Twitter Bird Gadget

Saturday, September 8, 2018

Nutrition - 7 ( ဆီးချိုရောဂါအတွက် )

ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်နိုင်တဲ့ အချိန်ပဲဖြစ်ဖြစ်၊ ထုတ်ထားတဲ့ အင်ဆူလင်ကို ကောင်းကောင်း မသုံးနိုင်တဲ့ အချိန်ပဲဖြစ်ဖြစ် သွေးတွင်းသကြားဓာတ်မြင့်လာပြီး ဆီးချိုရောဂါခံစားရနိုင်ပါတယ်။

ခန္ဓာကိုယ်က အင်ဆူလင်မထုတ်နိုင်လို့ ဖြစ်တဲ့ ရောဂါကို ဆီးချိုရောဂါအမှတ် - ၁ လို့ခေါ်ပါတယ်။ အမှတ် - ၁ က အော်တိုအင်မြူးရောဂါတစ်ခုပါ။ လူငယ်တွေမှာ ဖြစ်ပါတယ်။ ထုတ်ထားတဲ့ အင်ဆူလင်ကို ကောင်းကောင်းမသုံးနိုင်လို့ ဖြစ်တဲ့ ဆီးချိုရောဂါက အမှတ် - ၂ ပါ။ အသက် ၄၀ ကျော်မှာ ဖြစ်ပါတယ်။ အမှတ် -၁ က ပျောက်ကင်း သက်သာဖို့ အလွန်ခက်ပါတယ်။ အမှတ် -၂ ကတော့ ကောင်းမွန်စွာနေထိုင်စားသောက်မည်ဆိုလျှင် သက်သာပါလိမ့်မည်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက နာတာရှည်ဖြစ်တတ်တာကြောင့် အရေးကြီးဆုံးက ဆီးချိုမဖြစ်အောင် နေထိုင်စားသောက်သင့်ပါတယ်။ ဗဟုသုတ မရှိတာပဲဖြစ်ဖြစ်၊ ဂရုမစိုက်မိတာပဲဖြစ်ဖြစ် ကိုယ့်မှာ ဆီးချိုရောဂါ ဖြစ်လာပြီဆိုလျှင် သင့်တော်တဲ့ အစားအသောက် သေချာစားပြီး လိုအပ်တဲ့ ဆေးဝါးမှီဝဲမည်ဆိုပါက အထိုက်အလျောက်တော့ သက်သာမှုရပါလိမ့်မည်။ ဒီစာစုမှာတော့ ဆီးချိုရောဂါသည်တွေ သိသင့်တယ်ထင်တဲ့ nutrition အကြောင်းကို ရေးပါမည်။

ဆီးချိုရောဂါမှာ သတိထားသင့်တာက sugar spike ပါ။ နားလည်အောင်ပြောရလျှင် ဖွင့်ထားတဲ့ အပေါက်ဝ သေးသေးလေးထဲကို လူအများကြီး တိုးဝင်ကြတဲ့အခါ အဝင်တံခါးပျက်ပြီး နောက်တစ်ကြိမ် အဖွင့်အပိတ်လုပ်လို့ ခက်သွားတာပါ။ သကြားက အင်ဆူလင် အကူအညီ နှင့် ဆဲလ်မျက်နှာပြင်က တံခါးကိုဖြတ်ပြီး ဆဲလ်ထဲက mitochodria ထဲဝင်ပြီးစွမ်းအင်ထုတ်ပါတယ်။ အချိန်တိုတိုတွင်း သကြားအများကြီး စုပုံရောက်လာတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်အမြောက်အများထုတ်ပြီး သကြားတွေကိုဆဲလ်ထဲဆွဲသွင်းပါတယ်။ မနိုင်ဝန်ထမ်းရတဲ့အခါ ဆဲလ်တံခါးတွေ ပျက်ပြီးစွမ်းအင်လည်း မထုတ်နိုင်၊ သွေးထဲက သကြားကိုယ်လည်း မသုံးနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်များလာပြီး ဆီးခဏခဏသွားခြင်း၊ မောပန်းခြင်း၊ ရေငတ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း နှင့် ခေါင်းကိုက်ခြင်း တွေပါဝင်တဲ့ sugar spike syndrome ဝင်လာတတ်ပါတယ်။

ဒါကြောင့် ဆီးချိုရောဂါသည်တွေက သွေးထဲ သကြားဓာတ်မြန်မြန်မရောက်အောင်လုပ်ဆောင်ရမဲ့အပြင် သွေးထဲက သကြားတွေကို စွမ်းအင်ထုတ်ဖို့ အသုံးချနိုင်ရပါမည်။

သကြားဓာတ်မြန်မြန်ရောက်စေတဲ့ ပြုပြင်ထားတဲ့ အသင့်စားအစားအစာတွေအရက်ဘီယာတွေရှောင်ပါ။ Glycemic index မြင့်တဲ့အစာတွေ ရှောင်ပါ။ နိုင်ငံခြားဖြစ် အချိုရည်တွေရှောင်ပါ။ သစ်သီးမှာပါတဲ့ fructose က အသည်းကို ဒုက္ခပေးပြီး သွေးတွင်းသကြားဓာတ်ထိန်းသိမ်းခြင်းကို နှောက်ယှက်တာကြောင့် သစ်သီးတွေ ရှောင်ပါ။

သဘာဝအသီးအရွက်တွေများများစားပါ။ အသီးအရွက်မှာ ပါတဲ့ အမျှင်ဓာတ်ကသွေးထဲကို သကြားဓာတ်မြန်မြန်မဝင်အောင်ထိန်းပေးပါတယ်။

သွေးထဲက သကြားတွေကို စွမ်းအင်ထုတ်ဖို့ ဗိုက်တာမင် B တွေ နှင့် Co Q 10 တွေလိုပါတယ်။ ၂၀၁၄ မှာ ထုတ်ဝေခဲ့တဲ့ Diabetes and Metabolic Disorders ဂျာနယ်မှာ CoQ10 က fasting plasma glucose ကိုလျော့ချနိုင်တယ်ပြောပါတယ်။

ဆီးချိုရောဂါသည်တွေ မှာ အဓိကလိုတဲ့ သတ္ထုဓာတ်ကမက်ဂနီဆီယမ်ပါ။ သကြားမော်လီကျုး တစ်ခုကို စွမ်းအင်ထုတ်ဖို့ မက်ဂနီဆီယမ်၂၈ လုံးလိုပါတယ်။ မက်ဂနီဆီယမ်ပါတဲ့ အစာကို လုံလောက်အောင်စားပေးလျှင် သကြားတွေက စွမ်းအင်ဖြစ်သွားတာမို့ သွေးထဲက သကြားဓာတ်မှန်ကန်လာပါတယ်။ ၂၀၁၄ မှာ ပြုလုပ်တဲ့ Diabetes Care  ရဲ့ သုသေတနမှာ ဒီရလဒ်ကိုထောက်ခံထားပါတယ်။

အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ ဗိုက်တာမင် B နှင့် မက်ဂနီဆီယမ်တွေပါပါတယ်။  ဒါကြောင့် ဆီးချိုရောဂါသည်တွေကို ဆရာဝန်က အသီးအရွက်စားခိုင်းတာပါ။ အသားလည်း စားပေးရပါမည်။ အသားမှာ Co Q 10 အပြင် ဗိုက်တာမင် B12 လည်းလုံလောက်အောင်ပါတာကြောင့် ရောင်ရမ်းခြင်းသက်သာစေပြီး စွမ်းအင်ထုတ်ခြင်းကို ပိုမိုလုပ်ဆောင်နိုင်ပါလိမ့်မည်။

Chromium ကြွယ်ဝစွာပါတဲ့ ပန်းစိမ်း၊ ပဲစိမ်း နှင့်  အမဲသား၊ တွေ စားပေးခြင်းအားဖြင့် သွေးတွင်းသကြားပမာဏကို ပိုမိုကောင်းမွန်စေပါတယ်။ Chromium ပါတဲ့ အစာတွေက ကဆီ နှင့် အဆီတွေရဲ့ ဇီဝလုပ်ငန်းမှာ ပါဝင်ပြီး စွမ်းအင်ထုတ်ပေးနိုင်တဲ့အပြင် သကြားကို ဆဲလ်ထဲ ဝင်နိုင်အောင် ကူညီပေးပါတယ်။

ဆီးချိုရောဂါရဲ့ နောက်ကွယ်ကအကြောင်းတစ်ခုက ရောင်ရမ်းခြင်းပါ။ ဒါကြောင့် ရောင်ရမ်းခြင်းကို သက်သာစေတဲ့ omega 3 ပါတဲ့ အစာတွေက ဆီးချိုရောဂါအတွက်ကောင်းမွန်ပါတယ်။ ဒါပေမယ့် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ trans fat လို အဆီမျိုးတော့ ရှောင်ရပါမည်။

ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ဖို့၊ ဆီးချိုရောဂါဖြစ်တဲ့အခါ နောက်ဆက်တွဲ ရောဂါပေါင်းစုံမဝင်အောင်ကာကွယ်ဖို့ ဘယ်ကို စားရမည်။ ဘာကြောင့်စားရမည်ဆိုတာ သိသလောက်ရေးပေးထားပါတယ်။ လေ့လာဆဲ ဖြစ်တာကြောင့် လိုအပ်ချက်ရှိသောတင်ပြချက်များ ဖြစ်နိုင်ပါတယ်။

( မေတ္တာရပ်ခံပါရစေ။ ကျွန်တော်ကို ကျန်းမာရေး နှင့် ပတ်သတ်လို့ မေးခွန်းမေးတဲ့ အခါ ရပ်ကွက်ထဲကရမ်းကုကို မေးသလို မမေးစေချင်ပါ။ )

Phyo Maung

No comments:

Post a Comment