နေသွင်ညိဏ်း
နှစ်ပေါင်း ၃၀ လောက် အတိုက်အခံအဖြစ် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို အနိုင်ရခဲ့တဲ့အခါမှာ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အပျော်မလွန်ကြဖို့ ထောက်ခံသူတွေကို သတိပေးခဲ့ပါတယ်။ အဲဒါကတော့ “အဆုံးသတ် အောင်ပွဲမဟုတ်ဘူး။ လမ်းခရီးရဲ့အစ” ပဲ ရှိသေးတယ်ဆိုတဲ့ စကားပါပဲ။
မြန်မာပြည် အပြောင်းအလဲ အကြောင်းကို အနှစ်သာရအရ ပြောရရင် အာဏာရှင်စနစ်ဟာ ရာဇပုလ္လင်ပေါ်ကနေ အပြီးအပိုင် ဆုတ်ခွာသွားတဲ့ ပုံစံမဟုတ်ပါဘူး။ လူတိုင်း သိပြီးသားဖြစ်လို့ အသေးစိတ်တွေကို မပြောတော့ ပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျစရာတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က အပြောင်းအလဲတိုင်းဟာ သူ့နည်းနဲ့သူ ရှုပ်ထွေး သိမ်မွေ့ကြ တာ ထုံးစံပါပဲ။ ဒါကြောင့် မြန်မာပြည် အသွင်ကူးပြောင်းရေးကလည်း ရှုပ်ထွေးပါလိမ့်မယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက် မြင့်မားတဲ့အလျောက် ကြိုးတန်းလျှောက်နေရတဲ့ အစိုးရ ကိုယ်တိုင်နဲ့ အာဏာရှင်စနစ်ကို လက် တွဲ တွန်းလှန်ခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုတွေ အတွက် လုပ်စရာတွေ ကလည်း အလွန်များပါတယ်။ ဒါကြောင့် လုပ်လက်စ အလုပ်တွေကို မရပ်လိုက်ဖို့နဲ့၊ အရှုပ်အထွေးထဲမှာ အချင်းချင်း နားလည်မှု မလွဲဖို့နဲ့ အာရုံတွေ မထွေပြားဖို့ အရေးကြီးပါတယ်။
ဒီနေရာမှာ မအောင်မြင်တဲ့ အာရတ်နွေဦး အပြောင်းအလဲတွေကကနေ မြန်မာပြည်အတွက် သင်ခန်းစာ ထုတ်ယူစရာတွေ ရှိတန်သလောက် ရှိပါတယ်။
အရေးအကြီးဆုံးကတော့ အနာဂတ်အတွက် မျှော်မှန်းချက် ရှင်းလင်းဖို့ လိုပါတယ်။ ခေတ်အဆက်ဆက် အာဏာရှင်တွေကို အသက်တွေ၊ ဘဝတွေ ပေးပြီး တွန်းလှန်ခဲ့တဲ့ မူလ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ အုပ်စုတွေ အနေနဲ့ မိမိကိုယ်တိုင် ပြန်မေးရမယ့် မေးခွန်းက မြန်မာပြည်ကို အဆုံးတစ်နေ့မှာ ဘယ်လို နိုင်ငံမျိုး အဖြစ် မြင်တွေ့ချင်တာလဲ။ ဘယ်လို အစိုးရမျိုးကို လိုချင်တာလဲ။ ဘယ်လို တရားစီရင်ရေး စနစ်မျိုးကို လိုချင်တာလဲ။ ပြည်သူတွေရဲ့ဘယ်လို အခွင့်အရေးမျိုးကို မဖြစ်မနေ ကာကွယ်ပေးချင် တာလဲ။ တဝက်တပျက် အပြောင်းအလဲကို ဦးဆောင်နေတဲ့ အစိုးရ ကိုယ်တိုင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေ အားလုံး အနေနဲ့ မိမိကိုယ်ကို ဒီမေးခွန်းတွေကို အမြဲတမ်းမေးနေဖို့ လိုပါတယ်။
ဥပမာ - တောင်အာဖရိကရဲ့ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင် သူတွေဟာ အနာဂတ် နိုင်ငံတော်ကို ခပ်စောစော ကတည်းက စိတ်ကူး ပုံဖော်ခဲ့ကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ မင်ဒဲလားရဲ့ အာဖရိကန် နေရှင်နယ် ကွန်ဂရက် (ANC) က ပြည်သူတွေဆီက ဆန္ဒ စစ်တမ်းကောက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ လွတ်မြောက်ရေး ကြေညာစာတမ်း “Freedom Charter” ဆိုတဲ့ နာမည်နဲ့ လူသိများပါတယ်။ ပြည်သူတွေရဲ့ ရှင်းလင်းတဲ့ တောင်း ဆိုချက်က အသာအရောင် ခွဲခြားတဲ့ စနစ် (apartheid) စနစ်ကို အပြီးသတ်ဖျက်သိမ်းပြီး၊ နိုင်ငံသား အားလုံးဟာ တန်းတူ ရည်တူ အခွင့် အရေးနဲ့ ထိုက်တန်တယ် ဆိုတာပဲ။ ဒါဟာ အနာဂတ် တောင်အာဖရိက နိုင်ငံကို ဘယ်လို ထူထောင်ကြမလဲ ဆိုတာကို ရှင်းလင်းတဲ့ အခြေခံမူဝါဒ ဖြစ်လာပါတယ်။
ဒုတိယ အရေးကြီးတာကတော့ ရှိပြီးသား ညီညွတ်မှုကို ထိန်းထားဖို့လိုပါ တယ်။ အာဏာရှင်စနစ်ကို အကြမ်းမဖက် နည်းလမ်းကိုသုံးပြီး တွန်း လှန်ကြတဲ့ အခါမှာ ညီညွတ်မှုနဲ့ အစီအစဉ် ကျဖို့ဟာ အသက်ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှု (Civil Rights Movement) အောင်မြင်ရတဲ့ အဓိက အကြောင်းဟာ လူမည်းတွေ နဲ့ လူဖြူတက်ကြွလှုပ်ရှားသူတွေ ကြားက ညီညွတ်ရေးက အသက်ဖြစ်ခဲ့ပါ တယ်။ မြန်မာပြည်က အောင်မြင်ခဲ့တဲ့ တောင်လှန်ရေးတွေနဲ့ ကမ္ဘာပေါ်က အောင်မြင်ခဲ့တဲ့ တခြား တော်လှန်ရေးတွေကို ကြည့်ရင်လည်း ဒီလို ညီညွတ်မှုမျိုးတွေကို တွေ့နိုင်ပါတယ်။
တခြားတစ်ဖက်ကနေ ပြောရရင် တော်လှန်ရေးသမားတွေ ညီညွတ်မှု မရှိတဲ့အခါမှာ အာဏာရှင် ဘက်တော်သားတွေက အပေါ်စီး ပြန်ရသွားတတ်ပါတယ်။ ဥပမာ - ယူကရိန်းမှာ ဆိုရင် လိမ္မော်ရောင် တော်လှန်ရေး (၂၀၀၄) ကို ဦးဆောင်ခဲ့တဲ့ အဓိကအတိုက်အခံ နိုင်ငံရေးသမား နှစ်ယောက် (ဗစ်တာ ယူရှက်ချန်ကိုနဲ့ ယူလီယာ တီမိုရှန် ကို) တို့ရဲ့ ညွန့်ပေါင်း အစိုးရအတွင်းမှာ သဘောကွဲခဲ့ကြတယ်။ ဒီလိုနဲ့ ၂၀၁၀ မှာတော့ သူတို့ နှစ်ယောက်လုံး သမ္မတ ရာထူးကို လက် လွှတ် လိုက်ရပြီး ဗစ်တာ ယန်နူကိုဗစ် လက်ကို အာဏာပြန်အပ်လိုက်ရပါတယ်။ ယန်နူကိုဗစ် ဆိုတာ လိမ္မော်ရောင် တော်လှန်ရေးမှာ သူတို့ တွန်းလှန်ဖြုတ် ချခဲ့ရတဲ့ သူပါပဲ။ မြန်မာပြည်ရဲ့၁၉၈၈ အရေးတော်ပုံမှာ လည်း အာဏာ ရှင်ဘက် တော်သားတွေကို အနိုင်ရခဲ့ပေမယ့် ဒီမိုကရေစီ ဘက်တော် သားတွေဟာ ညီညွတ်မှုနဲ့ အနာဂတ် မျှော်မှန်းချက် မရှင်းလင်းတဲ့အတွက် အချိန်တိုအတွင်းမှာပဲ စစ်အုပ်ချုပ်ရေး အောက်ကို ပြန်လည် ကျရောက် ခဲ့ပါတယ်။
တတိယ သင်ခန်းစာက ဗိုလ်ချုပ်အောင်ဆန်း သတိပေးခဲ့ဖူးတဲ့ ပန်း မဝင်ခင် (လှေလှော်) တက် ထောင်တဲ့ ဗမာ့အကျင့်ဆိုးနဲ့ ဆိုင်ပါတယ်။ ဒီမိုကရေစီ တော်လှန်ရေးတွေမှာ လူဆိုးတွေကို မောင်းထုတ် လိုက်ရရုံနဲ့ အောင်ပွဲခံပြီလို့ စိတ်တုံးတုံးချရင် အမှားကြီး မှားပါလိမ့်မယ်။ ဘာဖြစ်လို့ လဲ ဆိုရင် အာဏာကို နှစ်ပေါင်းများစွာ မက်မော ဖက်တွယ်လာခဲ့တဲ့ အာဏာရှင်တွေဟာ မတတ်သာတဲ့ အဆုံးကျတော့မှ အာဏာကို ကျောခိုင်း သွားခဲ့ရရင်လည်း အဝေးကြီး မသွားဘဲ “ခပ်ခွာခွာ” မှာ ကျားနားလို ချောင်းမြောင်းနေတယ် ဆိုတာကို သတိပြုရပါမယ်။
မြန်မာပြည် အခြေအနေကို ပြောမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီက သောင်ပြိုကမ်းပြိုနိုင်ပြီး အာဏာ တစိတ်တပိုင်း ရလာပေမယ့် ဒီမိုကရေစီ အောင်ပွဲခံပြီလို့ မဆိုနိုင်သေးပါဘူး။ ဒီမိုကရေစီ အစိုးရဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး အာဏာသိမ်း ခံရတဲ့ ဘေးအန္တရာယ်ကိုလည်း ကာကွယ်နိုင်မှပဲ နောက်ဆုံး အောင်ပွဲဖြစ် ပါတယ်။ ဒီအခြေအနေကို ဝေးဝေး ကြည့်စရာ မလိုပါဘူး။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီတလှည့်၊ စစ်အာဏာသိမ်း တလှည့်အခြေအနေကို လှမ်းမျှော်ကြည့်ရင် အဓိပ္ပာယ်က ရှင်းပါတယ်။
စတုတ္ထသင်ခန်းစာကတော့ ဒီမိုကရေစီသမားတွေ ခါးတောင်ကျိုက် ဖြုတ်တာ မစောပါနဲ့ဦး။ တော်လှန်ရေးတွေနဲ့ အကူးအပြောင်း ကာလမှာ အာဏာ လေဟာနယ်ဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။ သဘာဝကျစွာပဲ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ အုပ်စုတွေ အလျှိုလျှို ပေါ်လာတတ်ပါတယ်။ တချို့ နိုင်ငံတွေမှာ ဒီလေဟာနယ်ကို ဝင်ဖြည့်တဲ့ အုပ်စုတွေဟာ ဘာသာရေး အုပ်စုတွေနဲ့ စနစ်တကျ စုဖွဲ့ထားတဲ့ စစ်တပ်လို အဖွဲ့အစည်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ တော်လှန်ရေး ဖြစ်ဖို့ ဆိုရင် အာဏာလေဟာနယ်ကို ဘယ်လို ဖြည့်မလဲဆိုတဲ့ မဟာဗျူဟာကိုပါ စဉ်းစားပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလို ပြင်ဆင်တဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ အပြောင်းအလဲကို လိုလားတဲ့ ခေါင်းဆောင်တွေကြားက အလုပ်ဖြစ်တဲ့ ဆက်ဆံရေးကို အခိုင်အမာ တည်ဆောက်ဖို့နဲ့ အင်အားကြီးမားတဲ့ ဘာသာရေးနဲ့ စစ်တပ်လို အဖွဲ့အစည်းတွေနဲ့ အလုပ်တွဲလုပ်နိုင်တဲ့ ခေါင်းဆောင်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလို ဆက်ဆံရေးတွေရှိမှပဲ အချင်းချင်းကြားမှာ နောက်ထပ် “အာဏာလုပွဲ” တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံး သင်ခန်းစာကလည်း အရေးကြီးပါတယ်။ အကြမ်းမဖက် ဒီမိုကရေစီ လှုပ်ရှားမှုတွေ အောင်ပွဲလမ်းစပေါ် ရောက်ပြီးမှ နောက်ပြန် လန်ကျသွားရတဲ့ အကြောင်းတခုကတော့ ပြည်သူတွေ ရိုးလွန်းတဲ့ ကိစ္စနဲ့ ဆိုင်ပါတယ်။ အာဏာရှင် ဘက်တော်သားတွေ နောက်ဆုတ်သွားတဲ့အခါ အပြောင်းအလဲ လမ်းစပွင့်သွားပြီလို့ အထင်ရောက်ကာ၊ ကျန်တဲ့ အပြောင်းအလဲတွေကို အထက်တန်းကျကျ နိုင်ငံရေးသမားတွေ၊ လူချစ် လူခင်များတဲ့ ခေါင်းဆောင်တွေက ဆက်ပြီး ဖော်ဆောင်သွား လိမ့်မယ် ဆိုတဲ့ ရိုးရိုးသားသား ယုံကြည်မှု လွဲတာမျိုး ဖြစ်ပါတယ်။ အကြမ်းမဖက် တိုက်ပွဲကို အမှန်တကယ် ဦးဆောင်ခဲ့ကြတဲ့သူတွေဟာ အာဏာရှင်ကို “နန်းချ” နိုင်ပြီး ဒီမိုကရေစီ အစိုးရသစ် အာဏာရလာတဲ့ အခါမှာ အောင်ပွဲရပြီ ဆိုပြီး စောစောစီးစီး ဘေးထွက်ထိုင်တတ်ကြပါတယ်။
တကယ်တမ်းကျတော့ အာဏာကို မြည်းစမ်းခွင့်ရတဲ့ အစိုးရသစ်တွေဟာ အာဏာ အလွဲသုံးတာတွေ ဖြစ်လာရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မှာ အနှောင့်အယှက် ဖြစ်နိုင်တာပါပဲ။ ဂျော်ဂျီယာမှာ ၂၀၀၃ နှင်းဆီ တော်လှန်ရေး အောင်ပွဲခံပြီး ၁၀ နှစ်အတွင်းမှာပဲ အစိုးရသစ်ဟာ အာဏာရှင် လမ်းကြောင်းအတိုင်း အခြေအနေတွေ ဖန်တီးတယ်လို့ စွပ်စွဲခံရပါတယ်။ ထိုင်းဒီမိုကရေစီမှာလည်း ဝန်ကြီးချုပ် သက်ဆင်ဟာ အာဏာကို အလွဲသုံးတယ်လို့ စွပ်စွဲခံရပြီး တရားဝင်မှု ကျဆင်းလာကာ၊ နောက်ဆုံး ရှပ်နီ၊ ရှပ်ဝါ တင်းမာမှုတွေကြောင့် စစ်တပ်က နောက်တကျော့ အာဏာပြန်သိမ်းခဲ့ပါ တယ်။
ဒါကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုဟာ အစိုးရသစ်ကို ပထမဆုံး အာဏာယူတဲ့ နေ့ကစလို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် လူထုနည်းနဲ့ ဖိအားပေးနေသင့်ပါတယ်။ အာဏာဆိုတာ လူကို ဖျက်ဆီးတတ်တဲ့ သဘောရှိပါတယ်။ အကြမ်းမဖက် တိုက်ပွဲ အောင်ပွဲခံလို့ ဒီမိုကရေစီ အစိုးရ တက်လာတဲ့ တိုင်အောင် အရပ်ဘက် အဖွဲ့အစည်းတွေဟာ မျက်စိရှင် နားပါးပြီး နှိုးကြားနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ တက်လာတဲ့ အစိုးရ တိုင်းဟာ တာဝန်ခံမှု ရှိလာပြီး ဒီမိုကရေစီ အသားကျလာမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ ဘက်တော်သားတွေဟာ အာဏာရှင်တွေ နန်းချနိုင်ရုံနဲ့ အောင်ပွဲ မရသေးပါဘူး။ မတည်ငြိမ်မှုတွေ၊ ဘာသာရေး ပဋိပက္ခ၊ စစ်တပ် အာဏာသိမ်းမှုနဲ့ နိုင်ငံရေး အကျင့်ပျက်မှုတွေကို ရင်ဆိုင်နိုင်တဲ့ အဆင့်အထိ ချီတက်ရပါဦးမယ်။ ဒါပေမဲ့ နိုင်ငံတကာ အသွင်ကူးပြောင်း မှုတွေမှာ ဒီအခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ အရေးကြီးတာက အကွက်မြင်မြင်နဲ့ စနစ်တကျကြိုတင် ပြင်ဆင်ထားနိုင်ဖို့ ဖြစ်ပါတယ်။
ပွဲလန့်တုန်း ဖျာခင်းတတ်တဲ့ တန်ပြန် တော်လှန်ရေးသမားတွေကို တားဆီးနိုင်ဖို့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့ ဒီမိုကရေစီ အစိုးရသစ် အာဏာရဖို့၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ခိုင်မာ ရှင်သန်ဖို့ ဆိုတာတွေဟာ ရေရှည်လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါတွေဟာ လူကြိုက်နည်းတဲ့ အာဏာရှင်ကို ဖြုတ်ချရေးလောက်တော့ အများကို ဆွဲဆောင်နိုင်တာတော့ မရှိလှပါဘူး။ ဒါပေမဲ့ ဒီနောက်ဆုံး အရေးတော်ပုံဟာ စိတ်ရှည်ဖို့၊ သက်လုံကောင်းဖို့၊ ရည်မှန်းချက် ရှင်းလင်းဖို့၊ သတ္တိရှိဖို့ လိုတယ် ဆိုတာကတော့ အထူး ပြောဖို့မလိုပါဘူး။
(The Ladies News အတွက် ရေးခဲ့သော ဆောင်းပါးဖြစ်သည်။)
No comments:
Post a Comment