Twitter Bird Gadget

Saturday, July 21, 2018

ဆောင်းပါး 2

ဗိုလ်ရွှေမန်းရေးတဲ့ စာအုပ်ထဲက ဗိုလ်ရွှေမန်းတို့တတွေအကြောင်း
(မောင်ထွန်းကျော်မြိုင်)

စာအုပ်၊စာပေနဲ့ စာပေဝေဖန်ရေးကဏ္ဍ

အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အပိုင်း(၁၂) မှာ ဖော်ပြမယ့်ဆောင်းပါး

အပိုင်း(၂)
----------------------------------------------

ဗိုလ်စောမောင်ဟာ ပစ်မထွက်တဲ့ “ကျည်အ” တွေနဲ့ ခြောက်လုံးပြူး ခါးထိုးထားရတဲ့၊ ထောက်လှမ်းရေးနှပ်ပစ်တာကို လုံးလုံး လျားလျားခံရတဲ့ကာချုပ်ကြီး၊  (နဝတ) ဥက္ကဋ္ဌကြီးလို့ ပြောရတော့မှာပါပဲ။ စစ်အုပ်စုဟာ သူတို့ အကျိုးစီးပွားနဲ့ဆန့်ကျင်သွေဖီသွားတဲ့ အခါ သူတို့ရဲ့ပထမဆုံး “ဗိုလ်ချုပ်မှူးကြီး” ရာထူး ခံယူစေခဲ့သူကို ဘယ်လိုမှ သက်ညှာထောက်ခြင်း မပြုနိုင်ကြတော့ဘဲ၊ “စိတ်ဝေဒနာ သည်” အဖြစ်သရုပ်ဖျက်ပြီး ရာထူးကနေ ဖယ်ရှားပစ်ခဲ့ကြပါတယ်။ ဒီလိုအလုပ်တွေကို (CO)ဂိုဏ်းနဲ့ (IO)ဂိုဏ်းဟာ ဉာဏ်ညစ်ပလီတွေ သုံး၊ လက်ဝါးချင်းရိုက်ပြီး လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

“၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ည ဖြစ်ရပ်” နဲ့ပတ်သက်ပြီး ဗိုလ်ရွှေမန်း ကသူ့စာအုပ်ထဲမှာ “ကျွန်တော်က နိုင်ငံ့အကျိုး စီးပွားအတွက်ပါတီများပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ခဲ့သည့်အပေါ် လုပ်ဖော်ကိုင်ဘက်အချို့ကျွန်တော့်အား အမြင် မကြည်လင်ရာမှ သြဂုတ်လ ၁၂ ရက်နေ့ည ဖြစ်စဉ် ဖြစ်ပေါ်လာသည့် အခြေအနေအထိရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်” လို့ ဖုံးတဝက် ဖော်တစ်ဝက်နဲ့ ခြေရာကောက်ပြထားပါတယ်။ (စာ - ၃၅  ကြည့်)

ဒီနေရာမှာ ဗိုလ်သူရအောင်ကို (လက်ရှိသာသနာရေးဝန်ကြီး)ရဲ့ ပြောကြားချက်ကို ကြားဖြတ်ဖော်ပြပါရစေ။ သူ့ပြောကြား ချက်က ဗိုလ်ရွှေမန်းရေးတာထက် ကြံ့ဖွံ့ပါတီထိပ်ပိုင်းတွေ အတွင်းက ဂိုဏ်းတိုက်ပွဲရဲ့သရုပ်သကန် ပိုပြီး ကွက်ကွက်ကွင်းကွင်းသိ မြင် စေနိုင်လို့ပါ။ ပြည်တွင်းမီဒီယာ တစ်ခုသို့ ဗိုလ်သူရအောင်ကို ပြောတာမှာ

“ ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်နှစ်ယောက် ဖြစ်နေပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ သူရဦးရွှေမန်းရော၊ ထိပ်သီးခေါင်း ဆောင်ပေါ့။ သူတို့နောက်မှာမှ ပထမတန်းခေါင်းဆောင်တချို့ရှိပါတယ်။ ခေါင်းဆောင်နှစ်ယောက် နေရာခွဲဝေမှု၊ ညီညွတ်မှု မရှိတာတွေ့ရ ပါတယ်။ ခေါင်းဆောင်နှစ်ယောက် ညီညွတ်မှု မရှိရတဲ့ကြားထဲမှာ ပထမတန်းခေါင်းဆောင်အချို့ထဲမှာလည်း သမ္မတလုပ်ချင်သူ၊ သမ္မတ ရောဂါထနေသူတွေရှိနေပါတယ်။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်နှစ်ယောက် စိတ်ဝမ်းကွဲပြားအောင်သွေးထိုးသွေးခွဲကြတယ်လို့ ပါတီဝင် အောက်ခြေက သုံးသပ်ကြပါတယ်။ အကယ်၍ ထိပ်သီးခေါင်းဆောင်နှစ်ယောက် အပြန်အလှန်တိုက်ခိုက်ကြပြီး မှောက်ရက်လဲသွားရင် ပထမတန်းထဲမှာရှိတဲ့ ပုဂ္ဂိုလ်တချို့က ဖျာလိပ်ပိုက်ပြီးစောင့်နေကြသူတွေရှိပါတယ်။ သဘောပြောရရင်ပွဲလန့်တုန်း ဖျာခင်းကြမယ်ပေါ့။ သူတို့က သမ္မတနေရာကို မျှော်နေကြသူတွေပေါ့ဗျာ” တဲ့။
ဗိုလ်သူရအောင်ကို ရဲ့ ဒီပြောဆိုချက်က ကြံ့ဖွံ့ပါတီထိပ်သီးတွေဟာ  အကောက်ကြံမှုကိုယ်စီ၊ မျှော်မှန်းချက်ကိုယ်စီ၊ ဖျာလိပ် ကိုယ်စီနဲ့အသင့်ရှိနေကြတယ်ဆိုတဲ့ အချက်ကို ဗိုလ်ရွှေမန်းလို ဟိုဖုံး၊ ဒီဖိ မလုပ်ဘဲ ခပ်ပြောင်ပြောင်အထုတ်ဖြေ ပြလိုက်တာပါ။  

ဒိအရင် ၂၀၁၂ ခုနှစ်ထဲမှာလည်း ဗိုလ်သိန်းစိုး ဦးစီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (CTU) တဖွဲ့လုံး နုတ်ထွက်သွားရတဲ့ ကိစ္စရှိပါတယ်။ ဒီကိစ္စကလည်း ကြံ့ဖွံ့ပါတီထိပ်သီးတွင်းဂိုဏ်းအုပ်စုတိုက်ပွဲအနက် အထင်အရှားမြင်တွေ့လိုက်ကြရတဲ့ တိုက်ခိုက်မှုတစ်ခုပဲ ဖြစ်ပါတယ်။

သူ့စာအုပ်ထဲမှာ ဗိုလ်ရွှေမန်းက သူ့ကိုယ်သူ၂၀၀၈အခြေခံဥပဒေပြင်ဆင်လိုသူအဖြစ်ပုံဖော်ပြီး အခြားတဖက်မှာတော့ “အခြေခံ ဥပဒေကို ပြင်ဆင်ရန် မလိုလားသူတွေ”  ကြံ့ဖွံ့ပါတီ ခေါင်းဆောင်ပိုင်းမှာ အများအပြားရှိနေတဲ့ အကြောင်း ဝန်ခံသလိုလိုနဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်စိုးသိန်း၊ ဗိုလ်ေဋ္ဌးဦး၊ ဗိုလ်သန်းေဋ္ဌးတို့အုပ်စုကို တွန်းတွန်းထိုးထိုး ဖော်ထုတ် ဖွင့်ချထားပါတယ်။ (စာ - ၂၉ ကြည့်)

သူဟာ ၂၀၀၈ အခြေခံဥပဒေကို ဘယ်ပုံဘယ်နည်းပြင်ဆင်လိုသူဖြစ်သလဲဆိုတာကိုလည်း သူ့စာအုပ်မှာ အခုလိုဖော်ပြထား ပါတယ်။
“ပြည်သူ့ဆန္ဒအလုံးစုံကို အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းမဟုတ်ပါ။ ပြည်သူများလိုလားသည့် အချက်များထဲမှ တိုင်းပြည်အတွက်လည်းကောင်းပြီး၊ လက်တွေ့လည်း အမှန်တကယ် ပြုပြင်နိုင်ဖွယ်ရှိသည့် ပုဒ်မများကို ဦးစားပေး၍ ပြင်ဆင်ရန် ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ ပြင်ဆင်ရာတွင် လုံးဝမပြင်သင့်သော ပုဒ်မများကို ဆက်လက်ထားရှိရမည်။ ပြင်ဆင်သင့်သည်ကို ပြင်ဆင်ပြီး၊ ထားရှိ သင့်သည်တို့ကို ဆက်လက်ထားရှိမှ သာ အထက်ဖော်ပြပါ ရည်ရွယ်ချက်များရရှိ နိုင်မည်ဟု ယုံကြည်သည်။ ” တဲ့။ (စာ - ၂၈ ကြည့်)

ပထမအချက် ပြည်သူ့လိုလားချက်မှန်သမျှကိုကြိုတင်ဈေးဆစ်ကန့်သတ်ထားတဲ့ သဘောထားနဲ့အစချီချက်ဖြစ်တယ်ဆိုတာ တန်းခနဲ မြင်နိုင်ပါတယ်။
ဒုတိယအချက်က  ကြံ့ဖွံ့ပါတီတဖက်အုပ်စုဂိုဏ်းနဲ့ ပြင်လို့ မဖြစ်နိုင်ဘူး။ သူနဲ့ပေါင်းပြီး  ၂၀၀၈ အခြေခံဥပဒေကို တစတစ ပြင်ဆင်သွားမှ လိုရာခရီးရောက်မယ်ပေါက်မယ်လို့ ဗြောင်ကြော်ငြာသွားတဲ့ အချက်ဖြစ်ပါတယ်။

တတိယအချက်က “တိုင်းပြည်အတွက်လည်းကောင်းပြီး၊ လက်တွေ့လည်းအမှန်တကယ် ပြုပြင်နိုင်ဖွယ်ရှိသည့် ပုဒ်မများ” ဆို တာကို ဘယ်သူက ဆုံးဖြတ်မှာလဲ။ ပြည်သူကဆုံးဖြတ်ပေးမှာမဟုတ်တာသေချာတယ်။ ဒီအချက်က စစ်အုပ်စုရဲ့အသက်ဘူးကို ကာကွယ် မယ့် အချက်ဖြစ်တယ်။ ဒါ့အပြင် ဒီအချက်က စစ်တပ်ကို ကုပ်ခွစီးထားတဲ့ “ကာချုပ်” ကို အချက်ပြလိုက်တာပဲဖြစ်တယ်။
တကယ်တော့ ဒီအချက်က သူတို့ချင်း နားလည်မှု ရှိပြီးသားအချက် ဖြစ်ပါတယ်။

ဘယ်ပုဒ်မကိုမဆို ဘယ်စကားရပ်ကိုမဆို၊ ဘယ်စကားလုံးကိုမဆို  ပြင်ဆင်မယ်လို့ လွှတ်တော်က ဘယ်လောက်ပဲ သဘော တူညီနေပါစေ တပ်ရဲ့ထောက်ခံမဲ “တစ်မဲ” မပါဘဲ ဘယ်လိုမှ ပြင်ဆင်လို့မရဘူးဆိုတာ ပုဒ်မ ၄၃၆ မှာ ပြဋ္ဌာန်းထားတဲ့အချက် ဖြစ်ပါ တယ်။ ပြီးတော့ တပ်ထောက်ခံမဲ “တစ်မဲ” ဆိုတာကလည်း “ကာချုပ်” က အမိန့်မပေးဘဲ “ ၁၆၆ယောက်” ထဲမှာပါတဲ့ ဘယ်စစ်ဗိုလ် က ပေးဝံ့မှာလဲ။

ဒီအချက်တွေပေါ်ကနေ ကြည့်လိုက်ရင် ဗိုလ်ရွှေမန်းနဲ့ စစ်အုပ်စု ကွဲပြဲနေတယ် ဆိုတာ ယုံဖို့ အင်မတန်ခက်တဲ့ ပဟေဠိတစ်ခု ဖြစ်နေပါတယ်။ ဗိုလ်ရွှေမန်း ပြောစကား၊ ဗိုလ်ရွှေမန်းအရေးအသားတွေနဲ့ သူ့ရေးသားဖော်ပြထားတဲ့၊ သူခံယူထားတဲ့ သဘောထားနဲ့ လော့ဂျစ်အရဆိုရင် အထင်အရှားတွေ့မြင်နိုင်တဲ့ အချက်က  ဗိုလ်ရွှေမန်းဟာ စစ်အုပ်စုအရင်းမူလရဲ့ အကျိုးစီးပွားကို သူရောက်ရှိ၊ ရရှိထားတဲ့ “သူ့ခေတ်သူ့အခြေအနေအရ” ထိန်းသိမ်းကာကွယ်တိုးချဲ့ပေးနေသူသာဖြစ်တယ်ဆိုတာပါပဲ။

ဒီနေရာမှာ မပျက်မကွက် ထည့်သွင်းဖော်ပြရမယ့်ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဂျိုကာဖဲချပ်ပါပဲ။ 
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို (နဝတ-နအဖ) စစ်အစိုးရက “ သူ့ခေတ်သူ့အခြေအနေအရ”  အိမ်ချုပ်ချပြီး ပြည်တွင်း နဲ့နိုင်ငံတကာဖိအားတွန်းအားတွေကို ရင်ဆိုင်ခဲ့သလို၊ “၂၀၀၈အခြေခံဥပဒေ” အသက်ဝင်လာတဲ့ ယနေ့ခေတ်ကာလမှာလည်း “၂၀၀၈ အခြေခံဥပဒေ” နဲ့ တုပ်နှောင်ပြီး “ သူ့ခေတ် သူ့အခြေအနေအရ” အသုံးချနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းထားနိုင်ရင် လူထု ကို တစုံတရာ ထိန်းထားနိုင်တယ်ဆိုတာ စစ်အုပ်စုရော ၊ အနောက်အုပ်စုကပါ လက်တွေ့သဘောပေါက်ခဲ့ကြပြီးဖြစ်တယ်။

တခြားဝေးဝေး ရှာမကြည့်ပါနဲ့။ ၂၀၁၂ ခုနှစ်က လက်ပံတောင်းကိစ္စဖြေရှင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်း ကိစ္စ (မီးလောင်ဗုံး)  စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူဖို့ ဖုန်းဆက်တိုက်တွန်းပေးခဲ့သူဟာ ဗိုလ်ရွှေမန်းပါပဲ။

“ထိုအခါ သမ္မတက သူပြောရင်ရမှာမဟုတ်ဘူး၊ ကိုရွှေမန်းပြောပေးမှ ရမယ်ထင်တယ်ဟု ဆိုလာသည်၊ ကျွန်တော့်မှာ ပြည်ပ ခရီးစဉ် ထွက်ခွာမည့်ဆဲဆဲ လေယာဉ်ပေါ်တက်ခါနီးဖြစ်၍ အချိန်လုပြီး သူ့ထံဖုန်းဆက်၍ တိုက်တွန်းမေတ္တာရပ်ခံခဲ့ရသည်” တဲ့။ အဲဒီ “သမ္မတ” ဆိုတာ ဗိုလ်သိန်းစိန် ကို ရည်ညွန်းတာပါ။ (စာ - ၈ ကြည့်)

“ထိုနေ့တွင်ပင် (ဒေါ်စုထံ လေယာဉ်ကွင်းကနေ ဖုန်းဆက်တဲ့နေ့ လို့ဆိုလိုဟန်ရှိ ) နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်(၉၅/၂၀၁၂) ဖြင့် သူဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခဲ့ပါသည်” တဲ့ ။ ဘယ်လောက် လက်မြန် ခြေမြန်ရှိပါသလဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ရွှေမန်းက ဟန်ဆောင်ပန်ဆောင်မိကျောင်းမျက်ရည် ဘယ်လိုကျပြသလဲဆိုတာ ဖော်ပြမှ ဇာတ်ရည် လည်ပါလိမ့်မယ်။ ဖော်ပြပါရစေ။

“ထိုတာဝန်ယူပြီးနောက် သူ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ၊ အန္တရာယ်များ၊ အကျပ်ရိုက်မှုများကြုံရပြီး စွန့်စွန့်စားစားလုပ်ဆောင်ရသည့်အခါ ယင်းတာဝန်ကိုယူပေးရန် တိုက်တွန်းခဲ့သူ တစ်ယောက်အနေဖြင့် ကျွန်တော့်မှာစိုးရိမ်တကြီး စောင့် ကြည့်နေခဲ့သည်။တာဝန်မကင်းသလိုလည်းခံစားရသည်။ စာနာစိတ်လည်းဖြစ်မိသည် ကျွန်တော်တစ်ယောက်ထဲတင် မဟုတ် ကျွန်တော့် မိသားစုသည်လည်း အလားတူပင် စိတ်ပူနေခဲ့ကြသည်” တဲ့။ (စာ - ၉ ကြည့်)

ရေးထားပုံလေးက ဘယ်လောက် “သင်း”  လိုက်ပါသလဲ။
မိတ်စစ်ဆွေရင်းဆိုတာ မိမိမိတ်ဆွေလုပ်ဖော်ကိုင်ဖက်ကို ဒုက္ခပြွမ်းတဲ့လမ်းကို လျှောက်ဖို့ သွေးဆောင်တိုက်တွန်း၊ တွန်းပို့ပါ့ မလား။ မိတ်ဆွေစစ်နဲ့ပတ်သက်တဲ့ ပုံဝတ္တုတွေ၊ နီတိတွေ ဖတ်ခဲ့ကြဖူးတာပဲမဟုတ်ပါလား။ အဲဒီမိတ်စစ်ဆွေရင်း နီတိတရားတွေနဲ့ ဗိုလ်ရွှေမန်းရဲ့ သဘောထားပုံဟာ ကိုက်ညီပါရဲ့လား။

ဘယ်လောက် ပုပ်အဲ့တဲ့၊ ကိုယ်ကျိုးကြည့်တဲ့ မိကျောင်းမျက်ရည် ဖြစ်ပါသလဲ။ သေတွင်း တွန်းပို့တုန်းက တွန်းပို့ခဲ့ပြီး နောက်မှ  ဘယ်များ နာသွားသေးသလဲလို့ မေးသလိုဖြစ်နေပါတယ်။
ဒီလိုလမ်းလျှောက်ရင် (လက်ပံတောင်း စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌလုပ်ရင်) ဒီလိုဘေးတွေ့မယ်ဆိုတာ ကြိုတင်တွက်ချက် မတွေးဆမိလောက်အောင် ဗိုလ်ရွှေမန်းက “နုံအ” နေတာမို့လား။ အ ချင်ဟန်ဆောင်တာလား။

ဒါကြောင့် ဒီလိုလုပ်ရပ်တွေဟာ အသုံးချတာလား၊ လူထုနဲ့ထိပ်တိုက်တည်ပေးပြီး သြဇာချတာလား၊ သွေးရိုးသားရိုး အကူအညီ တောင်းတာလားဆိုတာ ဦးနှောက်ပုံမှန်ရှိသူတိုင်း၊ ကိုယ့်ဆင်ခြင်တုံတရားကို ကိုယ့်ဘာသာရိုသေလေးစားသူတိုင်း ဆင်ခြင်စဉ်းစား တတ် ပါလိမ့်မယ်။ ဒီကိစ္စမှာ ဗိုလ်ရွှေမန်း ဘယ်လိုရပ်တည်ခဲ့သလဲ။ ဖုန်းဆက်ပြီး တိုက်တွန်းခဲ့တယ် မဟုတ်ပါလား။

ဒီလိုဖုန်းဆက်ပေးတာဟာ လက်ပံတောင်းမှာဒေသခံပြည်သူလူထုနဲ့ထိပ်တိုက်တိုးနေတဲ့ စစ်အုပ်စုအကျိုးစီးပွား (ဝါ) ကြံ့ဖွံ့ပါတီ အကျိုးစီးပွားကိုကာယကံမြောက်အကာအကွယ်ပေးလိုက်တာပဲမဟုတ်ပါလား။ သူတို့မှာ “ထာဝရစစ်အုပ်စုအကျိုးစီးပွား”မှအပ တခြား အရာဘာမျှ မရှိပါ။ ကျန်တဲ့ အရာခပ်သိမ်းဟာ “ထာဝရစစ်အုပ်စုအကျိုးစီးပွား” ရဲ့ လက်အောက်ခံကိစ္စတွေမျှသာဖြစ်ပါတယ်။ ရသာလျှင် ဘနဖူး သိုက်တူးမယ့်အစားတွေပါ။ လက်ပံတောင်းဒေသခံပြည်သူလူထုနဲ့ထိပ်တိုက်ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းသဖွယ် သွေးအေးအေးနဲ့ အသုံးချခဲ့ကြတာပဲ မဟုတ်ပါလား။

ဒီလိုလက်တွေ့သာဓကတွေ ဒီလိုအထိုင်တွေပေါ်ကနေ စဉ်းစားကြည့်လိုက်တော့  စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်အနား ဗိုလ်ရွှေမန်းကို တွန်းပို့ပြီး အသေကပ်ထားဖို့ ဒီဇာတ်လမ်းတွေ ဇာတ်ညွန်းတွေ ထွင်ပြီး ကခိုင်းနေသလားဆိုတဲ့ အချက်ဟာ လက်တွေ့ စဉ်းစားတွေးတော ယူဆရမယ့် အချက် ဖြစ်လာပါတယ်။

ဗိုလ်ရွှေမန်းက သူ့စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို  ဖော်ပြထားပုံကလည်း  ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွဲဆောင် ရွက်ခဲ့တာတွေထဲက သူ့အတွက် တွက်ချေကိုက်လောက်မယ့် အကွင်းအကွက်တချို့ကိုသာ  ပြူးပြူးပြဲပြဲ“ကွက်”ဖော်ပြပြီး သူ့ကိုယ်သူ အရောင်တင်အသုံးချနေတဲ့အချက်။ တပြိုင်နက်တည်းမှာ ဒီအချက်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြတဲ့၊ ကရုဏာတရားထား ရှိကြတဲ့၊ ယုံကြည်ကိုးစားမျှော်လင့်နေကြတဲ့ ပြည်သူလူထုကြီးကို လှည့်စားဖို့ ပစ်မှတ်ထားတာလည်းဖြစ်တယ်။

စိန်နားကပ်ရောင်နဲ့  ပါးပြောင်လာစေဖို့ ဗိုလ်ရွှေမန်း ကြိုးစားပမ်းစားလုပ်နေတာတွေပဲလို့ ပြောရမှာပါ။

ဗိုလ်သန်းရွှေနဲ့ တွေ့တဲ့ကိစ္စ

ဗိုလ်ရွှေမန်းဟာ (နအဖ) စစ်အုပ်စုထဲက  ထိပ်သီးတွေအနက် တစ်ဦးဖြစ်တယ်။
သူ့ကိုယ်သူ သူဟာ  “နံပတ် ၃” ဖြစ်တယ်လို့ တခါက ထုတ်ပြောဖူးတယ်။
သူ့အနေအထားက စစ်အုပ်စု (ဝါ) တပ်ကနေ တာဝန်ထမ်းဆောင်နေတုန်း ထုတ်ပယ်ခံရသူ မဟုတ်ဘူး။ ဒါဟာ တော်လှန်ရေး ကောင်စီခေတ်၊ (မဆလ) ခေတ်က ဗိုလ်နေဝင်းနဲ့ ခွာပြဲခဲ့ကြသူတွေနဲ့ မတူတဲ့ အချက်ဖြစ်တယ်။ ပြီးတော့ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်း ရေးဂိုဏ်းကိစ္စ နောက်ပိုင်း(၂၀၀၄ )ကနေ သန်းခေါင်ယံအာဏာသိမ်းပွဲ (၂၀၁၅) အထိ စစ်အုပ်စုထိပ်ပိုင်းအတွင်းကြီးမားတဲ့ ဖြုတ်ထုတ်ပွဲ မရှိခဲ့ပါဘူး။
ဗိုလ်ရွှေမန်းဟာ စစ်အုပ်စုထဲမှာ နံပတ်ဝမ်း အလောင်းအလျာစာရင်း ဝင်ခဲ့ပုံပဲ။ ပြီးတော့ သူဟာ ကြည်း -ရေ -လေ (ညှိကွပ်) ရာထူး ပထမဆုံး ရရှိခဲ့သူဖြစ်တယ်။
ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေအရ အခင်းအကျင်းမှာ ဗိုလ်သန်းရွှေ စီမံနေရာချပေးတဲ့ အနေအထားအတိုင်း ကခဲ့ ရတာ တော့ သေချာတယ်။ သေချာတဲ့အချက်က “နံပတ်ဝမ်း” ကို သူဟာ ခွာရာတိုင်းနေတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
ပြီးတော့ သူ ဖယ်ထုတ်ခံရတာဟာ ကြံ့ဖွံ့ပါတီထိပ်ပိုင်းကနေဖြစ်တယ်။
ဗိုလ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲပြီး မတွေ့ဆုံခင်အထိ  “ဗိုလ်သန်းရွှေနဲ့ ၂ ကြိမ်တိုင်တိုင်တွေ့ဆုံ စကား ပြောဆိုရတယ်” လို့ ဗိုလ်ရွှေမန်းက သူ့စာအုပ်ထဲမှာဖော်ပြထားတယ်။ (စာ - ၅၁ ကြည့်)

ဒါ့အပြင် ဗိုလ်သန်းရွှေနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် “ ဗိုလ်သန်းရွှေထံ သူ နောက်တစ်ခေါက်ထပ်မံ သွားရောက် တွေ့ရသေးတယ်” လို့ ဗိုလ်ရွှေမန်းက ဖော်ပြထားတယ်။

ဒီအချက်တွေကဘာကိုဖော်ပြနေသလဲဆိုတော့ ဗိုလ်ရွှေမန်းဟာ ကန်လန့်ကာ နောက်ကွယ်က နံပတ်ဝမ်းနဲ့ မကွေမကွာရှိနေ တယ်။ “နံပတ်ဝမ်း၊စစ်အုပ်စုနဲ့စစ်အုပ်စုအကျိုးစီးပွား” ဆိုတာ “သရီးအင်ဝမ်း” ဖြစ်တယ်။   တစ်စုတည်း တပေါင်းတည်းဖြစ်တယ်။ တစ်ခုချင်းစီ ကို သီးခြားစီ ခွဲထုတ်ဖယ်ရှားပစ်ပယ်လို့ မရနိုင်ဘူးဆိုတဲ့ အချက်ကိုလည်း  ဗိုလ်ရွှေမန်း ကောင်းကောင်းနားလည်ထားပြီးသားဖြစ်တယ်။ ဒီအချက်ဟာ ဗိုလ်ရွှေမန်း တင်မကပါဘူး။ စစ်အုပ်စုထဲက ထိပ်သီးစစ်ဗိုလ်ချုပ်အားလုံးရဲ့ သဘောပေါက်နားလည်ချက်လည်း ဖြစ်မှာပါ။ 
ဒီလိုအကြောင်းတွေရှိနေပြန်တာကြောင့် ဗိုလ်ရွှေမန်းဟာ ဗိုလ်သန်းရွှေရဲ့ “မမြင်ရတဲ့လက်တစ်ဖက်” ဖြစ်နိုင်သေးတယ်လို့ ယူဆလို့လည်း ရနေပြန်တယ်။

ဒါ့အပြင် စာလုံးမည်းနဲ့ အထူးပြုဖော်ပြထားတဲ့ “၂၀၂၀ မှာ လည်း ပြည်သူက ရွေးရင် တို့ အသိအမှတ်ပြုရမယ်၊ သူ တိုင်းပြည် ကောင်းအောင်လုပ်ရင် တို့ ကူရမယ် ” (စာ - ၅၀ ကြည်) ဆိုတဲ့ ဗိုလ်သန်းရွှေ စကားကို ကြည့်ပါ။

ဒီစကားဟာ ဗိုလ်ရွှေမန်းတစ်ယောက်ထဲကို မှာတဲ့ စကားလား၊ ကြံဖွံ့ပါတီထိပ်သီးတွေကို မှာတဲ့ စကားလား၊ စစ်အုပ်စု တအုပ်လုံးကို ညွန်ကြားလိုက်တဲ့ စကားလား။

ဒါကြောင့် ပထမအချက် ၂၀၂၀ အတွက် ဗိုလ်ရွှေမန်း စဉ်းစားချက်နဲ့ မျှော်မှန်းချက်က ဘာတွေဖြစ်မလဲ။
ကြံ့ဖွံ့ပါတီနဲ့ လုံးလုံးလျားလျား ပြတ်စဲပြီး  သီးခြားပါတီတစ်ခု ဖွဲ့စည်းမလား။ (ဒါကလည်း မသေချာဘူး)
ဒီချုပ်ပါတီထဲ ခေါင်းလျှို ဝင်မယ့်ပုံတော့ လုံးဝ မတွေ့ရသေးဘူး။
  ဒီအချက်    ၃ ချက်ကတော့ စောင့်ကြည့်ရဦးမယ့်အချက်တွေသာဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေဟာ ဗိုလ်ရွှေမန်းရေးသားတဲ့  “သူ၊ကျွန်တော်နှင့်မြန်မာနိုင်ငံ့အရေး” စာအုပ် ဖတ်ပြီးတဲ့နောက် တွေ့ရ၊ မြင်ရတာတွေထဲက  ဗိုလ်ရွှေမန်းနဲ့သက်ဆိုင်တဲ့ အချက်တချို့ကိုသာ ရွေးထုတ်တင်ပြလိုက်တာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို အမြောက်အမြားထုတ်ဝေခြင်းအားဖြင့် ဗိုလ်ရွှေမန်းဟာ ကြံ့ဖွံ့ထဲက ခေါင်းမာဂိုဏ်းနဲ့မတူဘဲ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ရင်းနှီးသူ၊ ဒီချုပ်ပါတီနဲ့ပြေလည်သူ၊ သဘောထားပျော့ပျောင်းသူ၊ “၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်လိုသူ ဖြစ်တယ်ဆိုတဲ့ ကြော်ငြာမှိုင်းကို အကျယ်အပြန့်ဖြန့်ဖြူးတာလို့လည်း ယူဆတယ်။ မြန်မာဘာသာစာအုပ်က တတိယအကြိမ် (၂၀၁၈ ဧပြီ) ထုတ်ဝေထား ပြီး အုပ်ရေ တသောင်း ဖြစ်ပါတယ်။  ဒီစာအုပ်ကို အင်္ဂလိပ်ဘာသာပြန်ပြီး ထုတ်ဝေထားတယ်။

ဗိုလ်ရွှေမန်းစာအုပ်ကနေ မြင်နိုင်တာ တစ်ခုက  ဗိုလ်ရွှေမန်းဟာ စစ်တပ်တစ်ခုလုံးကို ကုပ်ခွစီးထားတဲ့၊ ခါးပိုက်ဆောင်တပ် သဖွယ်လုပ်ထားတဲ့ လက်ရှိစစ်အုပ်စုနဲ့ သော်လည်းကောင်း၊ စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားနဲ့သော်လည်းကောင်း ပဋိပက္ခဖြစ်နေတာ  မဟုတ်ဘဲ။  ကြံ့ဖွံ့ပါတီထဲက ထိပ်သီးလို့ဆိုတဲ့ ဗိုလ်ရွှေမန်းတို့လို ချိုတူဘို့တူတွေအကြားက ဗိုလ်လုပွဲမျှသာ ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီထဲက ဗိုလ်လုပွဲဆိုတဲ့အမှိုက်မီးကြောင့် စစ်အုပ်စုအကျိုးစီးပွားဆိုတဲ့ ပြဿဒ် ကို တော့ မီးလောင် ခံကြလိမ့်မယ်လို့ မထင်ပါဘူး။

ပြီးတော့ ဒီလို အမှိုက်မီးအစအနလေးတွေဆိုတာကလည်း ဗိုလ်ရွှေမန်းတို့အဖို့ သူတို့ကိုယ် သူတို့ ကြွားလုံးထုတ် ဟန်ရေးပြ စရာ၊ အရောင်တင်ပွဲထွက်စရာ အကွင်းအကွက်လေးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုကိစ္စတွေကို ပီပီပြင်ပြင် ဟန်ရေးပြနိုင်ဖို့ ဗိုလ်ရွှေမန်းတို့၊ ဗိုလ်သိန်းစိန်တို့၊ ဗိုလ်စိုးသိန်းတို့ဟာ အကွက်ချပြီး စာအုပ်တွေ ရေးထုတ်နေကြတာလို့လည်း ထင်မြင်ယူဆပါတယ်။

(၁၀ ဇူလိုင် ၂၀၁၈)

(ပြီး)

No comments:

Post a Comment