Hyperthyriod လူနာများအတွက်
သိုင်းရွိုက်ဟိုမုန်းက ခန္ဓာကိုယ်အတွက် အပူဓာတ်ကို ထုတ်ပေးပြီး ဇီဝလုပ်ငန်းတွေကို မှန်ကန်စေပါတယ်။ သိုင်းရွိုက်ဟိုမုန်းက ခန္ဓာကိုယ်အတွက် အရေးကြီးပေမယ့် သိုင်းရွိုက်ဟိုမုန်းအများအပြားတစ်ချိန်လုံးထွက်နေတာက ခန္ဓာကိုယ်ကို ပျက်ဆီးယိုယွင်းသွားစေပါတယ်။ အဟုန်ပြင်းတဲ့ မီးက ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသလို hyperthyroid ရောဂါကြောင့် မြန်ဆန်လာတဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေက ခန္ဓာကိုယ်ကို ကြီးစွာသော ဆိုးကျိုးဖြစ်စေပါတယ်။
ဒါကြောင့် သိုင်းရွိုက်ဟိုမုန်းများသူတွေအတွက် သင့်တော်တဲ့ အစားတွေက ကယ်လိုရီများပြီး အဟာရပြည့်တဲ့ အစာတွေ ဖြစ်ပါတယ်။ ကယ်လိုရီများတဲ့ ကောင်းမွန်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်သီး၊ ထောပတ်သီး တို့ကိုစားပေးသင့်ပါတယ်။ omega 3 ကြွယ်ဝစွာပါတဲ့ အစာတွေလည်းစားပေးဖို့ လိုပါတယ်။ Omega 3 နှင့် ဆောက်တဲ့ ခန္ဓာကိုယ်ကို Dr. Mercola က အေးမြသော ခန္ဓာကိုယ်လို့ တင်စားပါတယ်။ ပူနေတဲ့ စက်ပစ္စည်းမှာ ဆီကို လုံလောက်အောင်မထည့်ထားလျှင် စက်မြန်မြန်ပျက်နိုင်သလို Hyperthyroid သမားရဲ့ ဇီဝလုပ်ငန်းမြန်နေတဲ့ ခန္ဓာကိုယ်မှာ ကယ်လိုရီများတဲ့ ကောင်းမွန်တဲ့ အဆီကို မစားထားလျှင် ရောဂါဒဏ်ကို ခံနိုင်ဖို့ ခက်ပါတယ်။
မြန်ဆန်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် ဗိုက်တာမင် နှင့် သတ္ထုဓာတ်တွေကြွယ်ဝစွာပါတဲ့ အသီးအရွက်တွေကိုလည်း လုံလောက်အောင်စားပေးရပါမည်။ Magnesium နှင့် ဗိုက်တာမင် ဘီပါတဲ့ အသီးအရွက်တွေကို အဓိက စားစေချင်ပါတယ်။ ဒါပေမည့် hyperthyroid ကြောင့် မြန်ဆန်နေတဲ့ ဇီဝလုပ်ငနါးကို အကူအညီမပေးနိုင်တဲ့ ကယ်လိုရီနည်းတဲ့ အသီးအရွက်ကို အဓိကထားစားတာမျိုးတော့ မလုပ်စေချင်ပါ။ ဒါကြောင့် အဆီကို အဓိကထားပြီး အသီးအရွက်နှင့် တိရစ္ဆာန်ကရတဲ့ ပရိုတိန်းတွေကို တွဲဖက်စားစေချင်ပါတယ်။
သိုင်းရွိုက်ဂရင်းက Iodine စုပ်ယူမှုကို တားဆီးပေးလျှင် ဟိုမုန်းထုတ်တာ နည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် iodine စုပ်ယူမှုကိုတားပေးပြီး အကျိုးပြုအဟာရတွေပါတဲ့ ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီလို အစာတွေကို အဓိကထားစားပေးပါ။ အိုင်အိုဒင်းပါတဲ့ ပင်လယ်ထွက်အစာတွေကိုတော့ မဖြစ်မနေရှောင်ရပါမည်။ Iodine ပါတဲ့ supplement သောက်နေတာရှိလည်း ရပ်ထားရပါမည်။
ဇီဝလုပ်ငန်းဖြစ်စဉ်တိုင်းမှာ ဘေးထွက်ပစ္စည်းတွေအနေနှင့် free radicals တွေထွက်ပါတယ်။ Free radical က ခန္ဓာကိုယ်ကို ဆိုးကျိုးပေးပါတယ်။ Hyperthyroid မှာ ဇီဝလုပ်ငန်းမြန်နေတာကြောင့် free radicals တွေရဲ့ ဆိုးကျိုးကို ဧကန်ခံရမှာပါ။ ဒါကြောင့် antioxidant ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ရောင်စုံ အသီးအရွက် နှင့် အသီးအနှံတွေ များများစားဖို့ အကြံပြုကြပါတယ်။ ကျွန်တော့်စာဖတ်နေကြသူတွေအတွက်တော့ သက်တန့်စားပါပြောလိုက်လျှင် နားလည်မည်ထင်ပါတယ်။
Hyperthyroid သမားတွေက ဝမ်းလျောတတ်ပြီး ရေ နှင့် ဓာတ်ဆား ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ဝမ်းလျောပြီးတဲ့အခါ သတ္ထုဓာတ်မျိုးစုံပါတဲ့ အုန်းရည်ကို သောက်ပေးသင့်တယ်လို့ အကြံပြုကြပါတယ်။ အစားအသောက်ချက်ပြုတ်တဲ့ အခါ ပန်းရောင်ဆားကဲ့သို သတ္ထုဓာတ်မျိုးစုံပါတဲ့ ဆားကို အသုံးပြုတာ ပိုကောင်းပါတယ်။
Hyperthyroid ဖြစ်စေတဲ့ အကြောင်းတစ်ခုက အော်တိုအင်မြူးရောဂါတစ်ခုဖြစ်တဲ့ Grave disease ကြောင့်ပါ။ Grave disease ကလည်း အူလမ်းကြောင်း မကောင်းလို့ ဖြစ်တာလို့ functional medicine ဘက်က ယုံကြည်ကြပါတယ်။ ဒါကြောင့် အူလမ်းကြောင်းကောင်းအောင် လုပ်ပေးနိုင်လျှင် antibodies ကျ သွားနိုင်တယ်လို့ဆိုပါတယ်။ အူလမ်းကြောင်းကို ဒုက္ခပေးတဲ့ fastfood တွေ၊ ဂလူတန်တွေ၊ lectin တွေကို ရှောင်ပြီး probootics ကြွယ်ဝစွာပါတဲ့ အိမ်လုပ်ချဉ်ဖတ်တွေ၊ အိမ်လုပ်ဒိန်ချဉ်တွေ စားပေးလျှင် အကျိုးရှိနိုင်ပါတယ်။ အူလမ်းကြောင်းကို ပြုပြင်ပေးတဲ့ အရိုးပြုတ်တွေ သောက်လို့ရပါတယ်။ အိုင်အိုဒင်းပါတဲ့ ငါးအရိုးပြုတ်ကိုတော့ ရှောင်ပေးပါ။
အစားအသောက်ဘက်ကတော့ ကျွန်တော်သိသလောက် ဒါအကုန်ပါ။ ကျွန်တော်ထုတ်မဲ့ သိုင်းရွိုက်စာအုပ်မှာတော့ ဒီထက်ပိုများများပါလာနိုင်ပါတယ်။ အခု hyperthyroid အကြောင်းဖတ်နေဆဲမို့ ဒီဆောင်းပါးမှာ မပြည့်စုံမှုကို ကြိုတောင်းပန်ချင်ပါတယ်။
Dr. PHYO MAUNG
Refrences
The Thyroid Connection: Why You Feel Tired, Brain-Fogged, and Overweight -- and How to Get Your Life Back Hardcover by Amy Myers MD
Medical Medium Thyroid Healing: The Truth behind Hashimoto's, Graves', Insomnia, Hypothyroidism, Thyroid Nodules & Epstein-Barr by Anthony William (Author)
No comments:
Post a Comment