Twitter Bird Gadget

Thursday, July 5, 2018

သူငယ်ချင်းထံသို့ အိတ်ဖွင့်ပေးစာ

(၁) စူးရှတဲ့ မျက်လုံးပိုင်ရှင် ငါ့သူငယ်ချင်း
သူငယ်ချင်း ခုတလော မင်းရဲ့စူးရှလှတဲ့ မျက်လုံးတွေအကြောင်း ငါစဉ်းစားနေမိတယ် သူငယ်ချင်း ရယ် ...
ကမ္ဘာပေါ်မှာ မင်းလိုပဲ စူးရှ မျက်လုံးတွေ အများကြီး ပေါ်ခဲ့ဖူးတယ် သူငယ်ချင်း။ ဒါပေမယ့် မင်းရဲ့မျက်လုံးတွေဟာ ...
ဂရိနိုင်ငံက အရစ္စတိုတယ်လို ဝေလငါးဟာ ငါးမဟုတ်ဘဲ နို့တိုက်သတ္တဝါလို့ စတင်ခွဲခြားမြင်ခဲ့တဲ့ မျက်လုံးမျိုးမဟုတ်ဘူး။
အီတလီ နိုင်ငံက နာမည်ကျော် အနုပညာရှင် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီလို လောကကြီးရဲ့ ပြောင်မြောက်တဲ့ အနုပညာတွေကို မြင်နိုင်တဲ့ မျက်လုံးမျိုး မဟုတ်ပြန်ပေဘူး။
ဂလီလီယိုလို စကြာဝဠာကြီးထဲမှာ ကမ္ဘာလုံးကြီးဟာလည်း လည်ပတ်ရွေလျားနေတယ်ဆိုတာကို မှန်ပြောင်းတလက်နဲ့  ရှာဖွေဖော်ထုတ်ခဲ့တဲ့ မျက်လုံးမျိုးလည်း မဟုတ်ပြန်ဘူး။
အလင်းရဲ့အလျှင်ဟာ တစ်စက္ကန့် ကီလိုမီတာသုံးသိန်း ပြေးတယ်ဆိုပြီး တိုင်းတာနိုင်ခဲ့တဲ့ အဲလ်ဗက်မိုက်ကယ်ဆွန်ရဲ့ မျက်လုံးမျိုးလည်း မဟုတ်ခဲ့ပြန်ဘူး။
လောကကြီးမှာ ဘာတွေ လိုအပ်နေတယ်ဆိုတာ ကြည့်ပြီး တီထွင်မှုပေါင်း ၁၂၀၀ ကျော်သည်အထိ တီထွင်ဖန်တီးမှုတွေ လုပ်ပေးခဲ့တဲ့ သောမတ်စ်အယ်လဖာအက်ဒီဆင်လို မျက်လုံးမျိုးလဲ မဟုတ်ပြန်ပေဘူးကွယ်။
တကယ်တော့
မင်းရဲ့မျက်လုံးတွေဟာ ကိုယ်ကျိုးစီးပွား တစ်စုံတစ်ရာ မပါဘဲ နိုင်ငံအတွက် နောက်ဆုံးအချိန်အထိ ကြိုးစားပေးနေတဲ့ အသက်(၇၀)ကျော် အဘွားအိုတစ်ဦးရဲ့ စားတာ၊ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ၊ ပြုံးတာ ၊ မဲ့တာတွေသာမက ဖိနပ်ချွတ်တာပါ မကျန် အသေးစိတ် လိုက်လံကြည့်ရှုပြီး အပြစ်မရှိအပြစ်ရှာ ဝေဖန်တိုက်ခိုက်ဖို့ ချောင်းမြောင်းနေတဲ့ ယုတ်မာ ကောက်ကျစ် အောက်တန်းကျတဲ့ မျက်လုံးတွေ ဖြစ်နေတယ် သူငယ်ချင်း ...။
ဒီမှာသူငယ်ချင်း ...
ပုတုဇဉ် လူသားတစ်ယောက်ရဲ့ အပြုအမူ အနေအထိုင်တွေဟာ အရာအရာ ပြီးပြည့်စုံနေပါ့မလား ...
စဉ်းစားကြည့်ပါ ငါ့သူငယ်ချင်းရယ် ...။
ပုတုဇဉ် လူသားတွေ မပြောပါနဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အဂ္ဂသာဝက မဟာသာဝက ကြီးဖြစ်တဲ့ အသဝေါကုန်ခမ်း ရဟန္တာဖြစ်နေတဲ့
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတောင်မှ ဆွမ်းခံထွက်တော့ သင်္ကန်းအစွန်းနှစ်ဖက် မညီဖြစ်နေလို့ ကိုရင်လေးက ပြုပြင်ပေးခဲ့ရသေးတယ် မဟုတ်လားကွယ်။
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုရော မင်းမျက်လုံးတွေနဲ့ ကြည့်ပြီးဘာအပြစ်တွေများ ပြောချင်ပါသေးလဲကွယ် ။
အသက်(၇၀) အဖွားအို ပြုမူလိုက်တဲ့ ကိုယ်လက် လှုပ်ရှားလိုက်တဲ့ အပြုအမူတွေမှားသည် ထားပါဦး ၊ အဲဒီအမှားလေးဟာ တိုင်းပြည်ဘဏ္ဍာတွေ အလွဲသုံးစားခိုးယူတဲ့ အပြုအမူထက်များ အပြစ်ကြီးနေရော့သလား။
ရဟန်းသံဃာတွေကို သတ်တဲ့ အပြုအမူထက်များ အပြစ် ကြီးနေရော့သလား။
အပြစ်မဲ့ ပြည်သူပြည်သားတွေ ဖမ်းဆီးတဲ့ သတ်ဖြတ်တဲ့ အပြုအမူထက်များ အပြစ် ကြီးနေရော့သလား။
ဘုရားသိမ်ကျောင်းတွေ ဖျက်ဆီးတဲ့ အပြုအမူထက်များ အပြစ်ကြီးနေရော့သလား သူငယ်ချင်းရယ်။
မျက်လုံးနှစ်လုံးရှိပြီး ယုတ်မာ အောက်တန်းကျတဲ့ အမြင်တွေကိုသာ မြင်တဲ့မင်းအတွက် မင်းမျက်လုံးတွေကို ငါနှမြောမိတယ် သူငယ်ချင်းရယ်။
(၂) နိုင်ငံရေး အမြင်တွေ ကျယ်လွန်းတဲ့ ငါ့သူငယ်ချင်း
နိုင်ငံရေး အကြောင်းအရာတွေ ပြောတိုင်း "ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံနေသူတွေဟာ ဘာမှမသိဘဲ ပုဂိ္ဂုလ်ရေးအရ ထောက်ခံနေတာ နိုင်ငံရေးအမြင်ဘာမှ မရှိဘူး" လို့ မင်းစွပ်စွဲ တတ်သေးပြန်တယ်။
ဒီလိုဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံရေးတွေကို အကြီးအကျယ် လုပ်နေကြတဲ့
အမေရိကန် ၊ အင်္ဂလန် နောက်ပြီး အနောက် ဥရောပနိုင်ငံတွေက သမ္မတကြီးတွေ ခေါင်းဆောင်ကြီးတွေ ထောက်ခံနေတာကရော ၊ အရှေ့တိုင်းကို ကြည့်လိုက်ပြန်ဦး သူငယ်ချင်း ... နိုင်ငံရေး စီးပွားရေးမှာ အင်မတန် ပါးနပ်လည်လှတဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီးတွေက ၊ စည်ကမ်း ကြီးမားပြီး လူသားကို တန်ဖိုးထားတတ်တဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်ကြီးတွေ တလေးတစား ပင့်ဖိတ် ထောက်ခံနေတာရော ...
မင်း ဘယ်လိုများပြောချင်ပါသလဲ သူငယ်ချင်းရယ်။
အခြား ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတွေက ခေါင်းဆောင်ကြီးတွေ နိုင်ငံရေးသမားကြီးတွေက မင်းလို ပရိုဖိုင်းမှာ ပုံလေးသုံးပုံလောက် တင်ပြီး နိုင်ငံရေးလုပ်နေတဲ့ သူထက် ညံ့များနေသလားကွယ် ၊ မင်းလောက်များ နိုင်ငံရေးအမြင်မကျယ်လို့များ ဒေါ်စုကို ထောက်ခံနေရော့သလား သူငယ်ချင်းရယ်။
(၃) စာအုပ်တွေဖတ်ပါ ဖတ်ပါပြောတတ်တဲ့ ငါ့သူငယ်ချင်း
ဒေါ်စုကို ထောက်ခံနေတဲ့သူတွေနဲ့ စကားများတိုင်း "ဒေါ်စုကိုထောက်ခံနေတဲ့သူတွေက စာမဖတ်ဘူး" ဆိုပြီး မင်း ဟိုစာအုပ်တွေပြော၊ ဒီစာအုပ်တွေညွှန်း တတ်ပြန်သေးတယ်။
ဒီမှာသူငယ်ချင်း...
ဒေါ်စုဆိုတာ ဒါကျက်ဒါဖြေ စနစ်ကနေ ဘွဲ့ထူးဂုဏ်ထူးတွေ ရလာတဲ့သူမဟုတ်ဘူး သူငယ်ချင်း ...
ပြီးတော့ ဒေါ်စုကိုထောက်ခံနေတဲ့ သူတွေထဲမှာ နိုင်ငံကျော် စာရေးဆရာကြီးတွေ ၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ အများကြီးပါနေတာ မင်းမသိလေ ရော့သလား ၊ ကမ္ဘာပေါ်က နာမည်ကြီး တက္ကသိုလ်ကြီးတွေက ပါမောက္ခကြီးတွေ ပါနေတာ မင်းမသိလေ ရော့သလား ...
ကမ္ဘာပေါ်က အတွေးအခေါ်ပညာရှင်ကြီးတွေ ပါဝင်နေတာ ၊ ဥပဒေ ပညာရှင်ကြီးတွေ ၊ နိုင်ငံရေး ပါရဂူကြီးတွေ ပါဝင်နေတာ ၊ ကဏ္ဍနယ်ပယ် အသီးသီးက ထူးချွန် ထက်မြက်နေတဲ့ ပညာရှင်ကြီးတွေ ပါဝင်နေတယ်ဆိုတာ မင်းမသိလေရော့သလားကွယ်။
အဲဒီ စာပေ ပညာရှင်ကြီးတွေ ၊ နိုင်ငံရေး ပညာရှင်ကြီးတွေ ၊ တက္ကသိုလ်တွေက ပါမောက္ခကြီးတွေ ၊ ဥပဒေ ပညာရှင်ကြီးတွေထက်များ မင်း စာတွေပိုဖတ်လို့ ပညာတွေ ပိုများ တတ်နေသလားကွယ်။
မင်း ဖတ်ဖူးတဲ့ စာတွေကို သူတို့ မဖတ်ဖူးလို့များ သူတို့ အသိပညာတွေ ချို.ယွင်းနေရော့သလားကွယ်။
(၄) ဒေါ်စု ရလာတဲ့ ဘွဲ.တွေ ပညာရပ်တွေကို ဝေဖန်တတ်တဲ့ ငါ့သူငယ်ချင်း
သူငယ်ချင်း မင်း အမြဲပြောတတ်တာလေး မှတ်မိသေးလား "ဒေါ်စုရလာတဲ့ ဘွဲ.တွေ ပညာရပ်တွေက နိုင်ငံခြားက ရလာတာမို့ မြန်မာနိုင်ငံနဲ့ ဘာမှ အသုံးမတည့်ဘူး" ဆိုတာလေးလေ။
ဒီမှာ သူငယ်ချင်း မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ နိုင်ငံခြားကို သွားပြီး ပါရဂူဘွဲ.သွားယူကြတာ ၊ အင်ဂျင်နီယာကြီးတွေ မာစတာဘွဲ.တွေ ၊ ဒေါက်တာဘွဲ.တွေ သွားယူကြတာ မင်းကြားဖူးလား သူငယ်ချင်း ...
ဆရာဝန်ကြီးတွေ ဟိုမှာ ဆေးပညာ သင်လာလို့ ဟိုက လူဖြူ အကောင်ကြီးကြီးတွေပဲ ဆေးကုလာရလို့ ဒီက လူညိုညို အကောင်သေးသေးတွေ ဆေးမကုတတ်တော့ဘူးလို့များ မင်းကြားဖူးလေသလား ။
အင်ဂျင်နီယာကြီးတွေ ဟိုမှာ တိုက်တာ လမ်းတံတား ဧရာမကြီးတွေပဲ ဆောက်လာရလို့ ဒီမှာ တံတားအသေးလေးတွေ မဆောက်တတ်တော့ဘူးလို့များ
မင်းကြားဖူးလေသလား ။
ပညာဆိုတာ သင်တဲ့နေရာမှာပဲ သုံးလို့ရတယ် ၊ အခြားနေရာကို ယူသွားမရဘူး ၊ သုံးမရဘူးဆိုတဲ့ မင်းလောဂျစ်အရဆို ကျောင်းသားလေးတွေ ကျောင်းကနေ အိမ်တောင် ပြန်ရတော့မယ် မထင်ဘူးကွယ် ...
ဘွဲ.ရ ပညာတတ်တွေလည်း ဘွဲ.နှင်းသဘင် ခန်းမထဲမှာပဲ အလုပ်လုပ်ရမယ်ထင်တယ် သူငယ်ချင်းရယ် ။
ဒါကြောင့် ဒေါ်စု ဟိုက ယူလာတာ ဘွဲ.လက်မှတ်တွေ မဟုတ်ဘဲ အသိပညာတွေ အတတ်ပညာတွေဆိုတာ မင်းဦးနှောက်နဲ့ တစ်ခါလောက်လေး မြင်အောင် ကြည့်လိုက်စမ်းပါကွယ် ။
(၅) မိသားစု ပုဂ္ဂိုလ်ရေး ပြဿနာကို နိုင်ငံရေးနဲ့ ရောထွေး အပုတ်ချတတ်တဲ့ ငါ့သူငယ်ချင်း
အစ်ကိုဖြစ်သူ အောင်ဆန်းဦးနဲ့ ဒေါ်စု ပုဂ္ဂိုလ်ရေး အဆင်မပြေ ဖြစ်တာကိုအသုံးချပြီး သူငယ်ချင်း ပြောပြန်သေးတယ်နော်။
"ဒီလို မောင်နှချင်းတောင် မတည့်တဲ့ တိုင်းပြည်မှာ သွေးမတော် သားမစပ်တွေ စစ်ဖြစ်နေတာ မထူးဆန်းဘူး၊ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေး မရတာ မထူးဆန်းဘူး" ... ... ... ဆိုပြီးပြောပြန်သေးတယ်နော် ။
ဒီအကြောင်းအရာ နှစ်ခုက တပိုင်းဆီပါ.သူငယ်ချင်းရယ်။
ဒေါ်စုတို့ မောင်နှမ မတည့်လို့ စစ်ဖြစ်နေတာလည်း မဟုတ်သလို သူတို့နှစ်ယောက် တည့်သွားလို့လည်း အကုန်ထ ငြိမ်းချမ်းသွားမှာ မဟုတ်လို့ပဘဲ သူငယ်ချင်း။
ဒါကြောင့် စစ်ငြိမ်းချမ်းချင်ရင် ဘယ်အကြောင်းကြောင့် စစ်ဖြစ်ရလဲ ဆိုတဲ့ မူလဇစ်မြစ်ကို ရှာမှ ငြိမ်းချမ်းမယ်သူငယ်ချင်း။
သူငယ်ချင်း ဆိုလိုချင်တဲ့ သဘောလေးက မှိုင်းတိုက်ချင်တာလေးဆိုတာ သိပါတယ်။ မောင်နှမချင်းတောင် စေ့စပ်မရဘဲ တိုင်းပြည် ငြိမ်းချမ်းအောင် ဘယ်လို လုပ်မလဲ ပြောချင်တာပါ။ ဝါဒဖြန့်ချင်တာပါ။
ဒီတော့ သူငယ်ချင်းကို ဥပမာလေး ပြဖို့ လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကို ခဏပြန်ကြည့်လှည့်ပါဦး သူငယ်ချင်း။
လေးအသချေၤနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်လာတဲ့ သစ္စာလေးပါး မြတ်တရားကို အကျွင်းအကျန် မရှိ အကုန် သိလာတဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်
ဒေဝဒတ်ဆိုတဲ့ ယောက်ဖတော် (လူအနေနဲ့ ဆွေမျိုးဆက်ရင်) ကို ဘယ်လိုညှိနှိုင်းလို့ ရခဲ့ဖူးသလဲ သူငယ်ချင်း။
သူငယ်ချင်းပြောတဲ့ အယူအဆ အရဆို ... ဘုရားဟာ ဆွေမျိုးတော်တဲ့ ဒေဝဒတ်တောင် ညှိမရတာကွာ အခြားနေရာတွေမှာ အဆင်မပြေမှုတွေ ဖြစ်နေတာ မဆန်းပါဘူး။
ဒီတော့ ကိုယ့်ဆွေမျိုးတောင် တရားမပြနိုင်တာ ကျန်တဲ့လူတွေ တရားမဟောရဘူးလို့ သူငယ်ချင်း ပြောဦးမလား။
ဘုရား မဖြစ်ထိုက်ပါဘူးကွာလို့ သူငယ်ချင်း ဆိုချင်သေးသလားဗျာ ။
တစ်ခါတစ်လေ လ ရဲ့အလင်းရောင်ဟာ ဝါးလုံးခေါင်းထဲ သွားမလင်းနိုင်တာကိုတော့ သဘောပေါက် နားလည်သင့်တယ် ထင်တာပါပဲကွယ်။
သူငယ်ချင်း ဒေါ်စုကို မကြိုက်ရင် မထောက်ခံရုံဘဲ၊ မထောက်ခံဖို့ အခွင့်အရေးရှိတာပဲ။ ဒါပေမယ့် ဒေါ်စုမကြိုက်လို့ ဒေါ်စုကို လိုက်ပြီး တိုက်ခိုက်တယ် ၊
အပုတ်ချတယ် ဆိုရင်တော့ မင်းဘာသာ စစ်အာဏာရှင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ၊ မင်းရဲ့ အပြူအမူဟာ စစ်အာဏာရှင်ကို အားပေးနေတာမို့ မင်းကို အာဏာရှင် လော်ဘီလို့ပဲ သူငယ်ချင်း အချင်းချင်း အားနာနာနဲ့ ပြောရမှာပဲကွယ် ။
ဆရာဇော်ဂျီ ရေးတဲ့ " သင်သေသွားသော် " ကို တဝက်ကနေ ကြားဖြတ်ပြီး နည်းနည်းပြောရဦးမှာပဲ။
" သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏တဲ့ "
ဒီတော့ တိုးမြင့်အောင် မလုပ်တဲ့အပြင် ဒီမြေ ဒီရေ ဒီတော ဒီတောင် ဒီသယံဇာတတွေကို ဖျက်ဆီးနေတဲ့ သူတွေကို ဘာအကြောင်းကြောင့်မှ မထောက်ခံမိစေနဲ့ အားမပေးမိစေနဲ့ သူငယ်ချင်း။
" သင်၏ မျိုးသား စာစကားလည်း ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏တဲ့ "
ဒီတော့ ကိုယ့်လူမျိုး အချင်းချင်း မတရားနှိပ်စက် ဖမ်းဆီး သတ်ဖြတ်နေသူတွေ၊ ကလောင်ကိုင်စွဲ တိုက်ပွဲဝင်နေတဲ့ အမျိုးသား စာပေ ပညာရှင်တွေကို အာဏာကိုင်စွဲ ခိုင်မြဲဖို့အတွက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တဲ့သူတွေကို ဘာအကြောင်းကြောင့်မှ မထောက်ခံမိစေနဲ့ အားမပေးမိစေနဲ့ သူငယ်ချင်း ။
" သင်ဦးချ၍ အမျှဝေရာ ၊ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်းတဲ့ "
ဒီတော့ စေတီတွေ ဘုရားကျောင်းကန် ပုထိုးတွေကို လောဘဇောနဲ့ မတရားသိမ်းယူ ဖျက်ဆီးတဲ့ သူတွေကို ဘာအကြောင်းကြောင့်မှ မထောက်ခံမိစေနဲ့ အားမပေးမိစေနဲ့ သူငယ်ချင်း ။
ထောက်ခံမိရင်တော့ မင်းဟာသမိုင်းမှာ မြန်မာနိုင်ငံအတွက် သန္ဓေယုတ်သူအဖြစ် အမဲစက်ကြီး ကျန်ရစ်လိမ့်မယ်သူငယ်ချင်း ။
မင်းနိုင်ငံအတွက် ရွေးချယ်မှု မှန်ပါစေ ...
မင်းကို မွေးပေးခဲ့အတွက် အမိအတွက် အဖိုးမဲ့ ဝမ်းရည်စပ်တာမျိုး မဖြစ်ပါစေနဲ့ သူငယ်ချင်းရယ်။
...
Ohn Myint Htay
ကိုစိန်ကျော်{ မြင်းခြံ }
2016, Feb, 21, Sun
#Credit

No comments:

Post a Comment