မြန်မာပြည်ရဲ့ ၈ လေးလုံး အရေးတော်ပုံဟာ ကမ္ဘာသိ သွေးထွက်သံယို ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပါတယ်။ လူထုရဲ့ ဒေါသတွေ၊ ခံပြင်းမှုတွေ ဟာ လမ်းမပေါ်မှာ သေနတ်ကျည်ဆံတွေကို သွေးသံရဲရဲ ရင်ဆိုင်ဖို့ အထိ ဒေါမာန်ဟုန် ပြင်းထန်ခဲ့ပါတယ်။ နောက်ထပ် နှစ်သုံးဆယ်ခန့်အကြာမှာ မြန်မာပြည်ဟာ နောက်ထပ် ပညာနဲ့ ယှဉ်တဲ့ အသံတိတ် တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲနေရပြန်ပါတယ်။
အသံတိတ် တော်လှန်ရေးရဲ့ ပထမအဆင့်က ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ၈ လေးလုံး တုန်းကလို လမ်းမတွေပေါ် ဒေါသနဲ့ မထွက်ဘဲ မဲရုံတွေဆီကိုသွားပြီး အာဏာရှင်စနစ်ရဲ့ အကြွင်း အကျန်တွေကို ပညာသားပါပါ ဖယ်ရှားခဲ့ပါတယ်။ အသံတိတ် တော်လှန်ရးရဲ့ ဒုတိယအဆင့် ဘယ်အထိ ခရီးပေါက်မလဲဆိုတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရရဲ့ ကြိုးပမ်းမှု တွေအပေါ် အများကြီး မူတည်ပါတယ်။
အခုလို ၈ လေးလုံး နှစ်ပတ်လည် ကာလမှာ မေးထိုက်တဲ့ မေးခွန်းက ၈ လေးလုံး အိပ်မက်တွေ ဘယ်လောက် အကောင်အထည် ပေါ်နေပြီလဲ ဆိုတာပါပဲ။ ၈ လေးလုံး အိပ်မက်ဟာ တခြားမဟုတ်ပါဘူး။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေး ဖြစ်ပါတယ်။ ဦးနေဝင်း ခေါင်းဆောင်တဲ့ တစ်ပါတီ အာဏာရှင် စနစ်အောက်မှာ မြန်မာပြည်ဟာ ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေခဲ့တယ်။ လွတ်လပ်ရေးအလွန် နိုင်ငံ တည်ဆောက်ရေး မအောင်မြင်ဘဲ ကျဆုံးနိုင်ငံဖြစ်နေတာ ငြင်းမရတော့ ဘူး။ ၈ လေးလုံး အရေးတော်ပုံကြီး ပေါက်ကွဲခဲ့ရတဲ့ အကြောင်းပေါင်း များစွာထဲမှာ မြန်မာပြည် ကျဆုံးနိုင်ငံ ဖြစ်နေခဲ့တာက အဓိက အကြောင်း ရင်းတစ်ရပ် ဖြစ်ပါတယ်။
ဒါကို ရိပ်မိတဲ့အတွက် တစ်ပြည်လုံး အတိုင်းအတာ အရေးတော်ပုံကို နှိမ် နင်းပြီး တက်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်များပင်လျှင် လူထုရဲ့ ဒီမိုကရေစီ အာသီသကို မဖြည့်ဆည်းခဲ့ကြတဲ့ တိုင်အောင် လူသိရှင်ကြား မချိုးနှိမ်ရဲခဲ့ကြပါဘူး။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဝေလေလေ သံယောင်လိုက်ခဲ့ (သို့မဟုတ်) အသုံးချ လှည့်စားခဲ့ပါတယ်။ အာဏာသိမ်း စစ်အစိုးရအဖွဲ့ရဲ့ အမည်၊ ကြွေးကြော်သံတွေမှာ ဒီသဘောတွေကို တွေ့နိုင်ပါသည်။ ဒါပေမဲ့ စစ်အစိုးရလက်ထဲက တိုင်းပြည် ဟာ ၈၈ မတိုင်ခင်က အခြေအနေထက် ထူးထူးခြားခြား ပြောင်းလဲ တိုးတက်မလာ ပါဘူး။ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။ အကြောင်းရင်းမှာ ရှင်းပါတယ်။ အမည် နဲ့ ခေါင်းဆောင်ပိုင်းသာ ပြောင်းပြီး နိုင်ငံတော်ယန္တရား (Institution) တွေကို မပြောင်းလဲနိုင်ခဲ့ပါဘူး။
မြန်မာပြည်ရဲ့ လက်ရှိ အသံတိတ် တော်လှန်ရေးဟာ အနှစ်သာရအထိ သွားဖို့ လိုအပ်နေပါတယ်။ တခြားနည်းနဲ့ ပြောရင် နိုင်ငံတော် ယန္တရားတွေအထိ ပြောင်းလဲဖို့ လိုနေပါတယ်။ ဒီကိစ္စဟာ အပြော လွယ် သလောက် အလုပ်ခက်ပါတယ်။ တစ်ခါတလေ နောက်ပြန် လှည့်နိုင်တဲ့ လမ်းဆုံလမ်းခွမှာ ရောက်သွားတတ်ပါတယ်။
ဒီမိုကရက်တိုင်ဇေးရှင်း အကြောင်းပြောကြတဲ့အခါ အဆင့်တွေ ခွဲပြောကြ တာ ဖတ်ဖူးကြတဲ့ အတိုင်းပါပဲ။ သောမတ်စ်ကာရို့သာ့စ်က အဆင့် သုံးဆင့်နဲ့ ပြောပါတယ်၊
ပထမဆင့်မှာ opening အဆင့် နိုင်ငံရေးဖြေလျှော့မှုတွေ လုပ်လာမယ်၊ အာဏာရှင်အစိုးရ အဖွဲ့ထဲက အပျော့လိုင်းနဲ့ အမာလိုင်း ကွဲကွဲပြားပြားဖြစ် လာမယ်၊ ဒုတိယအဆင့်မှာ breakthrough - အာဏာရှင်အစိုးရ မြင်ကွင်းက ပျောက်သွားပြီးနောက် ရွေးကောက်ပွဲ နည်းလမ်းနဲ့ အစိုးရသစ် တက်လာမယ်၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ပေါ်လာ မယ်၊ တတိယ consolidation အဆင့်မှာ ဒီမိုကရေစီဟာ စာရွက်ပေါ်မှာ တင် မဟုတ်တော့ဘဲ အသက်ဝင်လာတဲ့ အဆင့်ဖြစ်ပါတယ်။ အခြေခိုင် လာတဲ့ အဆင့်ဖြစ်ပါတယ်၊
ဒီလို ပညာရပ်ဆန်ဆန် သီအိုရီတွေ မတိုင်ခင်မှာ မြန်မာပြည်မှာ ဒီထက်အများကြီးစောပြီး ဒီမိုကရက် တိုက်ဇေးရှင်း သီအိုရီဆန်ဆန် ပထမဆုံး ဖော်ထုတ်ခဲ့သူ (မှတ်တမ်းတင်ခဲ့သူ) တယောက် ရှိပါသေး တယ်။ သူကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုပါပဲ။ ဦးနုက သီအိုရီသာမက လက်တွေ့လည်း ဖော်ဆောင် ခဲ့တဲ့အကြောင်း သူကိုယ်တိုင် ရေးတဲ့ “တာတေစနေသား” မှာ လေ့လာနိုင်ပါတယ်။
ဒီနေရာမှာ Democracy Consolidation ကို ဦးနုက ဒီမိုကရေစီ အမြစ်တွယ်ခြင်းလို့ သုံးပြီး၊ ၈ လေးလုံး အရေးတော်ပုံ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အုတ်မြစ်ချခြင်းလို့ သုံးပါတယ်၊ သဘောတရားချင်း အယူအဆချင်း အတူတူပါပဲ။
ဒီမိုကရေစီ အမြစ်တွယ်အောင် ဆောင်ရွက်တဲ့နေရာမှာ အဖျက်တွေ ရှိနေတာကိုလည်း ဦးနုက ထောက်ပြခဲ့ပါတယ်၊ စစ်တပ်က အာဏာ သိမ်းတာ ခံရပြီးနောက် ပြည်ပြေးဘဝမှာ ရေးခဲ့တဲ့ “တာတေ စနေသား” စာအုပ်ထဲမှာ ဦးနုက ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်ရတဲ့နေရာမှာ အဓိကအပိုင်းကြီး (၂) ပိုင်းရှိတယ်လို့ တင်ပြထားပါတယ်။
“တပိုင်းက ဒီမိုကရေစီ အန္တရာယ်တွေ ဖြစ်လာနိုင်တဲ့ ပုဂိ္ဂုလ်တွေကို အမြင်မှန်ရလာအောင် လုပ်ပေးရတဲ့ အပိုင်းဖြစ်တယ်။ တခြား တပိုင်းကတော့ ပြည်သူလူထုကြီး တရပ်လုံးဟာ ဒီမိုကရေစီကို အသက်ပေးပြီး ကာကွယ်မယ့် စစ်သားကောင်းတွေ ဖြစ်လာအောင် လုပ်ပေးရတဲ့ အပိုင်းဖြစ်တယ်။
အန္တရာယ်တွေ ဖြစ်လာနိုင်တဲ့ ပုဂိ္ဂုလ်တွေဆိုတာ ဘယ်သူတွေလဲ၊ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်ပေးနေရတဲ့ နိုင်ငံတွေမှာ အကြမ်းအားဖြင့် အန္တရာယ် (၃) မျိုး (၃) စား ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိတယ်။ အဲဒီသုံးမျိုးသုံးစားကို ဖော်ပြချင်တယ်။
(၁) တချို့နိုင်ငံရေးသမားတွေဟာ အစတုန်းကတော့ ရွေးကောက်ပွဲနဲ့ အာဏာရလာသူတွေ ပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်း ကြာလာတော့ သူတို့ရဲ့ကိုယ်ကျင့်တရား ပျက်ပြားမှုကြောင့်ပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဖြစ်ဖြစ် နှစ်ခုစလုံးကြောင့် ဖြစ်ဖြစ် ပြည်သူလူထုက သူတို့အပေါ်မှာ အကြည်ညို ပျက်လာတယ်၊ ရွေးကောက်ပွဲလုပ်ရင် သူတို့ ဧကန်ရှုံးတော့မှာပဲ ဆိုတာကို သိတဲ့အခါ ဒီအာဏာရ နိုင်ငံရေး သမားတွေဟာ အကြောင်းအမျိုးမျိုးပြပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်း ပစ်တတ်ကြတယ်။ ဒီလို ရွှေ့ ဆိုင်းပစ်လို့ မရတော့ဘဲ ရွေးကောက်ပွဲ လုပ်ပေးရမယ် ဆိုပြန်ရင်လည်း သူတို့ အနိုင်ရအောင် ညစ်ပတ်တဲ့ နည်းတွေကို သုံးတတ်တယ်။ အဲဒီ ညစ်ပတ်တဲ့ နည်းတွေကလည်း သူတို့ကို မတတ်နိုင်တော့ဘဲ ရွေးကောက်ပွဲမှာ သူတို့ ရှုံးသွားရင် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ဒီနိုင်ငံရေး သမားတွေက လက်မခံဘူး၊ လက်နက်ကိုင် တပ်တွေကို အလွဲသုံးစားလုပ်ပြီး ဒီလူတွေဟာ အာဏာ သိမ်းတတ်တယ်။
(၂) တချို့နိုင်ငံရေးသမားတွေ ရှိတယ်။ သူတို့မှာ အရည်အချင်းလည်း မရှိ၊ ကိုယ်ကျင့်တရားလည်း မရှိတဲ့အတွက် ပြည်သူလူထုရဲ့ ကြည်ညိုမှုကို ဘယ်သောအခါကမှ သူတို့မရခဲ့ကြဖူးဘူး။ နောင်လည်း ရဖို့အကြောင်း မရှိဘူး။ အဲဒီ နိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီကို ပုတ်ခတ်မယ်။ ဒီမိုကရေစီအရ ကျင်းပပေးရတဲ့ ရွေးကောက်ပွဲစနစ်ကို သူတို့ ရှုတ်ချမယ်။ နောက်ပြီးတော့မှ သူတို့ကို ထောက်ခံမယ့် နိုင်ငံခြားအစိုးရတွေဆီက သူတို့ အာဏာသိမ်းနိုင်ဖို့ အကူအညီ တောင်းပြီး သူတို့ သူပုန်ထမယ်။ အဲဒီ နိုင်ငံရေးသမားတွေဟာ ဒုတိယ အန္တရာယ်ဖြစ်တယ်။
(၃) တချို့စစ်ဗိုလ်တွေဟာ လောကီသားတွေ ဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးသမားတွေကို တဖြည်းဖြည်း အားကျလာပြီး အာဏာ လိုချင်ကြပြန်တယ်။ သူတို့ရဲ့လက်ထဲမှာ လက်နက် အပြည့်အစုံရှိနေတာ ကြောင့် ဒီစစ်ဗိုလ်တွေအတွက် အာဏာသိမ်းရတာဟာ ရွေးကောက်ပွဲမှာ လူထုဆီ အာဏာ တောင်းရတာထက် ပိုပြီးလွယ်နေတယ်။ အဲဒီ စစ်ဗိုလ်တွေဟာ တတိယအန္တရာယ်တွေ ဖြစ်တယ်” လို့ ဦးနုက ရေးပါတယ်။
သေချာတာကတော့ ဝန်ကြီးချုပ် ဦးနုဟာ အဖျက်သမားတွေကို မတားဆီး လိုက်နိုင်ပါဘူး၊ သူ့စာအတိုင်းဆိုရင် ပြည်သူတွေကို ဒီမိုကရေစီအတွက် အသက်ပေး ကာကွယ်မယ့် စစ်သားကောင်းတွေ ဖြစ်အောင် မလုပ်နိုင်ခင်မှာပဲ အဖျက်သမားတွေက လက်ဦးသွားပါတယ်၊ ဒီလိုနဲ့ မဆလ ၂၆ နှစ်။ နောက် ၁၉၈၈ အရေးတော်ပုံ။ နဝတ၊ နအဖ ၂၂ နှစ်။
အခု သမိုင်းက တကျော့ပြန်လည်လာတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်၊ ဒီတခါ ဒီမိုကရေစီ အုတ်မြစ်ချခြင်း အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိပ်ဆုံးကနေ လုပ်ဆောင်နေရပါတယ်၊ ၁၉၈၈ ကတည်းက စခဲ့တယ်လို့ ဆိုချင်လည်း ဆိုလို့ရပါတယ်၊ အခြေအနေချင်းတော့ ခြားနားသွားတာ အမှန်ပါပဲ။
၁၉၈၈ က အရေးတော်ပုံက ဒီမိုကရေစီ အုတ်မြစ်ချဖို့အထိ ရည်ရွယ်ပေ မယ့် အဖွင့်ကျားကွက် opening အဆင့်နဲ့ပဲ အာဏာရှင် ဘက်သားတွေက အပေါ်စီးရသွားပြီး တကျော့ ပြန်လည်သွားတယ်လို့ ထင်ပါတယ်။ အခု ၂၀၁၅ အလွန် အခြေအနေဟာလည်း အဖျက်အမှောင့် အင်အားစုတွေက အခိုင်အမာ ရှိနေပါတယ်။ နောက်ပြန်လည်သွားစရာ အကြောင်းတွေ လည်း ရှိနေတုန်းပါပဲ။
ဒီနေ့ အသံတိတ် ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးနုရဲ့ အားနည်းချက်ကို ခပ်စောစော ကတည်းက နားလည်ခဲ့ပုံရပါတယ်။ ၁၉၈၈ တဝိုက်က ပြောတဲ့ မိန့်ခွန်းတွေမှာ ဒီမိုကရေစီ အခြေခိုင်အောင်၊ အမြစ်တွယ်အောင် ဘယ်လို လုပ်သင့်သလဲဆိုတာကို မကြာခဏ ထည့်ပြောတာတွေ နိုင်ပါတယ်၊ ဥပမာအနေနဲ့ ၁၉၈၈ ကာလ မွန်ပြည်နယ် ခရီးစဉ်အတွင်း ကမာကေး ကျေးရွာနဲ့ ကမာဝက် ကျေးရွာတို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းနှစ်စကို ထုတ်ပြ ချင်ပါတယ်၊၊
“လွတ်လပ်ရေးရပြီးမှ အကြောင်းကြောင်းကြောင့် ကျမတို့ရဲ့ လူ့အခွင့် အရေးတွေ ပျောက်သွားပြီး တပါတီ အာဏာရှင် စနစ်အောက်မှာ ပြန်ပြီးတော့ ကျရောက်ခဲ့ရတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲ ဆိုတော့ ကျမတို့ ပြန်ပြီး သုံးသပ်ဖို့ လိုပါတယ်။ လွတ်လပ်ရေးရပြီးခေတ်မှာ နိုင်ငံရေးသမားများဟာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး အလုပ်မလုပ် လို့ပဲလို့ ကျမ ထင်တယ်၊ နိုင်ငံရေးသမားများက နိုင်ငံရေးလုပ်တယ်။ ပြည်သူလူထုက မိမိဘာသာ နေကြတယ်။ နည်းနည်း ကင်းကွာနေ တယ်လို့ မြင်တယ်။ နိုင်ငံရေးစနစ်တခု အောင်မြင်ဖို့ အထူးသဖြင့် ဒီမိုကရေစီ စနစ် အောင်မြင်ဖို့ဆိုတာ နိုင်ငံရေး လုပ်သူများနဲ့ ပြည်သူ လူထုဟာ တူတူလုပ်ရမယ်”
“ဒီမိုကရေစီ အုတ်မြစ်ချတယ်ဆိုတာ ပြည်သူလူထု အားလုံးက ဝိုင်းပြီးတော့ ကူညီမှဖြစ်မယ်၊ ကျမတို့ဟာ မြန်မာပြည် မြေကြီးထဲမှာ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်ပြီးတော့ ဒီမိုကရေစီ အပင်ရင်း ရှင်သန်လာလို့ ရှိရင် ဒီအပွင့်တွေ၊ အသီးတွေဟာ ကျမတို့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက ခံစားချင်မှ ခံစားရလိမ့်မယ်။ ဒါပေမဲ့ လူလတ်ပိုင်းနဲ့ ကလေးလေးတွေ ကြီးလာလို့ရှိရင် အသီးအပွင့်တွေ ခံစားနိုင်လိမ့် မယ်ဆိုရင် ကျမတို့ ကျေနပ်ပါတယ်”
ဒီနေ့ အစိုးရရဲ့ ကြွေးကြော်သံက “ပြည်သူနှင့်အတူ” ဖြစ်ပါတယ်။ ဒီမိုကရေစီ အုတ်မြစ်ချတဲ့ နေရာမှာ ပြည်သူ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီကို ကာကွယ်နိုင်တဲ့ အင်အားတွေဖြစ်မှပဲ အဖျက်အမှောင့် အင်အားတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
နေသွင်ညိဏ်း
The Ladies News
http://www.theladiesnewsjournal.com/articles/tue-2017-08-08-1502/6885
No comments:
Post a Comment