် ပါးစပ်ကဖွင့်မပြောသော်လည်း အလွန်ရိုင်းပျသောလူများပေတကား ၊ ဘယ်ကအရိုင်းအစိုင်းတွေပါလိမ့်ဟူသောအကြည့်များဖြင့်ကြည့်ကြတာကို ဧည့်လမ်းညွှန်ဘဝဖြင့် သွားရင်းလာရင်းမကြာခနကြုံတွေ့ဖူးပါသည် ။ ယခင်အခါများက ပုဂံမြို့ ပုဂံဟိုတယ်တွင်အောက်ပါတိုင်း ဟိုတယ်အခန်းတွင်းတွင် မြန်မာဘာသာဖြင့်စာကပ်ထားပါသည်။

“မိတ်ဆွေ

သင်သည်မနက်စောစော ခံတွင်းရှင်းစေရန် သလိပ်ဟပ်၍ အာခေါင်ခြစ်ပြီး ကျယ်လောင်စွာအသံထွက်ပြုမူတတ်သော ဓလေ့ရှိပါလျှင် ဧရာဝတီမြစ်ကမ်းပါး ၊ လူမရှိသောနေရာသို့သွား၍ အားရပါးရပြုလုပ်ပါရန်မေတ္တာရပ်ခံပါသည် ။ ဟိုတယ်ခန်းအတွင်းဆူညံမှုမပြုလုပ်ပါနှင့် “ ဟူ၍ဖြစ်သည်။ထိုစာသားကိုတွေ့ကာစကကျွန်တော်သည် ဟိုတယ် မန်နေဂျာကို အတော်မကြေမချမ်းဖြစ်မိပါသည် ။ သို့သော်မန်နေဂျာ မစ္စတာဗော့မှာအလွန်သဘောကောင်းသော ဂျာမန်ကြီးဖြစ်ပါသည်။ ထိုသို့ရေးရသည်မှာလည်း အချို့သော မြန်မာဧည့်သည်များသည် မနက်စောစောဟိုတယ်အခန်းတွင်းကျယ်လောင်စွာ သလိပ်ဟပ်ကြသောဓလေ့ကြောင့် ဘေးပတ်ဝန်းကျင်အခန်းများတွင် တည်းခိုနေကြသော နိုင်ငံခြားသားများမှ အိပ်ရေးပျက်ကာ တိုင်ကြတောကြ မကြာခနကြုံရသောကြောင့်ဖြစ်သည် ဟု သိရတော့ ဟိုတယ်ကိုစိတ်မဆိုးနိုင် ၊ ဒါလေးတွေကအစလိုက်ပြောနေရသော မိမိလူမျိူးများအဖြစ်ကိုသာစိတ်မကောင်းဖြစ်ရလေသည် ။ဒါတွေသည် ဥပဒေဖြင့်တားမြစ် ပြစ်ဒဏ်ချ၍မရသော ပြည်သူ့နီတိများဖြစ်သည် ။ တခုချင်းလိုက်သင်နေရလျှင် မပြီးနိုင် ၊ မိမိကြောင့် သူတပါးအနှောက်အယှက်မဖြစ်ပါစေနှင့်ဟူသော ယဉ်ကျေးမှုကိုနားလည်လက်ခံကျင့်သုံးလိုက်လျှင် ကိစ္စပြီးမြောက်နိုင်မည်ဖြစ်သည်။ အသံချဲ့စက်ဆူညံမှု့ဖြင့် အများပြည်သူကိုနားဒုက္ခပေးမှုသည်လည်းမြန်မာနိုင်ငံတွင်အတွေ့ရများသော ကိစ္စဖြစ်သည်။ မန္တလေးတွင်ဖြစ်ပွားခဲ့သော ညဆယ်နာရီခန့်အထိ ဓမ္မာရုံမှ အသံချု့ဲစက်ဖြင့်ဆူညံစွာဝတ်ပြုခြင်းကို မခံနိုင်သည့်နိုင်ငံခြားသားက အသံချဲ့စက်ကြိုးကိုဆွဲဖြုတ်မှု တွင် ဒေသခံများဘက်မှကြည့်သော် ဘာသာသာသနာစော်ကားမှုဖြစ်ပြီး နိုင်ငံခြားသားဘက်မှကြည့်သော် ဆူညံမှုဆိုင်ရာပြည်သူ့နီတိကင်းမဲ့မှုဖြစ်သည် ။ဘာသာရေးလုပ်ခြင်းမှာကောင်းမွန်သောကိစ္စဖြစ်ပြီး ၊ သူတပါးအိပ်စက်နားနေ၍မရအောင် ဆူညံသံကိုပြုလုပ်ခြင်းမှာ ရိုင်းပျသောကိစ္စဖြစ်သည် ။

    ကျင့်ဝတ် (နီတိ)သည် နေရာတိုင်းမှာလို၏ ။ လူမှုရေးတွင်ကျင့်ဝတ်ရှိသလို နိုင်ငံရေးမှာလည်းကျင့်ဝတ်ရှိပါသည် ။ ကျင့်ဝတ်ကိုဖောက်ဖျက်လျှင် ဥပဒေကိုဖောက်ဖျက်ခြင်းမဟုတ်သဖြင့် အပြစ်ပေးအရေးယူခံရခြင်း မရှိနိုင်သော်လည်း ပြည်သူလူထု၏ အထင်သေးခြင်း ၊ ငြိုငြင်ခြင်းကိုခံရမည်ဖြစ်သည် ။ ဥပမာအားဖြင့် နိုင်ငံရေးပါတီ ၂၇ ပါတီပေါင်းပြီး NLD ပါတီကိုဝေဖန်သောကြေညာချက်ထုတ်ခြင်းမှာ မိမိတပါတီခြင်း ထုတ်ပြန်ချက်ထုတ်ပါက လက်ခံနိုင်ဖွယ်ရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးဆောင်မှုနောက်သို့ရောယောင်လိုက်ကာ ပူးပေါင်း ထိုးနှက်ခြင်းကားနိုင်ငံရေးကျင့်ဝတ်အရမလုပ်သင့်မလုပ်ထိုက်သောကိစ္စဖြစ်သည် ။ ပြည်သူလူထုစိတ်ထဲတွင် ထိုပါတီ ၂၆ ပါတီနှင့် ကြံ့ခိုင်ရေးပါတီကို မူဝါဒလမ်းစဉ်အတူတူပဲဟုသတ်မှတ်ခံရနိုင်ပါသည် ။ထို၂၇ ပါတီသည် ၂၀၁၈ စက်တင်ဘာ ၃၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ၏ ဖေ့စ်ဘွတ် page တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ အချက် ၆ ချက်ပါဝင်ပြီး ထုတ်ပြန်ကြေညာချက်၏အဓိကအကြောင်းအရာအဖြစ် ဒေါ ်လာဈေးတက်ခြင်း၊ စီးပွားရေးကျဆင်းခြင်း ၊ လူမှုဘဝမလုံမခြုံဖြစ်ခြင်းတို့ကို မီးမောင်းထိုးဖော်ပြထာပြီး ပြည်သူလူထုအခက်အခဲများကို အစိုးရကတာဝန်ယူရမည်ဖြစ်ကြောင်း ၊အစိုးရတွင်တာဝန်ရှိကြောင်း ၊ ပိုမိုတည်ငြိမ်အေးချမ်း ၍ စီးပွားရေးဖွံဖြိုးတးတက်စေပြီး လက်တွေ့ပါသည့်ရလာဒ်များ ဖြစ်ပေါ ်အောင် အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန်တိုက်တွန်းအပ်ပါသည်ဟူ၍ ရေးသားထားပေသည် ။ထိုသို့ကြေညာချက်ထုတ်ပြီးပြီးချင်း ကြေညာချက်တွင်ပါဝင်ဖော်ပြထားသော PNLO အဖွဲ့ နှင့် လမ်းပြကြယ်ပါတီက ထိုကြေညာချက်သည် သူတို့နှင့်မဆိုင်ကြောင်းအသီးသီးကြေညာခဲ့ကြသည် ။ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ထိုကြေညာချက်သည် သူတို့နှင့်မဆိုင် ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နှင့်သာသာသက်ဆိုင်သည်ဟုကြေညာခဲ့သလို ။ လမ်းပြကြယ်ပါတီကလည်း ထိုကြေညာချက်တွင်လက်မှတ်ထိုးထားသော လမ်းပြကြယ်ပါတီဥက္ကဦးထွန်းနိုင်မှာပါတီဥက္ကဌမဟုတ်ကြောင်း ၊ ပါတီဥက္ကဌ ဦးဇော်ဝင်းတင့်ကဆိုသည် ။ပြည်ခိုင်ဖြိုးပါတီကြေညာချက်တွင် ၂၇ ပါတီထဲတွင်ပါဝင်လက်မှတ်ထိုးခြင်းမှာလည်း လမ်းပြကြယ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဆိုပါထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ မသိရှိကြောင်း အောက်တိုဘာ ၄ ရက်နေ့တွင်ကြေညာသည် ။ မည်သို့ပင်ရှိစေ ဤသို့တပြုံတမကြီးကြေညာချက်ထုတ်စရာအရေးပေါ ်အခြေအနေလည်းမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည်မဟုတ်ပါ ။ တိုင်းပြည်စီးပွားရေးအကြပ်အတည်းတွင် နိုင်ငံရေးအမြတ်ထုတ်သည့်သဘောဖြစ်နေသောကြောင့် နိုင်ငံရေးကျင့်ဝတ်အရ မလုပ်သင့်သောကိစ္စဖြစ်သည် ။နိုင်ငံရေးနီတိပျက်ခြင်းဖြစ်သည်။ ဒေါ ်လာဈေးတက်ခြင်း ၊ စီးပွားရေးကျဆင်းခြင်းတို့ကို ပြည်သူလူထုကမည်သူမျှမကြိုက်ပါ ။ သို့သော် တိုင်းပြည်အရေးဖြစ်သဖြင့် အားလုံးစိတ်သဘောထားမှန်မှန်ဖြင့်ဝိုင်းဝန်းဆွေးနွေးအဖြေရှာ ရမည်ဖြစ်သည်။ အကြံပေးစရာရှိလျှင် ရိုးရိုးသားသားအကြံပြုရမည်ဖြစ်သည် ် ။  NLD အခက်ငါတို့အချက်ဟုဆိုကာဝိုင်းဝန်းဆွမ်းကြီးလောင်းကြခြင်းကား ပြည်သူလူထုက ပွဲလန့်တုန်းဖျာခင်း၊ သခွပ်ပင်ကမီးတကျည်ကျည်ဟုသာထင်ကြမည်ဖြစ်သည်။ ။ထိုမျှသာမက အဆင့်ဆင့်သောရွေးကောက်ပွဲကော်မရှင်များသည် အာဏာရပါတီဘက်ကိုဘက်လိုက်မှုများရှိနေသည်ဟုသုံးသပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးသိန်းထွန်းဦးကအောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သေး၏ ။ ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်နှင့် ဒေါ ်အောင်ဆန်းစုကြည်ပုံကိုအသုံးပြုမဲဆွယ်ခြင်းနှင့်ပတ်သက်၍ပြောကြားခြင်းဖြစ်သည်။တာမွေမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့တာဝန်ရှိသူများဖြစ်ကြသည့်နိုင်ငံတော်သမ္မတနှင့် နိုင်ငံတေ်ာအတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဓာတ်ပုံများဖြင့်မဲဆွယ်စည်းရုံးခြင်းအပေါ ်ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟုပြည်ခိုင်ဖြိုးပါတီမှတိုင်ကြားခဲ့ခြင်းဖြစ်သည် ။ ထိုတိုင်ကြားချက်အပေါ ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် က ဆက်စပ်မှုမရှိဟုဆိုကာဆုံးဖြတ်ခဲ့သည် ။ အရှေ့ပိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ကလည်း မြို့နယ်ကော်မရှင်၏သဘောထားဆုံးဖြတ်ချက်မှာမှန်သည်ဟုဆုံးဖြတ်ခဲ့သည် ။ယခင်ရွေးကောက်ပွဲများတွင် သမ္မတဦးသိန်းစိန်ပုံကိုသုံး၍မဲဆွယ်ခဲ့ဖူးခြင်းသာဓကရှိသဖြင့် ဦးဝင်းမြင့်နှင့်ဒေါ ်အောင်ဆန်းစုကြည်ပုံများသုံး၍မဲဆွယ်ခြင်းမှာ ဥပဒေနှင့်ညီညွတ်ကြောင်း၊ ဦးသိန်းစိန်ပုံသုံးစဉ်ကကဲ့သို့နိုင်ငံတော်အာဏာအထိမ်းအမှတ်အဆောင်အယောင်ဖြစ်သော ရွှေစလွယ်ကိုပင် ဦးဝင်းမြင့်ပုံတွင်မသုံးခဲ့ကြောင်း NLD မှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောခဲ့သည် ။   

    နောက်ထက် နိုင်ငံရေးကျင့်ဝတ်အားနည်းသော အချက်တခုမှာ ဂျပန်နိုင်ငံသို့ မဲခေါင်-ဂျပန်ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်ရန် တိုကျိုမြို့သို့ရောက်နေသော ဒေါ ်အောင်ဆန်းစုကြည်အား ဂျပန်ရောက် ရခိုင်လူငယ် အယောက် ၂၀ ခန့်က မြန်မာသံရုံးရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်သည် ။ မည်သူမဆို မိမိဆန္ဒကိုလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိ၏ ။ သို့သော်လုပ်သင့်မလုပ်သင့်ဟူသော နိုင်ငံရေးကျင့်ဝတ်ဟူသည်ရှိ၏ ။ အကယ်၍ဘင်္ဂလီများ(မိမိကိုယ်ကိုယ်ရိုဟင်ဂျာဆိုသူများက) ဒေါ ်အောင်ဆန်းစုကြည်ကိုဆန္ဒပြခဲ့လျှင်နားလည်လက်ခံပေးလို့ရ၏ ။ ရခိုင်အရေးအတွက် ဘဝနှင့်ဂုဏ်သိက္ခာကိုပေးကာ ဆောင်ရွက်ပေးနေသော ဒေါ ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို သူများနိုင်ငံ၌ ဆန္ဒပြကြခြင်းမှာ မလုပ်သင့်သောကိစ္စဖြစ်သည် ။ ရခိုင်အရေးကြောင့် ဒေါ ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အလည်တွင် ဗီလိန်လူဆိုးကြီးသဖွယ် ပုံဖော်ခံခဲ့ရ၏ ။ ဘင်္ဂလီများအပေါ ်ရာဇဝတ်မှုကျူးလွန်သူများနှင့် ပုလင်းတူဗူးဆို့အဖြစ်သတ်မှတ်ကာ နိုင်ငံတကာကဂုဏ်ထူးဆောင်ဆုများတဖွဲဖွဲပြန်သိမ်းတာခံနေရ၏ ။ ရခိုင်ကိုကာကွယ်ရင်း၊ မြန်မာနိုင်ငံကိုကာကွယ်ရင်း ဒေါ ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာတွင် ဂုဏ်သိက္ခာများကျဆုံးနေ၏ ။ပြီးခဲ့သောရက်ပိုင်းအတွင်းကမှ ကနေဒါလွှတ်တော်နှစ်ရပ်စလုံးကဒေါ ်အောင်ဆန်းစုကြည်အားဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်သတ်မှတ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်၏။  ဤအခြေအနေတွင် ဂျပန်ရောက်ရခိုင်လူငယ်များက ဒေါ ်အောင်ဆန်းစုကြည်ကို ပန်းစည်းဖြင့်ပင်ကြိုဆိုပြီးသောင်းသောင်းဖျဖျ စိတ်ဓာတ်ရေးရာအရ အားပေးလှသင့်၏ ။ ယခုတော့ကျဉ်းမြောင်းသော လူမျိုးစွဲအမြင်ဖြင့် ဒေါက်တာအေးမောင်လွတ်မြောက်ရေး လောက် ၊ ဝေဟင်အောင်လွတ်မြောက်ရေး လောက်၊ ရခိုင်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလောက် ၊ ရခိုင်လူမျိုးများမြန်မာနိုင်ငံတွင်လွတ်လပ်စွာသွားလာနိုင်ရေး ဟူသောကိစ္စလောက်ဖြင့် (ယခုလည်းလွတ်လပ်စွာသွားနေတာမဟုတ်ဘူးလား)ကိုယ့်ခေါင်းဆောင်ကို နိုင်ငံခြားတိုင်းပြည်တခုတွင် ကိုယ်ပြန်ဆန့်ကျင်ခြင်းမှာ ကျဉ်းမြောင်းသောအတွေးအခေါ ်များဖြစ်သည် ။ အိမ်ကြီးတလုံးလုံးမီးစွဲနေချိန်တွင် အိမ်နောက်ဖေးက မီးပွားတစကို တသသလုပ်နေသလိုဖြစ်နေပေသည် ။ လုပ်၍ရတိုင်းလုပ်သည်ထက် လုပ်သင့်မလုပ်သင့် စဉ်းစားကြဖို့ဖြစ်သည် ။

      ခက်ခဲသောကာလများကိုမြန်မာနိုင်ငံသည်ဖြတ်သန်းနေရပါ၏ ။မည်မျှကြာမည်ဆိုခြင်းမှာပြည်တွင်း ပြည်ပအခြေအနေတွေနှင့်ဆိုင်ပါ၏။ အားလုံးကတိုင်းပြည်ကောင်းအောင် စေတနာမှန်မှန်ဖြင့်ဝိုင်းဝန်းကြိုးစားရမည်ဖြစ်သည်။   မြန်မာနိုင်ငံ၌ လိုအပ်နေသည်မှာပြည်သူလူထု၌ ပြည်သူ့နီတိ ကျင့်ဝတ်ကောင်းများဖြစ်ပြီးနိုင်ငံရေးနယ်ပယ်၌ လိုအပ်နေသည်မှာ နိုင်ငံရေးနီတိ နိုင်ငံရေးကျင့်ဝတ်ကောင်းများပင်ဖြစ်ပါကြောင်း။

သရဝဏ်(ပြည်) 

စောင့်ကြည့်ဂျာနယ်
၁၂.၁၀.၂၀၁၈

No comments:

Post a Comment