Twitter Bird Gadget

Wednesday, August 1, 2018

ဒီမိုကရေစီ နဲ့ ဒုံရင်း ဒုံရင်း ကိစ္စ

ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးဟာ ကမ္ဘာကြီးကို အပေါင်းလက္ခဏာ ပြောင်းလဲ တိုးတက် စေတယ်ဆိုတာ သမိုင်း သက်သေရှိ ပြီးသားဖြစ်လို့ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် မြန်မာပြည်လိုမျိုး ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး အသက်သွင်းနေတဲ့ နိုင်ငံတွေမှာရော ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်ပြောင်းလဲဖို့ မမျှော်လင့်နိုင်ဘူးလား။ ဘယ်လောက် ကြာကြာ စောင့်ရမလဲ။ ဒီမေးခွန်းက လူတွေ သိချင်ကြမယ် ထင်ပါတယ်။

တကယ်တော့ ဘယ်လို နိုင်ငံရေး စနစ်ဖြစ်ဖြစ် နောက်ဆုံး တရားဝင်မှုဟာ ပြည်သူလူထုရဲ့ သက်သာချောင်ချိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လောက် အထိ အာမခံနိုင်သလဲ ဆိုတဲ့အပေါ် လုံးဝမူတည်ပါတယ်။ ဆိုလိုတာကတော့ ဘုရင်စနစ်ပဲ ဖြစ်ဖြစ်၊ စည်းမျဉ်းခံဘုရင်စနစ်ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီစနစ်ပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ် စနစ်ပဲဖြစ်ဖြစ်၊ နောက်ဆုံး အာဏာရှင်စနစ်ပင် ဖြစ်ပါစေဦးတော့။ ပြည်သူ လူထုရဲ့ဘဝတွေ အဆင်ပြေချောမွေ့အောင် ဖန်တီးပေးထားနိုင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရနိုင်ပါတယ်။ လွတ်လပ်မှု ဆိုတာကို အခြေအနေနဲ့ အချိန်အခါ အတိုင်းအတာ တစ်ခုအထိ စတေးထား နိုင်တယ်ဆိုတာ နိုင်ငံပေါင်းများစွာ နမူနာ ထုတ်ပြလို့ ရပါတယ်။

အားလုံး သိကြတဲ့အတိုင်း  မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ တင်းပြည့် ကျပ်ပြည့် မဟုတ်ပါဘူး။ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီက တိုင်းပြည်ကို စိတ်တိုင်းကျ အုပ်ချုပ်ခွင့်ရှိတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပုံစံကိုယ်တိုင်က အမိန့်ပေး စနစ်တွေက ရှုပ်ရှုပ်ထွေးထွေး ရှိလှပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရေးကြီးတဲ့ အစိုးရဝန်ကြီးဌာန သုံးခုကို အမိန့်ပေးနိုင်တာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သဘောမတူဘူးဆိုရင် လွှတ်တော်တွင်းမှာ အရေးကြီးတဲ့ ဥပဒေဆိုင်ရာ အပြောင်းအလဲတွေကို မဆုံးဖြတ်နိုင်တာ မျိုးတွေကို ဆိုလိုပါတယ်။ ဒါတင်မက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကနေ ထွက်ပေါ်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံတော် သမ္မတတို့မှာ တစ်ယောက်က defacto ပါဝါကို ကိုင်ထားပြီး၊ တစ်ယောက် မှာ de jure ပါဝါ ရှိနေပါတယ်။

နောက်ထပ် လက်တွေ့ ပြဿနာတွေ များစွာ ရှိပါသေးတယ်။ ပုံမှန် ဒီမိုကရေစီမှာ ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ ပြည်သူ့အမတ်တွေက ချပေးတဲ့ မူဝါဒတွေဟာ ပြည်သူ့ဘဝတွေအပေါ် သက်ရောက်ပါတယ်။ ဥပမာ ကျန်းမာရေးအတွက် ဘယ်လောက်သုံးပြီး ပညာရေးအတွက် ဘယ်လောက်သုံးမလဲ။ လျှပ်စစ်မီးနဲ့ လမ်းပန်း ဆက်သွယ်ရေးအတွက် ဘယ်လောက် သုံးမလဲ ဆိုတဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်မျိုးကို ဆိုလိုပါတယ်။

ဒါပေမယ့် ဒီမိုကရေစီက အာမ မခံနိုင်တဲ့ တခြား ကိစ္စတွေကို လူတွေက မေ့လျှော့နေကြပါတယ်။ ဒီမိုကရေစီကို ပြောင်းလိုက်တာနဲ့ ဘဏ် သူဌေးတွေလည်း သိက္ခာသမာဓိ၊ ကျင့်ဝတ်ပိုင်းကို ပိုပြီး အလေးထားကြ လိမ့်မယ်လို့ ပုံသေကားချပ် တွက်လို့ မရပါဘူး။ ဆေးရုံမှာ တာဝန်ထမ်းနေ တဲ့ ဆရာဝန်တွေက နေ့ချင်းညချင်း လူနာတွေအတွက် စေတနာတွေ ရုတ်ချဉ်း ပေါ်လာပြီး သူတို့ ဘဝတွေကို နစ်မြှုပ် လုပ်ကိုင်လာမယ်လို့ စိတ်ကူးယဉ်လို့ မရပါဘူး။ ဒီမိုကရေစီ အသံကြားရုံမျှနဲ့ နယ်ပယ်စုံမှာ စွန့်ဦး တီထွင်သူတွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်လို့ မရပါဘူး။ တက္ကသိုလ်တွေမှာ ဆရာတွေကလည်း ဒီမိုကရေစီ အသံကြားရုံနဲ့ အရည်အချင်းတွေ မနေ့ကနဲ့ မတူတော့ဘဲ တီထွင်ဉာဏ်တွေနဲ့ ထူးခြား သာလွန်လာကြမှာ မဟုတ်ပါဘူး။

တရားရုံးတွေက တရားသူကြီးတွေကလည်း နေ့ချင်းညချင်းပဲ သမာ သမတ်ကျတဲ့ စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် နောက်ထပ် နမူနာ များစွာ ကျန်ပါသေးတယ်။ ဆိုလိုတာကတော့ ဒီမိုကရေစီဆိုတာ အစိုးရကို ရွေးချယ်တဲ့ နိုင်ငံရေးစနစ် တစ်ခုသာ ဖြစ်ပါတယ်။ ပိုပြီး အတိအကျပြောရရင် quality of life လို့ ဆိုတဲ့ ဘဝအရည်အသွေး တစ်စုံနဲ့ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းမျှပဲ ဖြစ်ပါတယ်။ ဆိုခဲ့တဲ့ အတိုင်း မြန်မာပြည်အကြောင်း ပြောမယ်ဆိုရင် quality of democracy ကိုပါ မေးခွန်း ထုတ်စရာတွေ များစွာ ရှိပါတယ်။

သဘောတရားအရ ပြောရရင် ဒီမိုကရေစီမှာ ပြည်သူတွေက အစိုးရကို တင်မြှောက်ပြီး၊ အစိုးရက ပြည်သူလူထုရဲ့ ဘဝအရည်အသွေးတွေ တိုးတက်ကောင်းမွန် လာစေဖို့အတွက် မူဝါဒတွေ ချမှတ်၊ လက်တွေ့ အကောင်အထည် ဖော်ရပါတယ်။ ဒါပေမယ့် တကယ့် ဒီမိုကရေစီ အခြေကျပါပြီလို့ ဆိုတဲ့ နိုင်ငံတွေမှာလည်း ဒီမိုကရေစီနည်းကျ မဟုတ်တဲ့၊ တနည်းအားဖြင့် လူထုက ရွေးချယ် တင်မြှောက်တဲ့ ပုဂ္ဂိုလ်တွေက ထိန်းချုပ်ထားတာ မဟုတ်တဲ့ အင်စတီကျူရှင်းပေါင်း များစွာဟာလည်း ဒီအတိုင်း ဆက်ရှိနေပါတယ်။ ကိုယ်စားလှယ်တွေက ကြည့်ရုံ ကြည့်နေရပြီး ထိန်းချုပ်လို့ မရတဲ့ အင်စတီကျူးရှင်း ပေါင်းများစွာဟာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စိန်ခေါ်နေ တုန်းပါပဲ။

တကယ်ပြဿနာက စိန်ခေါ်နေတဲ့ အင်စတီကျူးရှင်းတွေဟာ ပြည်သူ့ဘ၀ ဖူလုံရေး၊ လုံခြုံရေး တို့နဲ့ တိုက်ရိုက် ချိတ်ဆက်နေပါတယ်။ တရားရုံးမှာ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်တွေ မမျှတရင် ပြည်သူတွေက အစိုးရကိုပဲ အပြစ်တင်ပါလိမ့်မယ်။ ဆေးရုံမှာ ဆေးဝန်ထမ်းတွေ မောက်မာရင်လည်း အစိုးရအပြစ်ပါပဲ။ အစိုးရရုံးတွေမှာ အောက်ခြေ ရုံးစာရေးကနေ ဗျူရိုကရက် အရာရှိကြီးတွေ အထိ ဆက်ဆံရေး မပြေပြစ်ရင် အစိုးရကိုပဲ ငြိုငြင်ကြပါတယ်။ ဘဏ်တွေက ATM စက် ပျက်နေရင်လည်း အစိုးရကြောင့်လို့ပဲ ထင်တတ်ပါတယ်။ နောက်ဆုံး ပြောရရင် ဒီပြဿနာတွေ အားလုံးရဲ့ အချုပ်ဟာ ဒီမိုကရေစီကိုပါ မျက်နှာပျက်စေပါတယ်။

မြန်မာပြည်အတွက် ပြောရင် ပြ၁၁၁နာက ပိုရှုပ်ထွေးပါတယ်။ ဒီမိုကရေစီရဲ့ သွေးရိုးသားရိုး ပြ၁၁၁နာတွေထက် အများကြီး နက်နဲပါတယ်။ ကောက်ကွေ့ ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ အစိုးရ တက်လာပေမယ့် ဒုံရင်း ဒုံရင်း ပါပဲလို့ စောဒက တက်သူတွေကိုလည်း မှားတယ်လို့ မဆိုနိုင်ပါဘူး။

ဒီမိုကရေစီကူး ပြောင်းချိန် ဘဝအရည်အသွေး (quality of life) နဲ့ ပတ်သက်လို့ ချိန်ထိုးစဉ်းစားစရာ နမူနာတွေ ရှိပါတယ်။ ကွန်မြူနစ်ဝါဒ အလွန် (၁၉၉၀ တဝိုက်) ဥရောပကို ပြန်ကြည့်တဲ့အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အစောပိုင်း ကာလတွေမှာ စီးပွားရေး တိုးတက်ခဲ့တာတော့ မဟုတ်ပါဘူး။ ကွန်မြူနစ် နိုင်ငံဘဝကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ ၂၇ နိုင်ငံထဲမှာ ပိုလန် တစ်နိုင်ငံတည်းသာ စီးပွားရေး အပေါင်းလက္ခဏာ တိုးတက်ခဲ့တာကို တွေ့ရပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး တပြိုင်တည်း တိုးတက်ဖို့ ဆိုတာ ကောင်းတဲ့ မျှော်မှန်းချက် ဖြစ်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်သလောက် ဆိုတာကို တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီကာလ အရှေ့ဥပရောပ နိုင်ငံတွေက ပြည်သူတွေ အများ စုကြားမှာ အပြောင်းအလဲ သဘာဝကို စိတ်ရှည်သလို၊ အကောင်းမြင် စိတ်တွေ လျှော့ကျမသွားခဲ့ပါဘူး။ ဒီမိုကရေစီ နဲ့ ဈေးကွက်က မကြာခင်မှာ သူတို့ ဘဝတွေကို ပြောင်းလဲပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလျှော့ခဲ့ကြပါဘူး။ စီးပွားရေး ဘဝတွေ အချိန်တိုအတွင်း ချက်ချင်း တိုးတက်မလာပေမယ့် သမိုင်းနဲ့ ချီတဲ့ အပြောင်းအလဲမှာ ဒီလို စိတ်ရှည် ရှည်နဲ့ အကောင်းမြင်စိတ်က အရေးကြီးပါတယ်။

မြန်မာပြည်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင့်ဆင့်ကို ဖြတ်သန်းနေရတုန်းပါပဲ။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ဒီအဆင့်ဆင့်ရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ နောက်ဆုံးအဆင့်ဟာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အမတ်တွေကသာ လွှတ်တော်ထဲမှာ ဥပဒေ ပြုခွင့်ရ၊ ပြည်သူက တင်မြှောက်တဲ့ အစိုးရကသာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ယန္တရား အားလုံးကို ထိန်းချုပ်နိုင်တဲ့ အဆင့်လို့ ပြောရပါမယ်။

နေသွင်ညိဏ်း
ကိုးကား၊ Toward Consolidated Democracies by Juan J. Linz & Alfred Stepan
The Ladies News

No comments:

Post a Comment