Twitter Bird Gadget

Wednesday, September 12, 2018

မဘသ ဘယ်ကလာ ကကလှမ်းကလာ..


မျိုးချစ်တို့ဆရာသခင်အကြောင်း တစေ့တစောင်း
===========================

(မန္တလေး မဟာမြတ်မုနိဘုရားကြီး
ဗိုက်ဖောက်ခံရတဲ့ အရေးအခင်းအကြောင်း)
        ..................
"မင်းကလူပဲ၊
ငါတို့ကို  ဒကာလို့ခေါ်ဖို့မလိုဘူး၊
မင်းကသာ ငါတို့ကို ဆရာခေါ်ရမှာ
ခွေးမသား၊ဆရာလို့ခေါ်စမ်း"ဆိုပြီး
ထောက်လှမ်းရေးက
ဦးဇင်းကို လေးဖက်ထောက်ခိုင်းတယ်။
ဦးဇင်းမျက်နှာမှာ
မျက်နှာဖုံးစွပ်ခံထားရတာမို့
ဘယ်သူဘယ်ဝါ မမြင်ရပေမယ့်လည်း
ဦးခေါင်းပေါ် ဘွတ်ဘိနပ်နဲ့
တက်နင်းတာက(၂)ယောက်။
ဝိုင်းပြီးတော့ ကန်ကျောက်ကြတာက
(၃)ယောက်ပဲ။
ဒါတော့သိနေတယ်၊
ဦးဇင်းတော့ အဲ့တုန်းက ကိုယ့်ကိုကိုယ် အသက်ရှင်မယ်လို့တောင်
ထင်မထားတော့ဘူး"

ဒါကတော့
(၁၉၉၇)ခုနှစ်မှာ မဟာမုနိဘုရားကြီး
ဗိုက်ဖောက်ခံရတဲ့ကိစ္စ
သံဃာတွေအရေးဆိုကြတာနဲ့
ပတ်သက်ပြီး အဖမ်းခံရသူ
ဦးဇင်းဦးမဟောသဓ
(မန္တလေးမစိုးရိမ်တိုက်ဟောင်း)က
ထောက်လှမ်းရေး(၁၆)
စစ်ကြောရေး အတွင်း
သူအညှင်းပန်းခံရပုံအကြောင်း
ပြန်ပြောင်းမိန့်ကြားခဲ့တာပဲဖြစ်ပါတယ်။

"ဒကာကြီးတို့အနေနဲ့
ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့လုပ်ကြပါ။
ဦးဇင်းတို့က
မကောင်းတာလည်းဘာတစ်ခုမှ
မလုပ်ခဲ့ဘူး၊
မုသာဝါဒကံကိုလည်း
မကျူးလွန်တဲ့ရဟန်းတွေပါ၊
ဒကာကြီးတို့ကိုလိမ်ပြောမှာလည်း
မဟုတ်ပါဘူးလို့
အဲသလို ဦးဇင်းကပြောတာကိုပဲ
"ဦးဇင်း"ဆိုပြီးသုံးနှုန်းနေတာတွေ၊
"ဒကာ"လို့ခေါ်တာတွေ
ထောက်လှမ်းရေးက မကြိုက်ဘူး။
ဦးဇင်းရဲ့ခေါင်းကိုနင်းထားပြီး
ဦးဇင်းရဲ့လူအမည် ဦးတင်ဝင်းဆိုတော့
"ကျွန်တော်..တင်းဝင်းပါ
ကျွန်တော်... တင်းဝင်းပါ.."ဆိုပြီး
အော်ခိုင်းတာမှ အကြာကြီးပဲ"လို့
ဦးမဟောသဓ ကမိန့်ဆိုပါတယ်။

ဦးမဟောသဓ "အပေါ်
ထောက်လှမ်းရေးက
ဘာလို့ခုလိုရက်ရက်စက်
နှိပ်ကွပ်ရလဲဆိုတော့
ဦးမဟောသဓ"ကိုယ်တိုင်က
ယခင်(၈၈)အရေးအခင်းအတွင်း
မစိုးရိမ်တိုက်ဟောင်းနေ
ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့အပြင်၊
ဘုရားကြီးအရေးမှာ အဓိကကျတဲ့
ဦးသံဝရ နောက်ကွယ်ကနေ
စာပေးစာယူလုပ်၊ အစီအစဉ်ဆွဲ၊
အဓိကအကြံပေးပေးနေသူဖြစ်တယ်လို့
ယူဆထားကြလို့ပါပဲ။

အစစ်ဆေးခံရတဲ့တစ်ပတ်လုံးလုံး
ရေချိုးခွင့်မပေး၊
(၃)ရက်ကျော် ထမင်းမကျွေး ရေမတိုက်ဘဲ စစ်မေးခံရတယ်။

ရာဘာတုတ်နဲ့ခေါင်းကိုချည်း
ရိုက်တာများတယ်၊
တင်ပါးကိုခြေနဲ့ကန်တာများဆို
မှောက်ပြီးထိုးလှဲအောင်ကို
ကန်တာ။

ဦးဇင်းဦးမဟောသဓ"ကို
ထောက်လှမ်းရေး(၁)ထဲ
ထပ်ခေါ်သွားပြီး အကြမ်းပတမ်း
ကန်ကျောက်ထိုးကြိတ်ကြတာ
မူးမေ့လဲကျသွားတဲ့အထိပဲ။

"ဦးဇင်းလည်းမခံနိုင်တော့တဲ့အဆုံး
"ခင်ဗျားတို့ဟာ
အင်မတန်မိုက်မဲတဲ့လူတွေပဲ။
ဘာမှ မဟုတ်တာကို ဒီလောက်ကြီး
ရိုက်နှက်စစ်ဆေးစရာလည်းမလိုဘဲနဲ့။
ခင်ဗျားတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမဟုတ်ဘူး။
မိစ္ဆဒိဌိ ဖက်ဆစ်ဝါဒီတွေပဲ"လို့
ပြောလိုက်ပါလေရော။

အဲ့ဒီမှာ အရာရှိက"ဖက်ဆစ်"လို့
ပြောတဲ့ကောင်၊ခေါ်ခဲ့စမ်းကွာ"ဆိုပြီး
"ငါက ဂျပန်ဖက်ဆစ် မဟုတ်ဘူး။
မြန်မာဖက်ဆစ် ကင်ပေတိုင်ပဲကွ"

အဲသလို ကြိမ်းမောင်းရင်း
မျက်နှာနဲ့မျက်လုံးပေါ်
ဘာမှမမြင်နိုင်အောင် ဖုံးကွယ်ခံထားရတဲ့ ဦးဇင်းကို အသားကုန် တွယ်တော့တာပါပဲ"လို့
ဦးဇင်းဦးမဟောသဓက မိန့်ပါတယ်။

ဦးဇင်းကို
ထောက်(၁၆)နဲ့ ထောက်(၁)
နှစ်ခုစလုံးမှာ
စစ်ကြောရေးကာလနှစ်ပတ်ကြာပြီးမှ
ထောင်ထဲပို့ပါတယ်။

မဟာမုနိဘုရားဗိုက်တော်ကို
တိတ်တဆိတ် ဖွင့်ဖောက်တဲ့အပေါ်
အာဏာပိုင်အနေနဲ့ဖြေရှင်းပေးဖို့ အရေးဆိုရာကနေ
ဇာတ်ရှိန်မြင့်လာမှာစိုးရိမ်လို့
ရဟန်းတွေကို ခုလိုမျိုးဖမ်းဆီးရတာဖြစ်တယ်။

ဖြစ်စဉ်ကိုပြန်ကြည့်ရင်
အချိန်က (၁၉၉၇)ခုနှစ်
မတ်လ(၁၆)ရက်၊တနင်္ဂနွေနေ့။

မဟာမုနိဘုရားကြီး ဝမ်းဗိုက်တော်
ဖွင့်ဖောက်ခံရခြင်းကိစ္စနဲ့ပတ်သက်လို့
မဟာမုနိဘုရားကြီး
မိုးကောင်းဓမ္မာရုံထဲမှာ
မန္တလေး လေးပြင်လေးရပ်
သံဃာတော်များ
ဒုတိယအကြိမ်စည်းဝေးကြတယ်။

"မဟာမုနိဘုရားကြီးရဲ့ဝမ်းဗိုက်တော်
ညဖက်ကြီးကျမှ ဖွင့်ဖောက်ရသည့်ကိစ္စအပေါ်
ရဟန်းသံဃာထုအားလုံး
သံသယ ကင်းစေခြင်းငှာ
ရှင်းပြတော်မူဖို့အကြောင်း"
ရေတော်ဆရာတော်နဲ့
ညောင်ကန်တိုက် သမုတိဆရာတော်တို့ထံ
ဦးဇင်း ဦးသံဝရ(နန္ဒီသေနရာမတိုက်)က
မိုက်ကရိုဖုန်းကိုင်ပြီး
သံဃာထုကိုယ်စား
တောင်းပန် မေးလျှောက်ပါတယ်။

ရေတော်ဆရာတော် ရှင်းလင်းပုံမှာ
"ယခင် ဘုရားကြီးကို မီးခခဲ့စဉ်က
အက်ကြောင်း လိုက်နေခဲ့လို့
ပြုပြင်တာဖြစ်ကြောင်း၊
မှတ်တမ်းတင် ဗီဒီယို ရှိကြောင်း၊အချိန်မရွေး
လာကြည့်နိုင်ကြောင်း"
ပြန်လည်ဖြေကြားတော်မူပါတယ်။

"လေးပြင်လေးရပ်
သြဝါဒစရိယဆရာတော် (၉)ပါးကရော
ဒီကိစ္စကိုသိပါသလား ?
သူတို့ရဲ့ခွင့်ပြုချက်ကိုကော
ရယူပါသလား ?
ဘုရားဖူးများအနှောင့်အယှက်
မဖြစ်ရအောင် ညဖက်ကျမှ
လုပ်ဆောင်ရသည်ဆိုပါလျှင်
လူကြီး လမ်းကြောင်းရှိချိန်မှာတော့
ဘုရားဖူးပြည်သူများကို ဘာကြောင့်
ကန့်သတ်ပိတ်ဆို့ထားရပါလဲ  ?
စသဖြင့် ဦးဇင်းဦးသံဝရက
မေးခွန်းများ ဆက်ထုတ်ခဲ့ပြီး
ရေတော်ဆရာတော်အား
မေးလျှောက်ခြင်းကို
တစ်ခန်းရပ်နားလိုက်တယ်။

ဘုရားကြီးအရေးအတွက်
မဟာမုနိဘုရားမှာပဲ
သပိတ်စခန်းထိုင်ဖို့အထိ
တပေါင်းလပြည့်နေ့လုပ်မယ့်
တတိယအကြိမ် အစည်းအဝေးကျရင်
ဆွေးနွေးကြဖို့ရာအစီအစဉ်ရှိထားကြပြီး
ဒီအချက်ကိုလည်း
ထောက်လှမ်းရေးကအနံ့ခံမိထားပုံပါပဲ။

စစ်အစိုးရ(အဲ့ဒီတုန်းအခါ မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်)က
ဖြစ်ပေါ်နေတဲ့ အခြေအနေ၊အခင်းအကျင်းအားလုံးရဲ့လားရာကို
ကြိုတင်တွက်ဆမိပုံရပါတယ်။

ဘုရားကြီးအရေး ကျေလည်အောင်
ရှင်းလင်းပေးဖို့ လှုံ့ဆော်စာတွေ
ပြည်သူအကြား ဟိုနေရာဒီနေရာမှာ
လိုက်ကပ်နေတာမျိုး ရှိနေလေတော့
ဒီထက် ပိုကျယ်ပြန့်ပြီး
အကြီးအကျယ် ပေါက်ကွဲလာရင်
ထိန်းသိမ်းရ ပိုခက်ခဲသွားနိုင်တာ
အာဏာပိုင်က တွက်ဆထားတယ်။

မစိုးရိမ်တိုက်က ဦးဆောင်တယ်ဆိုပြီး
ယူဆတဲ့အတွက်
ဦးသံဝရ အစရှိတဲ့ သံဃာများကို
"ဒီကိစ္စ ဆက်မလုပ်ပါနဲ့။
ဒီမှာ ရပ်ထားလိုက်ပါ။
ကားလိုချင်သလား?
ကျောင်းလိုချင်သလား?
အရှင်ဘုရားတို့လိုချင်တာပြောပါ"ဆိုပြီး
တောင်းပန်ညှိနှိုင်းတာမျိုး အရင်လုပ်ဆောင်ခဲ့တယ်လို့
ဦးမဟောသဓ"က မိန့်ပါတယ်။

သံဃာထု ဆန္ဒအတိုင်းသာ
လုပ်ဆောင်ရမှာဖြစ်ကြောင်း
တုံ့ပြန်လိုက်တဲ့အခါ
ချော့လို့မရမှန်းသိသွားကြတယ်။

ဒါကြောင့် ဘုရားကိစ္စ
မျက်ချေဖြတ် အာရုံလွှဲဖို့ရာက
ဘာသာခြားနဲ့ ရန်တိုက်တဲ့နည်း
သုံးရတော့တာပါပဲ။

စုဝေးနေကြတဲ့သံဃာတော်တွေရဲ့
အမြင်သဘောထား၊အကြံပြုစာတွေကို
အများကြားအောင်
ဦးသံဝရ ဖတ်ပြနေတုန်းမှာ
ဘုရားကြီးဖြစ်စဉ်ကြီးကို
လက်စဖျောက် ဖုံးကွယ်ဖို့
လူမျိုးရေးအဓိကရုဏ်းဖြစ်အောင်
တမင်ရှို့လိုက်တဲ့မီးတစ်စအဖြစ်
စာတစ်စောင်က ခုလို
ရောက်ရှိလာပါရော။

"(၂၆)ဘီလမ်း၊ချမ်းသားကြီးဘုရား
အနောက်ဖက်၊
(..........)အထည်ဆိုင်ပိုင်ရှင်
"ရှဖီးနဲ့အေးနိုင်"
ဘာသာခြား ညီအကို နှစ်ယောက်က
မင်းကွန်း ညောင်ပင်စောက်ရွာနေ
ဘုန်းကြီးတူမ နွားနို့သည်မလေး
မ.......အပေါ်အနိုင်ကျင့်ခဲ့ပေမယ့်
ငွေအင်အားသုံးဖြေရှင်းခဲ့လို့
အရေးယူခံရခြင်း မရှိကြောင်း"
အဲ့ဒီစာ ဖတ်လိုက်တာနဲ့တစ်ပြိုင်နက်
သံဃာအုပ်ကြီးထဲက အချို့ဟာ
ထိမ်းမနိုင်၊သိမ်းမရတော့ဘဲ
အော်ဟစ်၊ဆူပူ၊ညာသံပေးရင်း
တွေ့ရာ ကားတွေ တားစီး၊
ရှဖီးအိမ်"သွားဝိုင်းပြီး
ဆော်ကြနှက်ကြတော့တာကိုး။

ပြဿနာစတက်တော့
အချိန်က ညနေစောင်း(၆)နာရီ။

ရှဖီးဆီကနေ ပြန်လာတဲ့
အကြမ်းဖက်အုပ်စုကြီးဟာ
ထောက်လှမ်းရေးဆင်တဲ့ ဂွင်ထဲ
ကျွံမိသွားရာကနေ
တွေ့ရာလူမျိုးခြားရဲ့ဈေးဆိုင်တွေ
ရိုက်ချိုးကြ၊
ဗလီတွေ ဖျက်ဆီးကြနဲ့
လျှပ်စစ်မီးတွေဖြတ်တောက်ထားရာ
လမ်းကြောင်းတစ်လျှောက်
ထင်တိုင်းကြဲကြတော့တာကလား။

ထုံးစံအတိုင်းပေါ့။
နောက်ရက်ကျ
အစိုးရကပုဒ်မ(၁၄၄)ထုတ်လိုက်တယ်။

(၁၉၉၇)မတ်လ(၁၈)ရက်
မနက်(၉)နာရီဝန်းကျင်ကျတော့
သံဃာတော်တွေပါတဲ့ ကား(၉)စီးက
(၄၁)လမ်းကနေ (၈၅)လမ်းကိုအကွေ့။
သားရေစက်ရုံထဲကနေ
စစ်ကားထွက်လာပြီး ရပ်တန့်ခိုင်းတော့
ဦးသံဝရလိုက်ပါလာတဲ့
နောက်ဆုံးကားက
ရပ်ပြီး ပြန်မောင်းအထွက်၊
ဦးဇင်းတစ်ပါး ကားပေါ်ပြန်အတက်မှာပဲ
သူ့ ခြေဒကောက်ကွေးကို
သေနတ်ကျည်ဆံမှန်ပါလေရော။

ကားခေါင်းထဲပါတဲ့
ဦးသံဝရ နံဘေးက ဦးဇင်းတစ်ပါးလည်း
ဦးခေါင်းကို ရှပ်ပြီးမှန်ရုံမို့
တော်သေးတာ။

ဝိသုဒါ္ဓရုံထဲ ရောက်တဲ့အချိန်
သေနတ်မှန်တဲ့ကိုယ်တော်က
သွေးတော်တော်လွန်နေပြီ။
ဆေးရုံကို ပို့ဆောင်ပေမယ့်
ပျံလွန်တော်မူရှာပါတယ်။

အဲဒီဦးဇင်း(ဘွဲ့အမည် စုံစမ်းဆဲ)က ဗန်းမော်ကနေ
မန္တလေး ပတ္တမြားတိုက်
ရောက်လာတာမှ မကြာသေဘူး။
ပတ္တမြားတိုက်က သူ့သီတင်းသုံးဖော်
ဦးဇင်းဦးတေဇဝံသ(ရှမ်းကိုယ်တော်)နဲ့
ကိုရင်ဇော်မင်းတို့ (၂)ပါးလည်း
ဆေးရုံကို လိုက်သွားပြီးစုံစမ်းရင်း ထောက်လှမ်းရေး အဖမ်းခံထိလို့
အိုးဘိုထောင်မှာ(၇)နှစ်ကြာအောင်
သီတင်းသုံးလိုက်ရတယ်။

(၁၉၉၇)ခု မတ်လ(၂၃)ရက်လည်းရောက်ရော
မစိုးရိမ်တိုက်၊နနီ္ဒတိုက်နဲ့
ညောင်ကန်တိုက်ကဦးဇင်းတွေကို
အဝင်အထွက် လက်မှတ်ထိုးပြီးမှ ဆွမ်းခံထွက်ခွင့်ပေးတာမျိုးလုပ်တယ်။
မြတောင်ကျောင်းကျတော့
ကျောင်းနေ သံဃာတွေကို
တိုကင်လက်မှတ်ဝေတယ်။

တပေါင်းလပြည့်နေ့မှာ
ဆက်လက် ပြုလုပ်ဖို့
သတ်မှတ်ထားကြတဲ့
ဘုရားကြီး တတိယအကြိမ်အစည်းအဝေး
မဖြစ်မြောက်အောင် ရှဖီးနဲ့လမ်းလွဲခဲ့ပြီး
အဲ့ဒီနေ့ကျတော့
လမ်းပေါ် ဝါဝါမြင်သမျှ
သိမ်းကျုံ းဖမ်းဆီးတယ်။

ဦးသုဇာတ(အနောက်တိုက်တော်)
ကတော့
(၁၉၉၇)မတ်(၂၇)ရက်နေ့ညပိုင်းအချိန်
မန္တလေး အနောက်မြောက်မြို့နယ်
မ-ဝ-တရုံးမှာ
ဧည့်စာရင်းတိုင်ဖို့ရောက်နေတုန်း
စစ်ကား(၂)စီးက ရုံးရှေ့ လာရပ်ပြီး
ဖမ်းဆီးခဲ့တာပါ။

"ဦးဇင်း"လို့ နှုတ်ကထွက်မိတိုင်း
ဦးဇင်း မဟုတ်ဘူး၊
လူဖြစ်သွားပြီ"ဆိုပြီး
ငထောက်တွေက
နာရင်းချည်းအုပ်တော့တာပဲ။
လက်သီးနဲ့အထိုးခံရလို့
စိုက်ထားတဲ့ငွေသွား"တောင်
ကျိုးသွားသေးတာ"လို့
ဦးသုဇာတ"က မိန့်ပါတယ်။

အသွင်ယူထားသူ သံဃာအချို့က
အစည်းအဝေးရှိတယ်ဆိုပြီး
လိမ်လည်ခေါ်ဆောင်တာကို
လိုက်သွားမိရင်း
ဗားကရာတိုက်ထဲ
အဖမ်းခံရသူ "ဦးကေသရ"ကတော့

"ဦးဇင်းတို့ကို နန်းတွင်းထောင်ထဲမှာ
(၁၃)ရက်ကြာအောင်
စစ်ကြောရေး လုပ်တယ်
အိုးဘိုထောင်ပို့ဖို့
စစ်ကားနဲ့တင်ခေါ်တော့
လျှာထိုးဦးထုပ်တွေ ဆောင်းခိုင်းပြီး
ဘေးနဲ့နောက်ကနေ စစ်သားတွေပိတ်"ကာ"
ထိုင်ထားကြတာ"လို့
မိန့်ပါတယ်။

ဦးဇင်းဦးဉာဏ ကိုတော့
ဘုရားကြီးအရေး ဖြစ်ပြီး
တစ်လ ဝန်းကျင်အကြာ၊
ဘုန်းကြီးကျောင်းပိုင် ဂျစ်ကားနဲ့
အလှူပစ္စည်း သွားအဝယ်
ကြာနီကန်နဲ့တောင်ပြုန်းကြားက
လမ်းပေါ်မှာဖမ်းဆီးခဲ့တာပါ။

"လက်မ"နှစ်ခုကိုပဲ ခတ်လို့ရတဲ့
လက်ထိပ်သေးသေးလေးနဲ့ ခတ်ပြီး
ထောက်လှမ်းရေး(၁)ကို
ဖမ်းခေါ်သွားတယ်။
(၃)ရက်လုံးလုံးအိပ်ခွင့်မပေးဘဲ
စစ်ဆေးခံရတာ"လို့
ဦးဇင်း ဦးဉာဏက မိန့်ပါတယ်။

တပေါင်းလပြည့်နေ့မှာ
တတိယအကြိမ် အစည်းအဝေး
မဖြစ်မြောက်စေဖို့
လမ်းပေါ်တွေ့သမျှသံဃာတွေ
သိမ်းကျုံ းဖမ်းဆီးရာမှာ
ကိုယ်တော်စုစုပေါင်း(၁၄၄)ပါးအထိ
အထိမ်းသိမ်းခံရတယ်။

အကျဉ်းထောင်ထဲ
တစ်လကြာနေခဲ့ရသူ ကိုရင်နေမျိုးလှိုင်
(တံခွန်တိုင်၊တန့်ကြည်တောင်     ကျောင်းတိုက်)ဆိုရင်
အသက်(၁၃)နှစ်ပဲ ရှိပါသေးတယ်။

(၁၄၄)ပါးထဲကနေ(၁၃)ပါးကို
ပြစ်ဒဏ်(၇)နှစ်(၈)နှစ်အသီးသီး
စီရင်ချက်ချခဲ့ရာမှာ
သူတို့တွေကတော့ -

၁/ဦးသံဝရ(နန္ဒီသေန ရာမတိုက်)
၂/ဦးကေသရ(နန္ဒီသေန ရာမတိုက်)
၃/ဦးမဟောသဓ(မစိုးရိမ်တိုက်ဟောင်း)
၄/ဦးဇနိန္ဒ္ဒ(မစိုးရိမ်တိုက်ဟောင်း)
၅/ဦးဝိမလ(မစိုးရိမ်တိုက်ဟောင်း)
၆/ဦးသုဇာတ (အနောက်တိုက်တော်)
၇/ဦးဓမ္မ(အနောက်တိုက်တော်၊
ဓမ္မသုခကျောင်း)
၈/ကိုရင်သုဒဿန
(အနောက်တိုက်တော်ဓမ္မသုခကျောင်း)
၉/ဦးသာသန(အနောက်တိုက်တော်၊
အလယ်တိုက်)
၁၀/ဦးစက္ကပါလ(စိတ္တရ ရာမတိုက်၊၁၂ လမ်း)
၁၁/ဦးဉာဏ(ဘုရားကြီးတိုက်)
၁၂/ဦးတေဇဝံသ(ပတ္တမြားတိုက်)
၁၃/ကိုရင်ဇော်မင်း(ဘွဲ့အမည်စုံစမ်းဆဲ)(ပတ္တမြားတိုက်)ပါပဲ။

ထောင်ဗူးဝက ရုံးမှာတင်
လက်ထိပ်တန်းလန်းနဲ့
ရုံးချိန်း(၂)ကြိမ်သာထုတ်
အကျဉ်းရုံးစစ်ဆေးပြီး
(၁၉၉၇)မေလ (၅ )ရက်နေ့မှာ
လျှော့ရက်မရှိ၊
အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၇)နှစ်
အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဦးဇင်းဦးဉာဏ"ကျတော့
နောက်ထပ်အမှုအတွက် ခြေကျဉ်းပါ
အခတ်ခံရတယ်။

အမိန့်ချမယ့်နေ့မှာ
ရုံးခန်းဘုရားစင်ပေါ်က ပန်းအိုး
သူ့ဘာသာပြုတ်ကျတာတွေ၊
မျက်နှာကျက်ဒလက်ပန်ကာ
လည်နေတဲ့ကြားကို
စာငှက်လေး တိုးဝင်မိပြီး
သေဆုံးတာတွေ ဖြစ်ပါသေးတယ်။

"ဘာအပြစ်ရှိလို့
ခုလို ထောင်ချရတာလဲမေးတဲ့အခါ
ပုသိမ်ကြီးမြို့နယ်တရားသူကြီးက
ဘာပြောလဲဆိုတော့
ရုန်းရင်းဆန်ခတ်ဖြစ်လို့
ပြည်သူတွေ အထိတ်တလန့်ဖြစ်
ဈေးချိုပိတ်ထားရတယ်။
ဈေးချိုပိတ်တာ ခင်ဗျားတို့အပြစ်ပဲလို့
ဆိုကြောင်း ဦးမဟောသဓက
ရယ်စရာ တစ်ခုအဖြစ် ပြန်ပြောင်းမိန့်ဆိုပါတယ်။

ထောက်လှမ်းရေးရဲ့ညှင်းပန်းမှုကို
နောက်ထပ်ပြင်းပြင်းထန်ထန်ခံရသူက
အစည်းအဝေးတက်ကြဖို့ရာ
ဆွမ်းခံကြွရင်းသံဃာတွေဖိတ်ကြားခဲ့သူ
ကိုရင်သုဒဿန(ကိုရင်ကြီးသိန်းထိုက်
ပါပဲ။

ကိုရင်သိန်းထိုက်ခမျာ
အဲဒီစစ်ကြောရေးကရတဲ့
စိတ်ဒဏ်ရာဒဏ်ချက်တွေအပေါ်
အိုးဘိုထောင် မေလ (၃၀)
ထောင်တွင်း ရိုက်နှက်ပွဲအတွင်း
နှိပ်ကွပ်ခံရမှုတွေ
ထပ်ဆင့်ကျရောက်ခံရတဲ့အခါ
စိတ်ကျန်းမာရေး
ယိုယွင်းသွားရတဲ့အထိပါပဲ။

အခု ကျောက်ပန်းတောင်းမှာ
လူဝတ်ကြောင်ဘဝနဲ့
စိတ်ပုံမှန်အခြေအနေမရှိရှာတော့ဘဲ
ဘဝကို ဖြတ်သန်းနေရရှာကြောင်း
သိရတယ်။

ထောင်ထဲမှာ(၇)နှစ်ကြာနေပြီး
လွတ်ရက်စေ့လို့ လွတ်မယ့်ရက်ကျတော့လည်း
သကောင့်သား ထောက်လှမ်းရေးက
အာဏာပါဝါ လာပြတာ
ရှိသေးတယ်။

"နိုင်ငံရေး မလုပ်ပါနဲ့။
ဘယ်မှာ ကျောင်းထိုင် လုပ်ချင်လဲ
ကြိုက်တဲ့ကျောင်းသာ ပြော။
ကျောင်းပေးမယ်ဆိုပြီး
လွတ်မယ့်နေ့
(၂၀၀၃)အောက်တိုဘာ(၃၁)မှာ
ထောက်လှမ်းရေး အရာရှိက
လာပြောလို့ ငြင်းရသေးကြောင်း
ဦးသုဇာတ (အနောက်တိုက်တော်)က
မိန့်ဆိုပါတယ်။

ထောင်ထဲမှာနေရတုန်း
အမိန်မချခင်အတွင်း
ချို့ချို့ငဲ့ငဲ့ငတ်ငတ်ပြတ်ပြတ်နေခဲ့ရပြီး
ခု ဘုရားကြီးအရေးကို
လမ်းချော်သွားစေဖို့ အသုံးချခံရရင်း
ထောင်ထဲအတူရောက်လာရသူ
ဘာသာခြား"ရှဖီး"က စားစရာသောက်စရာလေးတွေ
လာပေးလို့
သူ့ဆီက မုန့်ဟင်းတွေ
ဘုန်းပေးခဲ့ရကြောင်း
ဦးမဟောသဓ"က
မှတ်မှတ်ရရ မိန့်ပါတယ်။

ကြာတော့ကြာခဲ့ပါပြီလေ။
ဒါပေမယ့်ခုလိုမျိုး
အနှိပ်စက်ခံဦးဇင်းများနဲ့ ပြန်တွေ့ဆုံ
အင်တာဗျူး လုပ်ရတဲ့အခါ
စိတ်ထဲမှာတော်တော်လေးကို
နာကျင်ခံခက် သွေးပွက်ပွက်ဆူလာမိပါတယ်။

သြော်..သြော်...
ဘုရားတည်၊ထီးတင်၊ဗုဒ္ဓသာသနာပြု မင်းကောင်းမင်းမြတ်ကြီးတွေလို့
ကိုယ့်ကိုယ်ကို ထင်နေကြပြီး
လုပ်ဆောင်ချက်နဲ့စိတ်စေတနာ၊
သဘောထားများကျတော့
ယုတ်မာ၊ပက်စက်၊
အောက်တန်းကျချက်ကတော့
အံ့သြကုန်နိုင်ဖွယ်ပါပဲလို့တွေးရင်း
နာကျည်း ကြေကွဲမိရပါတော့တယ်။

၁/ယခုဆောင်းပါးအတွက် တွေဆုံမေးမြန်းခွင့်၊အင်တာဗျူးခွင့်
ပေးခဲ့တဲ့ ဦးဇင်း(၆)ပါးအား ကျေးဇူးမှတ်တမ်းတင်အပ်ပါကြောင်း
လျှောက်ထားအပ်ပါတယ်ဘုရား

၂/ယခုဆောင်းပါးအား
မည်သူမဆို ကော်ပီယူနိုင်၊မျှဝေနိုင်ပါတယ်(ခရက်ဒစ်တော့
ပေးကြစေလိုပါတယ်)

၃/ပုံနှိပ်မီဒီယာမှာ ဖော်ပြရန်အတွက်ကတော့
အသိပေးဖို့၊ခွင့်ပြုချက်တောင်းခံဖို့၊
လိုပါကြောင်း သိစေအပ်ပါတယ်။
(3 rd times)

မောင်နန်းဝေ(ဗန်းမော်)
crd

#ခရီးသည်

No comments:

Post a Comment