(ဖဆပလ အဖွဲ့ချုပ်ရုံး၌
၇-၇-၈၉ နေ့တွင် ပြောကြားသည်)
၇-၇-၈၉ နေ့တွင် ပြောကြားသည်)
ကျမတို့ ဇူလိုင်လ (၇)ရက်နေ့ဟာ သမဂ္ဂပြိုကွဲတဲ့နေ့လည်း ဖြစ်ပါတယ်။ ကျောင်းသားလူငယ်များ ကျဆုံးတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့ဟာ ပညာရေးနဲ့လည်း သက်ဆိုင်တယ်။ နိုင်ငံရေးနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒီတော့ ဒီနေ့နဲ့ပတ်သက်လို့ နိုင်ငံရေးကိစ္စများ၊ ပညာရေးကိစ္စများ ပြောတဲ့အခါ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဟာ ဆက်စပ်နေတယ်ဆိုတာ ကျမတို့ သတိထားဖို့ လိုပါတယ်။ ဒီတော့ အတိတ်ကဖြစ်ခဲ့တဲ့ နိုင်ငံရေးပြသနာများကို လေ့လာတဲ့အခါမှာ အခုပစ္စုပ္ပန်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျမတို့ ကြည့်ရမယ်။ ကျောင်းသား သမဂ္ဂကို ဘာဖြစ်လို့ ဖြိုခွဲသွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရမှာပဲ။ ဘယ်လိုနည်းတွေနဲ့ ဖြိုခွဲသွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရပါလိမ့်မယ်။
၁၉၆၂ ကျောင်းသားများကို ပစ်သတ်ခြင်း၊ ကျောင်းသားသမဂ္ဂကို ဖြိုခွဲခြင်းမဖြစ်ခင်မှာ ကျောင်းသားများဟာ အဲ့ဒီတုန်းက စစ်အာဏာပိုင်များနဲ့ ဆွေးနွေးပါ၊ ညှိနှိုင်းပါဆိုပြီးတော့ တောင်းဆိုခဲ့တယ်။ ဒါကိုလည်း ငြင်းခဲ့တယ်။ ဒီစစ်အာဏာပိုင်များဟာ ကျောင်းသားများနဲ့ ကျောင်းသားသမဂ္ဂအရေးကို ဖြေရှင်းတဲ့နေရာမှာ Aid to Civil Power လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းများကို မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ အဲဒီတော့ ဖြေရှင်းတဲ့နည်း၊ ညှိနှိုင်းတိုင်ပင်တဲ့နည်းကို ငြင်းဆန်ခဲ့တဲ့ Aid to civil Power ဆိုတဲ့ တပ်မတော်တခုအနေနဲ့ ထိန်းသင့်ထိန်းထိုက်တဲ့ စည်းမျဉ်းတွေကို မထိန်းခဲ့တာကတော့ ဦးနေဝင်းပဲ။ အဲ့ဒီဟာကို အားလုံးရင်ဆိုင်ရမယ်။
ကျမ ဒီလိုပြောနေရခြင်းအကြောင်းဟာ ဦးနေဝင်းကို သက်သက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အခု ပစ္စုပ္ပန်ဖြစ်နေတဲ့ကိစ္စတွေနဲ့ ဆက်နွယ်နေလို့ပါ။ တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ဟာ မိန့်ခွန်းပြောသွားပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ Aid to Civil Power ဆိုတာ သူအယုံအကြည်မရှိဘူး ဆိုတာကိုလည်း ပြောသွားပါတယ်။ အဲဒီတော့ အဒီသဘောထားတွေဟာ ဦးနေဝင်း သဘောထားတွေနဲ့ တထပ်ထဲပါပဲ။ ဦးနေဝင်းရဲ့ သဘောထားတွေနဲ့ တထပ်ထဲမို့လို့ အခုထိတိုင်အောင် ဦးနေဝင်းရဲ့ ဩဇာအာဏာဟာ မြန်မာနိုင်ငံပေါ်မှာ လွှမ်းမိုးနေတယ်ဆိုတာ အင်မတန်မှထင်ရှားပါတယ်။
ကျမတို့ နိုင်ငံရေးပြသနာတွေကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်လို့ရှိရင်တော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမ ဒီကိစ္စတွေကို ဖော်ပြတာပါ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဘယ်လိုပဲ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီလို့ပြောပြော၊ ဦးနေဝင်းလုပ်တဲ့အတိုင်း ဆက်ပြီးလုပ်မယ်ဆိုလို့ရှိရင် ဦးနေဝင်းရဲ့အာဏာအောက်မှာ ရှိတယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်များကို လက်နက်နည်းနဲ့ ဆက်ပြီးတော့ ချေမှုန်းဦးမယ်၊ ထိခိုက်ဦးမယ်ဆိုလို့ ရှိရင်တော့လည်း ဦးနေဝင်းရဲ့ အမိန့်အရ လုပ်တယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒီတော့ နဝတအစိုးရအနေနဲ့ တကယ်ပဲ ဦးနေဝင်းရဲ့ ဩဇာအဏာအောက်ကနေပြီးတော့ လွတ်ကင်းတယ်ဆိုတာ ပြချင်လို့ရှိရင် ဦးနေဝင်းနည်းတွေကို ဆက်ပြီးတော့ မသုံးပါနဲ့တော့။ သမဂ္ဂကိုဖြိုခွဲတဲ့ ဦးနေဝင်း၊ ကျောင်းသားများကို သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းရဲ့နည်းတွေကို လုံးလုံးဆက်ပြီးတော့ မသုံးပါနဲ့တော့ ဆိုပြီးတော့ ကျမတို့ ဒီကနေ့ ဆက်ပြီးတော့ တောင်းဆိုရမှာပဲ။
ဒါနိုင်ငံရေးအရ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာ ညှိနှိုင်းဆွေးနွေးတိုင်ပင်တဲ့နည်းပါ။ အရင်တုန်းက နိုင်ငံခြားကိုလိုနီအစိုးရများတောင်မှ ဒီနည်းကို သုံးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အချင်းချင်း ဒီနည်းကို ပိုပြီးတော့ သုံးသင့်ပါတယ်။ အချင်းချင်း ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ အများကောင်းကျိုးအတွက် ဆွေးနွေးရမှာ၊ ညှိနှိုင်းရမှာ၊ တိုင်ပင်ရမှာဖြစ်ပါတယ်။ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်တယ်ဆိုတာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အရှုံးအနိုင်ရှာတဲ့ပွဲ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက် အကောင်းဆုံးအဖြေရှာတဲ့ပွဲ ဖြစ်ပါတယ်။ ဒါကို ကျမတို့အားလုံး ဦးတည်ရမယ်။
ကျောင်းသားလူငယ်များဟာ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်၊ ပါလည်း ပါဝင်သင့်တယ်။ ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျောင်းသားများဟာ နိုင်ငံရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်ဆိုတော့ ကျောင်းသားများဟာ ပညာရှာဖို့ပဲ။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ပညာဆိုတာ ဘာလဲ။ ကျမအမြင်တော့ တန်ဖိုးရှိတဲ့ပညာဆိုတာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ပညာသာ ဖြစ်ရမယ်။ အများကောင်ကျိုးအတွက် မသုံးနိုင်တဲ့ပညာဟာ တန်ဖိုးမရှိနိုင်ဘူး။ ဒါကြောင့် ကျမတို့ ကျောင်းသားလူငယ်များဟာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ပညာမျိုးကို ရှာရမယ်။ ဒီလိုရှာတဲ့နေရာမှာ ပညာမာန်တက်ဖို့ မဟုတ်ပါဘူး။
ကျောင်းသားသမဂ္ဂ ဖြိုခွဲရေးကိစ္စနဲ့ပတ်သက်လို့ မနက်တုန်းက အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ အရင်တုန်းက ကျောင်းသားဟောင်း ဦးတင်မောင်ဝင်းဟာ ပြောသွားပါတယ်။ အဲ့ဒီအချိန်အခါတုန်းက အပြင်မှာ တပ်တွေက ရှိတယ်၊ တပ်မတော်သားများဟာ ရှိတယ်၊ အတွင်းမှာ ကျောင်းသားများဟာ ရှိတယ်၊ အဲသလို တပ်မတော်သားများက ကျောင်းသားများကို သေနတ်တွေနဲ့ ချိန်ထားတဲ့အခါကျတော့ ကျောင်းသားများဟာ ဒေါသဖြစ်ပြီးတော့ အော်လိုက်ကြတယ်တဲ့။ မင်းတို့ သုံးယောက်ပေါင်းလို့မှ (၇)တန်းအောင်ရဲ့လားလို့ ပြောလိုက်ကြတယ်တဲ့။ (ဩဘာသံများ) ကျမနဲ့ နားလည်းမှုလွဲပြီလို့ ထင်ပါတယ်။ ကျမ မပြောသင့်ဘူးလို့ ပြောမလို့၊ ဒီလိုဟာ မပြောသင့်ပါဘူး။ ဒီလို (ပြောတာဟာ) ပညာမာန်ပါတယ်လို့ ကျမ ထင်ပါတယ်။
ရဲဘော်များ၊ တပ်မတော်သားဟာလည်း ကျမတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲ။ ဒီလိုတပ်မတော်ထဲကို ဝင်သွားရတဲ့ တပ်မတော်သားများဟာ ဘယ်လိုအခြေအနေက လာလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။ တော်တော်များများဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက လာတာပါ။ ကျမတို့တိုင်းပြည် ဆင်းရဲနေလို့ အဲ့ဒီလိုဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ရှိနေတာပဲ။ အဲ့ဒီတော့ ပညာဆိုတာနဲ့ပတ်သက်လို့ တခါထဲ ပြောသွားမယ်။ ဒီတပ်မတော်သားများဟာ ဟုတ်တယ်၊ သုံးယောက်ပေါင်းလို့ (၇)တန်း အောင်ချင်မှလည်း အောင်မယ်။ ဒါပေမဲ့ ဒါကြောင့်မို့လို့ ကျမတို့ဟာ နှိမ်ဖို့ မလိုပါဘူး။
အရေးအခင်းတုန်းက ပြည်သူလူထု အော်သွားတဲ့ ကြွေးကြော်သံတခု ရှိတယ်။ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ၊ ကျောင်းသားပြည်သူ သတ်ဖို့ မဟုတ်ဘူးတဲ့။ အဲဒီတော့ တပ်မတော်သားများကို စစ်ပညာပေးထားတယ်။ စစ်ပညာဆိုတာ ဘာလဲ။ ပြည်သူလူထုကို ကာကွယ်ဖို့၊ ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ပညာပဲ။ အဲ့ဒီလို ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ပညာ မရှိလို့သာ တပ်မတော်သားများကို ပညာမရှိဘူးလို့ ကျမတို့ ပြောရမှာပဲ။ (၇)တန်းမအောင်လို့ မဟုတ်ဘူး။ ဆယ်တန်းမအောင်လို့ မဟုတ်ဘူး။ တက္ကသိုလ်မရောက်လို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ပြည်သူလူထုအကျိုး ထမ်းဆောင်ဖို့ ပေးထားတဲ့ပညာကို အလွဲသုံးစားလုပ်လို့သာ ဖြစ်တယ်။
ဒီတော့ ပညာဆိုတာဟာ တက္ကသိုလ်ကျောင်းသားများသာ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ တပ်မတော်သားများလည်း ပိုင်ဆိုင်နိုင်တယ်။ မှန်ကန်တဲ့စစ်ပညာကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ကျမတို့ (၂၆)နှစ်အတွင်းမှာ ကျောင်းသားတွေကိုလည်း မှန်ကန်တဲ့ တွေးခေါ်တတ်တဲ့ပညာကို မပေးထားဘူး။ တပ်မတော်သားတွေကိုလည်း မှန်ကန်တဲ့စစ်ပညာကို မပေးထားဘူး။ အဲ့ဒီလိုမပေးတာလည်း ဦးနေဝင်းပဲ။ တရားခံကိုတော့ ကျမတို့အားလုံးသိရမယ်။ ဦးနေဝင်း ဘာဖြစ်လို့ ဒီတိုင်းပြည်ကို ဒီလောက်ကြာကြာ အုပ်စိုးသွားလဲ။ ကျမတို့အားလုံးကြောင့်ပဲ။ ပြည်သူလူထုက ဘာဖြစ်လို့ လူတယောက်ရဲ့ ဩဇာအာဏာ၊ မှန်မှန်မလုပ်နိုင်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာ၊ တန်ဖိုးရှိတဲ့ပညာကို နားမလည်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာကို ဒီတိုင်းပြည်ပေါ်မှာ ဒီလောက်ကြာကြာ လွှမ်းမိုးခွင့်ပေးသွားသလဲ။ ဒါ ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။
အခု ဒီမှာရှိတဲ့ ကျောင်းသားလူငယ်များကတော့ တာဝန်အကင်းလွတ်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခုတောင်မှ (၂၆)နှစ်အရွယ်မရှိတဲ့ လူငယ်တွေ အများကြီးပါပဲ။ ငယ်ငယ်လေးတွေမို့လို့ မလုပ်နိုင်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးကတော့ တာဝန်ရှိတာပဲ။ ဘယ်လိုမှ ကျမတို့ဟာ ဒီတာဝန်အောက်က ရုန်းကန်ပြီးတော့ ထွက်လို့မဖြစ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ကံကြမ္မာကို ဖန်တီးတာဟာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း ဖြစ်တယ်။ ဒီတော့ ကျမတို့အားလုံးဟာ တာဝန်ရှိခဲ့ပြီ။ အရင်တုန်းက အဖြစ်အပျက်တွေအတွက် တာဝန်ရှိခဲ့ပြီ။ မှားတဲ့နိုင်ငံရေးလမ်းစဉ်တွေ၊ မှားတဲ့ပညာရေးလမ်းစဉ်တွေနဲ့ ကျမတို့တိုင်းပြည်ဟာ နွှဲခဲ့ရပြီ။ နောင်ကျလို့ရှိရင် မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ မှန်ကန်တဲ့ ပညာရေးလမ်းစဉ်တွေသာ ဒီတိုင်းပြည်မှာ ရှိဖို့လိုပါတယ်။
ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များဟာ အခုအချိန်မှာ ကျောင်းတွေပိတ်နေတယ်။ ပညာရေးနဲ့ ကင်းကွာနေတယ်ဆိုတာ ကျောင်းပညာရေးနဲ့ ကင်းကွာနေတယ်။ လောကထဲမှာ ပညာရှာနေတယ်။ လောကကြီးထဲမှာ ပညာရှာနေတဲ့အခါ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ပညာရှာတဲ့အခါမှာလည်း တန်ဖိုးရှိတဲ့ပညာ ရှာဖို့လိုပါတယ်။ အများအကျိုးအတွက်ဆိုတဲ့ ပညာရှာကြပါတယ်။ အများအကျိုးအတွက် ဆိုတဲ့ပညာဟာ ကျောင်းတခါမှမနေဖူးတဲ့ လူတောင်မှ ရှာနိုင်ပါတယ်။ ဒီလိုပညာတွေ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေမှာ အားလုံးရှိလို့ရှိရင် ဒီတိုင်းပြည်က နိုင်ငံရေးစနစ်ကလည်း မှန်ကန်မယ်။ လူမှုရေးစနစ်မလည်း မှန်ကန်မယ်။ လူမှုရေးစနစ်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ်ဆိုတာ အားလုံး ဆက်နွယ်နေပါတယ်။ ဒါလည်း အားလုံးသိပြီးသားပဲ။ ဒီတော့ မှန်ကန်တဲ့ပညာရှာရေးဆိုတာ မှန်ကန်တဲ့ နိုင်ငံရေးလုပ်ရေးလည်း ဖြစ်ပါတယ်။ တခါထဲနဲ့ ကျောင်းသားများဟာ နိုင်ငံရေးရော၊ ပညာရေးရော အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကျောင်းများပိတ်နေတာတောင်မှ အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။
အခုဆိုလို့ရှိရင် ခုနှစ် ဇူလိုင်လ (၇ ဇူလိုင်) သတိရတဲ့အခါမှာ အင်မတန်မှ ဝမ်းနည်းတယ်။ တို့ရဲ့တိုင်းပြည်မှာ အင်မတန်မှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူသွားကြတယ်။ ယဉ်ကျေးတဲ့တိုင်းပြည်တခုမှာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်သွားကြတယ်။ ယဉ်ကျေးတဲ့တိုင်းပြည်တခု ပြန်ပြီးတော့ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ ဒီလိုယဉ်ကျေးတဲ့ တိုင်းပြည်တခုဖြစ်ဖို့ ဆိုတာကလည်း ကျောင်းသားလူငယ်များရဲ့ လက်ထဲမှာရှိပါတယ်။ စောစောက ဝိဓူရဦးချစ်မောင် ပြောသွားတဲ့အတိုင်းပဲ အနာဂတ်ဆိုတာကလည်း လူငယ်တွေရဲ့လက်ထဲမှာ အများဆုံးပဲရှိပါတယ်။ ဒီအနာဂတ်ကို ချီတက်သွားတဲ့အချိန်မှာ မှန်မှန်ကန်ကန် ချီတက်သွားကြပါ။ ကျမတို့တိုင်းပြည်ရဲ့ ရှေ့ရေးကို အမြဲပဲကြည့်ပါ။ ဒါကြောင့် ကျမတို့ တမင်သက်သက် တပ်မတော်သားများရဲ့ ပညာရေးကို ထည့်ပြီးတော့ ပြောတာပါ။ တပ်မတော်နဲ့ ပြည်သူ အစဉ်အမြဲကွဲနေလို့တော့ မဖြစ်ပါဘူး။ ဒီတပ်မတော်သားများဟာ အင်မတန်မှ ဆင်းရဲတဲ့အသိုင်းအဝိုင်းများက လာတယ်ဆိုတာ ကျမတို့ သတိထားရမယ်။ ဒါကြောင့်မို့လို့ ကျမတို့မှာ ကြင်နာစိတ်တွေ ရှိရမယ်။
ဒီတပ်မတော်သားများဟာ ကျမတို့ တက္ကသိုလ်ကျောင်းသားတွေလို ပညာသင်ရတဲ့ အခွင့်အရေးတွေ မရှိခဲ့ဘူး။ တပ်မတော်ထဲမှာ ဦးနေဝင်းတို့လို ပုဂ္ဂိုလ်မျိုး ပေးလိုက်တဲ့ စစ်ပညာတွေ၊ မမှန်မကန်တဲ့ စစ်ပညာတွေသာ ရှိခဲ့တယ်။ ဒီတော့ ဒီလိုမမှန်မကန်တဲ့ စစ်ပညာတွေအစား မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ကျမတို့ ပြန်ပြီးတော့ သွင်းပေးရမယ်။ ဒါအားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံတနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ဖို့၊ တည်တံ့ခိုင်မြဲ၊ ဂုဏ်သက္ခာရှိတဲ့တပ်မတော် ရှိဖို့လိုပါတယ်။ အခုအချိန်မှာတော့ အထူးသဖြင့် စိတ်ဝမ်းကွဲနေတာကတော့ ကျောင်းသားတွေနဲ့ တပ်မတော်ကြားထဲမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်လက်ထဲမှာ အခံရဆုံးက ကျောင်းသားတွေပဲ။ စစ်ဆိုလို့ ရေတောင်စစ်မသောက်ဖူးလို့ ကျမကို ပြောပါတယ်။ ရေစစ်မသောက်လို့ရှိရင်တော့ ပိုးဝင်ရုံပဲရှိတယ်။ အဲဒီတော့ ကျမတို့ ဒီလိုစိတ်တွေ ထားလို့မဖြစ်ဘူး။ ကျောင်းသားများဟာ ပညာသင်တဲ့လူတွေပဲ။ ဒါကြောင့်မို့လို့ ပိုပြီးတော့ သဘောထားကြီးရမယ်။ ပိုပြီးတော့ အမြင်ကျယ်ရမယ်။ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေ ရှိရမယ်။ ပညာမရှိတဲ့လူနဲ့ ရုန်းနေလို့၊ နဘမ်းသတ်နေလို့လည်း မသင့်တော်ပါဘူး။ ဒီတော့ ကိုယ်နဲ့ တန်းတူညီတူဖြစ်အောင် ပညာပေးပြီးမှ နဘမ်းသတ်တာမှ နဘမ်းသတ်ရကျိုးနပ်ပါတယ်။ ဒါကြောင့် ကြိုးစားကြပါ။
စစ်ပညာများ ပြန်ပြီးတော့ သင်ပေးနိုင်ရမယ်၊ စစ်ပညာဆိုတာ ပြည်သူ့အတွက်၊ ပြည်သူ့ကိုကာကွယ်ဖို့၊ ပြည်သူကိုသတ်ဖို့ မဟုတ်ဘူးဆိုတာ ကျမတို့ ပြန်ပြီးတော့ သင်ပေးရမယ်။ အခုအချိန်မှာ ကျမတို့ သတိထားရပါလိမ့်မယ်။ မနေ့တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ အရိပ်ယောင်တွေ ပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလိုခြိမ်းခြောက်တဲ့ အရိပ်ယောင်ဆိုတာ ကျမ လုံးလုံးမနှစ်သက်ပါဘူး။ ဒီလို အာဏာကိုကိုင်ပြီးတော့၊ လက်နက်ကိုကိုင်ပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက်တယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး။ နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကန်တာတွေ ပြောပြီးတော့ ဒီမိုကရေစီရေးကို ထိုးနှက်နေတယ်။ ဒါတွေက ဆိုးလှပါပြီ။ ကျမတို့နိုင်ငံမှာ အာဏာစက် ဆက်ပြီးတော့ သုံးသွားမယ်ဆိုလို့ရှိရင်တော့ ဘယ်လိုမှ အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ အာဏာစက်သုံးတဲ့ အလေ့အထကြီးကိုတော့ ကျမတို့ ဒီကနေပြီးတော့ ရပ်ဆိုင်းရတော့မယ်။ နဝတအနေနဲ့ နိုင်ငံအပေါ်မှာ စေတနာရှိရင်၊ နဝတအနေနဲ့ ဦးနေဝင်းရဲ့အမိန့်အာဏာကို လွန်ဆန်ရဲတဲ့သတ္တိရှိရင် အာဏာစက်ဆိုတဲ့ စကားလုံးကို လုံးလုံး ဆက်ပြီးတော့ မသုံးပါနဲ့တော့။ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ရဲတဲ့သတ္တိကိုသာ မွေးမြူပါ။ အဲ့ဒါမှ တကယ့်သတ္တိပါ။ သေနတ်ကြီးရှိလို့ ပစ်ရဲတယ်ဆိုတာဟာ သတ္တိမဟုတ်ပါဘူး။ ဘာမှ လက်ထဲမှာမရှိဘဲနဲ့ အမှန်တရားအရ အဖြေရှာချင်တဲ့သတ္တိမျိုးသား ကျမတို့ လိုချင်ပါတယ်။
ဒါကြောင့်မို့လို့ ကျမတို့ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုများကလည်း အတိတ်ကဖြစ်ရပ်များကို စဉ်းစားပြီးတော့ မှန်မှန်ကန်ကန်လုပ်ဖို့ သန္နိဌာန်ချကြပါ။ ကျမ ဒါ ထပ်တလဲလဲပြောနေတဲ့ကိစ္စပါ။ မှန်မှန်ကန်ကန်လုပ်ရင် ကျမတို့ တနေ့မဟုတ်တနေ့ အောင်မြင်ရမယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့အင်အား၊ ညီညွှတ်မှုအင်အားကို ဘယ်သူမှ ရေရှည်လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတလည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ တပ်မတော်လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတတို့၊ တပ်မတော်တို့ဆိုတာလည်း ပြည်သူလူထုက ကျွေးမွေးထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထုအပေါ်မှာ အင်မတန်မှ ကျေးဇူးရှိပါတယ်။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်လို့ရှိရင်တော့ ဒုက္ခရောက်စမြဲပဲ။ ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ ခြိမ်းခြောက်တာကြောင့် မကြောက်ပါနဲ့။ ဒါပေမဲ့ သတ္တိဆိုတာတော့ရှိပါ။
ကျမကို ဆရာတော်ကြီးတပါးကနေပြီးတော့ မိန့်လိုက်သလိုပေါ့လေ။ အရင်တုန်းက ဖေဖေ့ကိုလည်း မိန့်ခဲ့ပါတယ်ဆိုပြီး ကျမကို ထပ်ပြီးတော့ မိန့်လိုက်ပါတယ်။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ပေါ့လေ။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ဆိုတာဟာ သတိထားရမယ်။ အကာအကွယ်ယူရမယ်။ ဒီလိုခြိမ်းခြောက်နေတယ်ဆိုတာ နားလည်ရမယ်။ ဘယ်လိုသဘောနဲ့ ခြိမ်းခြောက်နေသလဲဆိုတာ ကျမတို့ နားလည်ရမယ်။ ကျမတို့ရဲ့ အကောင်းဆုံးအကာအကွယ်ကတော့ ညီညွှတ်မှုအင်အားပဲ၊ စည်းကမ်းပဲ။ ကျမတို့ ညီညီညွှတ်ညွှတ် စည်းကမ်းရှိရှိနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် ကျမတို့ကို ရန်ရှာဖို့ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ အခုလို ကျောင်းသားလူငယ်များဟာ စည်းကမ်းရှိရှိ တညီတညွှတ် အခမ်းအနာကြီး ကျင်းပသွားနိုင်တယ်ဆိုတာဟာ အင်မတန်မှ အားတက်စရာဖြစ်ပါတယ်။ မနက်တုန်းကလည်း ပါတီပေါင်းများစွာဟာ (၇)ရက်နေ့ ဇူလိုင်လ အခမ်းအနားများကိုလည်း ကျင်းပသွားပါတယ်။ ဒီလိုညီညွှတ်မှုအင်အားဟာ တနေ့ထက်တနေ့ တက်လာတယ်ဆိုတာ မြင်တွေ့ရပါတယ်။ ဒီလိုတက်လာတဲ့ ညီညွှတ်မှုအင်အားနဲ့ပဲ ကျမတို့အောင်ပန်းကို ဆင်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားမှာပါ။ တဖြေးဖြေးမဟုတ်ဘဲနဲ့ ပိုပြီးတော့ မြန်မြန်ဆန်ဆန်ရောက်ရေးအတွက် ကျမတို့ ပိုပြီးတော့ ကြိုးစားရမယ်။
ဒီနောက် တလ၊ နှစ်လအတွင်းမှာ ဆိုလို့ရှိရင် အခမ်းအနားအမျိုးမျိုး ကျင်းပရမယ်ဆိုတာ ကျမ ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးစောမောင်ကနေပြီးတော့ (၇)ရက်နေ့ ဇူလိုင်လ (၁၉)ရက်နေ့ ဇူလိုင်လဆိုပြီးတော့ ကြိမ်းမောင်းနေတယ်လို့ ပြောသွားပါတယ်။ ကျမ ကြိမ်းမောင်းနေတာ မဟုတ်ပါဘူး။ သတိပေးနေတာပါ။ ပြည်သူလူထုကို၊ ဒီအခမ်းအနားတွေ ရှိတယ်။ ဒီအဖြစ်အပျက်အားလုံးဟာ ကျမတို့နိုင်ငံမှာ နိုင်ငံရေးပြဿနာများကို လက်နက်နည်းနဲ့ ဖြေရှင်းခဲ့လို့ဖြစ်တယ်။ နောင်ထပ်ပြီးတော့ လက်နက်နည်းနဲ့ နိုင်ငံရေးပြသနာများ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးပမ်းသွားရမယ်။ စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်းနဲ့ ကြိုးပမ်းသွားရမယ်။ ဒါပဲ ကျမ ထပ်တလဲလဲ ပြောသွားတာပါ။ ကျမ စပီကာမကောင်းလို့ အော်မိလို့ ကြိမ်းမောင်းနေတယ်ထင်သလားတော့ မသိဘူး။ ဒီတော့ ကျမတို့ ပြည်သူလူထုက ဒါကို စိတ်ထဲမှာထားပါ။ နောင် ဒီတိုင်းပြည်မှာ နိုင်ငံရေးပြသနာများကို လက်နက်နည်းနဲ့ မဖြေရှင်းရေး၊ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးစားရမယ်။ ဆက်ပြီးကြိုးစားသွားရမှာပဲ။ ဒီနှစ်လ၊ သုံးလရဲ့ ပြသနာများကို ကျမတို့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်လို့ရှိရင်တော့ ဒီမိုကရေစီကို မြန်မြန်ဆန်ဆန်ရနိုင်တယ်လို့ ကျမယုံကြည်ပါတယ်။ အရင့်အရင်တုန်းက ကျောင်းသားလူငယ်များဟာလည်း ဆက်ပြီးတော့ တိုင်းပြည်ရဲ့အကျိုးကို ထမ်းဆောင်သွားနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ ဒီယုံကြည်ချက်အတိုင်းပဲ အားလုံး ညီညီညွှတ်ညွှတ်၊ သတ္တိရှိရှိ၊ သတိရှိရှိနဲ့ ဆက်လက်ချီတက်သွားကြပါလို့ တောင်းပန်ရင်းနဲ့ ကျမနိဂုံးချုပ်ပါတယ်။ ။
(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး(Freedom from Fear)” စာအုပ်ကို မြန်မာဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ်ထုတ်ဝေထားသည့် စာအုပ်မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment