ဗိုလ်ရွှေမန်းရေးတဲ့ စာအုပ်ထဲက ဗိုလ်ရွှေမန်းတို့တတွေအကြောင်း
(မောင်ထွန်းကျော်မြိုင်)
(၁၀ ဇူလိုင် ၂၀၁၈)
စာအုပ်၊ စာပေနဲ့ စာပေဝေဖန်ရေးကဏ္ဍ
အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ်(၁၂) မှာ ဖော်ပြမယ့်ဆောင်းပါး
အပိုင်း(၁)
---------
စစ်ဗိုလ်ဟောင်းတွေ ရေးထုတ်နေတဲ့ စာအုပ်တွေ ဖတ်နေတာဟာ ပစ်ကွင်းကြည့်ပြီး မြားပစ်ရမယ်ဆိုတဲ့ ဥက္ကဋ္ဌမော်ရဲ့သြဝါဒနဲ့ အညီပဲ ဖြစ်ပါတယ်။
စစ်အုပ်စုအကြောင်း၊ စစ်အုပ်စုတွင်းပဋိပက္ခတွေအကြောင်း ဖတ်ရှုလေ့လာတယ်ဆိုတာဟာ စစ်အုပ်စုက စစ်တပ်ကို ခါးပိုက် ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေး၊ တိုင်းပြည်စီးပွားရေး အသက်သွေးကြောမှန်သမျှကို ထင်သလို လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားတဲ့ ကိစ္စတွေကို အကုန်အစင်တိုက်ဖျက်ချေမှုန်းပစ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာဖတ်ရှုနေတာပါ။
စစ်အုပ်စု အုပ်စိုးမှုကလည်း ၁၉၆၂ ကနေ ရေတွက်ကြည့်ရင် ရာစုနှစ်ဝက်ကျော် (၅၆) နှစ် ရှိနေပြီမဟုတ်လား။ ဒီတော့ နေရာ များစွာမှာ စစ်အုပ်စုရဲ့ ဆိုးသွမ်းမိုက်မဲမှုတွေဟာ မိဆိုင်ဖဆိုင်သဖွယ် အခြေကျအမြစ်စွဲနေတာပါ။ ဒါတွေဟာ တဖက်မှာ ဟောင်းနွမ်း ဆွေးမြေ့ ပုပ်သိုးနေပြီဆိုပေမယ့်၊ လက်တွေ့မှာ ထုနဲ့ထည်နဲ့ ရှိနေသေးတယ်ဆိုတဲ့အချက်ကို ကျနော်တို့ နည်းနည်းလေးမှ သတိပေါ့လျော့ လို့ မဖြစ်ပါဘူး။
အဲဒီအမြင်၊ အဲဒီသဘောထားတွေနဲ့ စစ်အုပ်စုထဲကနေ ရာထူးအဆင့်နေရာအသီးသီး၊ အကြောင်းအရာအမျိုးမျိုး၊ ဇာတ်လမ်း အဖုံဖုံနဲ့ လွှင့်စင်ပဲ့ထွက်လာတဲ့၊ သင်းကွဲလာတဲ့ စစ်ဗိုလ်ဟောင်းတွေ ရေးတဲ့ စာအုပ်တွေကို ဖတ်တာဖြစ်ပါတယ်။
အခု ဒီဆောင်းပါးမှာ “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” ဆိုတဲ့ ဗိုလ်ရွှေမန်းရေးထားစာအုပ်ထဲကနေ မြင်ရ၊ သိရ၊ တွေးယူ လို့ရတဲ့ အချက်တချို့ကို ရွေးထုတ်တင်ပြမှာဖြစ်ပါတယ်။
“နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည် ”
“စေတနာ” လို့ အမည်တပ်ထားတဲ့ အမှာစာ မှာ “ကျွန်တော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (SPDC) အဖွဲ့ဝင် စစ်ဗိုလ်ချုပ် တစ်ဦးကနေ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည် ” တဲ့။
ဒီအချက်ကို ချက်ချင်းလက်တန်းပြောနိုင်တာကတော့ ၈၈ မျိုးဆက်တွေလောက် နိုင်ငံရေးဆားဗစ် မရှိသေးဘူးဆိုတဲ့ အချက် ပါပဲ။
ဗိုလ်ရွှေမန်း ပြောချင်တာ ဒီအချက်လောက်တင် မဟုတ်လောက်ပါဘူး။
ပထမတစ်ချက်က သူဟာ (နဝတ) အဖွဲ့ဝင် မဟုတ်ခဲ့ဘူးဆိုတာကို ခွဲပြောချင်ပုံရတယ်လို့ ထင်ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် (နအဖ) ဟာ (နဝတ)ကို ဆက်ခံထားတာပဲဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ပြုလုပ်ပေးပြီး အနိုင်ရသူကို အာဏာ မအပ်တာမှာတော့ (နဝတ)နဲ့(နအဖ)ဟာ တစ်ကြိတ်ထဲတစ်ဉာဏ်ထဲဖြစ်ပါတယ်။ ဒါဟာ တကသအဆောက်အအုံကို ဒိုင်းနမိုက် နဲ့ ဖြိုချပြီး ဗိုလ်နေဝင်းနဲ့ဗိုလ်အောင်ကြီးတို့ သမိုင်းတရားခံ နံပတ်တစ်နေရာကို အပြန်အလှန်လက်ညှိုးထိုး နေရာလုနေသလိုမျိုးသာဖြစ် ပါတယ်။ သေချာတာတော့ နှစ်ယောက် စလုံး သမိုင်းတရားခံတွေဖြစ်ပါတယ်။
ဒုတိယအချက် “၂၀၁၁ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည်” ဆိုတာက (နအဖ) အဖွဲ့ဝင် တပြုံလုံးဟာ သူတို့စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုခဲ့တဲ့ ၂၀၀၈အခြေခံဥပဒေနဲ့အတူ ကွက်ပြည့်နေရာချလာတဲ့ စစ်အုပ်စုရဲ့အစီအမံ အခင်းအကျင်း အသစ်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်ဗိုလ်ရွှေမန်းတစ်ယောက်ထဲ ကွက်ပြီး “နိုင်ငံရေးသမား” ဖြစ်လာတာမဟုတ်ဘဲ ဗိုလ်ရွှေမန်းအပါအဝင်(နဝတ-နအဖ) ထိပ်သီးစစ်ဗိုလ်အားလုံး ဗိုလ်သန်းရွှေရဲ့အကွက်ရွှေ့နေရာချထားမှုနဲ့ “နိုင်ငံရေးသမားဖြစ်စေသတည်း” ဆိုလို့ ဖြစ်လာကြတဲ့ အချက်ပါ ပဲ။ နိုင်ငံရေးပါတီမဟုတ်ပါဘူးလို့ သံပြိုင်အော်ဟစ်ခဲ့ကြတဲ့ “ကြံ့ဖွံ့အသင်း” လည်း ဗိုလ်သန်းရွှေအမိန့်နဲ့ “ကြံ့ဖွံ့ပါတီ” နေ့ချင်းညချင်း ဖြစ် လာတယ်။ ကျွဲကူးရေပါ ဆိုတာလို ကြံ့ဖွံ့ဝင်တွေအားလုံး အလိုအလျောက် ကြံ့ဖွံ့နိုင်ငံရေးပါတီဝင်တွေဖြစ်လာတယ်။
ဒါဟာ (နအဖ) စစ်အုပ်စုရဲ့ နံပတ်ဝမ်း ဗိုလ်သန်းရွှေရဲ့ စေတလုံးအမိန့်နဲ့ သူတို့အားလုံး နိုင်ငံရေးပါတီနဲ့နိုင်ငံရေးသမားတွေ ဖြစ်သွားကြတဲ့ ဇာတ်လမ်းဇာတ်ကွက်ဖြစ်ပါတယ်။
“နိုင်ငံ့အရေး”
“နိုင်ငံ့အရေးကို ကျွန်တော် အတော်အတန် သိရှိနားလည်သည်” လို့ ဗိုလ်ရွှေမန်းက သူ့အမှာစာ အစမှာပိုဒ် ဖော်ပြထားပုံက လည်း သူ့အထာနဲ့သူ၊ သူ့အကွက်နဲ့သူ ခပ်ကြွားကြွားလေသံလေးနဲ့ အစချီလိုက်တာပါပဲ။
“နိုင်ငံရေး” လို့ မသုံးပဲ။ “နိုင်ငံ့အရေး” လို့ သုံးတာမှာလည်း အကြောင်း နှစ်ချက်ရှိမယ်လို့ ထင်ပါတယ်။
ပထမအချက်က “နိုင်ငံ့အရေး” ဆိုတာ နိုင်ငံရေးရဲ့ အထက်မှာ၊ တပ်မတော်ရဲ့ခေါင်းပေါ်မှာ “စစ်အုပ်စု” ရှိတယ် ဆိုတဲ့ စစ်အုပ်စုရဲ့ဗိုလ်ကျဖိနှိပ်ရေး အတွေးအခေါ်၊ အမူအကျင့်ကနေ မြစ်ဖျားခံလာတာပါ။ ဒီအချက်က “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦး ဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုတာနဲ့ တလေသံတည်းပဲဖြစ်တယ်။ တဆက်တည်းပဲဖြစ်တယ်။ ဒါကို တိုက်ရိုက်ထင်ဟပ်ထားတာလည်းဖြစ်တယ်။
ဒုတိယအချက်က ဒီအချက်က ပင်မအချက်လည်းဖြစ်တယ်။ ဘာလဲဆိုတော့ စစ်အုပ်စုအကျိုးစီးပွားတစ်ခုထဲကို ကမူးရှူးထိုး၊ တုံးဆိုတိုက် ကျားဆိုကိုက်၊ အရိုးကျေကျ အရေခန်းခန်း တာဝန်သိသိသစ္စာရှိရှိ ထမ်းဆောင်ရင်း သူတို့တတွေဟာ ဒီနေရာ၊ ဒီအဆင့် ၊ ဒီဘဝကို တက်လှမ်းရောက်ရှိလာကြခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ဖိနှိပ်အုပ်စိုးမှုဆိုတဲ့ ပုပ်သိုးနေတဲ့အနှစ်သာရကို “နိုင်ငံ့ အရေး သို့မဟုတ် အမျိုးသားနိုင်ငံရေး” ဆိုတဲ့ နံငယ်ပိုင်းလေးနဲ့ ဖုံးကွယ်ပေးလိုက်တာဖြစ်ပါတယ်။
တတိယအချက်ကတော့ “အတော်အတန် သိရှိနားလည်သည်” ဆိုတဲ့အပိုင်းကတော့ စစ်ဗျူရိုကရေစီဖိနှိပ်ရေးယန္တရားထဲမှာ သူတို့ဟာ အံခွနေပြီ၊ လက်ယဉ်နေပြီဆိုတာကို ကြွားလုံးထုတ်ပြတာဖြစ်ပါတယ်။
ပြီးတော့ “နိုင်ငံရေး” လို့ပြောရင် တကယ့်အဖြစ်မှန်နဲ့လည်း မကိုက်ညီသလို့။ သူတို့ အပုပ်ချနေတဲ့ “ပါတီနိုင်ငံရေး” နဲ့ ရော ထွေးသွားမှာကိုလည်း စိုးရိမ်ပုံရတယ်။ ဒါကြောင့် သူတို့ တလျောက်လုံး တသမတ်တည်းလုပ်ခဲ့ကြတဲ့ စစ်အုပ်စုအကျိုးစီးပွားထိန်းသိမ်း ကာကွယ်တဲ့အလုပ်ကို “နိုင်ငံ့အရေး”ဆိုတဲ့ စကားလုံးသုံးပြီးကြံဖန်ဖုံးကွယ်လိုက်တာသာဖြစ်ပါတယ်။
တကယ်တော့ စစ်အုပ်စုက ပြောဆိုရေးသားနေတဲ့ “နိုင်ငံ့အရေး” နဲ့ “အမျိုးသားနိုင်ငံရေး” ဆိုတာ စာလုံးပေါင်းသာ အနည်း ငယ် ကွဲလွဲတာပါ။ အနှစ်သာရကတော့ စစ်အုပ်စုအကျိုးစီးပွားထိန်းသိမ်းကာကွယ်တိုးချဲ့ရေးဆိုတာပဲဖြစ်ပါတယ်။
ဗိုလ်ရွှေမန်းက သူအပါအဝင် သူတို့စစ်အုပ်စုကို ကာကွယ်ထားတဲ့အချက်ကို သူ့အမှာစာထဲမှာ မပျက်မကွက်ထည့်သွင်းထား တာလည်း အခုလို ဖတ်ရပါတယ်။ “ခေတ်အဆက်ဆက် ခေါင်းဆောင်များသည် ကိုယ်ခေါင်းဆောင်ဖြစ်ချိန်တွင် နိုင်ငံတိုးတက်အောင် ဖွံ့ဖြိုးအောင်၊ အခြားနိုင်ငံများထက်သာအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည်သာ ဖြစ်သည်” တဲ့။
ဒီအချက်ဟာ အရှက်ကင်းမဲ့လှတဲ့ မျက်နှာပြောင်လွန်းလှတဲ့အုပ်စိုးသူအဆက်ဆက်ကို အကာအကွယ်ပေးတဲ့ အချက်ဖြစ် ကြောင်း (LDC)ဘဝ ကျရောက်ခဲ့ရတဲ့၊ (LDC)ဆင်းရဲတွင်းနွံထဲကရုန်းမထွက်နိုင်ခဲ့တဲ့ တိုင်းပြည်နဲ့လူထုလက်တွေ့ဘဝ အခြေအနေတွေ က သက်သေခံနေပါတယ်။
တိုင်းပြည်နဲ့ လူထုကို ဗိုလ်နေဝင်းစစ်အုပ်စု ထိုးချခဲ့တဲ့ (LDC)ဆင်းရဲတွင်းထဲကနေ (နဝတ-နအဖ) စစ်အစိုးရတွေက ဆယ်တင် နိုင်ခဲ့ပါသလား။ ဝါးကူလို့ ထိုးခဲ့ကြတာပဲမဟုတ်ပါလား။ (နဝတ-နအဖ) စစ်အုပ်စုထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတွေသာ သူေဋ္ဌးသူကြွယ်ကြီး တွေဖြစ်လာတယ်မဟုတ်လား။ အဲဒီသူေဋ္ဌးတွေထဲမှာ ဗိုလ်ရွှေမန်းလည်းတစ်ယောက်အပါအဝင်ပဲမဟုတ်ပါလား။
“ သူ့ခေတ်သူ့အခြေအနေအရ ဆောင်ရွက်ကြသည် ”
မိမိကိုယ်စားပြုတဲ့ လူတန်းစား၊အကျိုးစီးပွား၊ အာဏာ၊ အုပ်စိုးသူအစိုးရအတွက် ရပ်တည်ပြီးကာကွယ်ကြတာမှာ ပြောင်ပြော ပြီး ပြောင်ကာကွယ်ကြတာဟာ ရှင်းပါတယ်။ ဒီလိုမဟုတ်ဘဲ ဆင်ခြေဆင်လက်အမျိုးမျိုးနဲ့ အကြောင်းပြပြီး ဖုံးဖိ ကာကွယ်တာမျိုးဟာ အင်မတန် မှ မုန်းတီးစက်ဆုတ် ရွံရှာဖွယ်ဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းကသူ့စာအုပ်ထဲမှာ အာဇာနည်နေ့နဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့အပြု အမူကို အခုလို ဖုံးဖိကာကွယ်ခဲ့ပါတယ်။
“ကျွန်တော်တို့ နိုင်ငံတွင် အာဇာနည်နေ့နှင့်စပ်လျဉ်း၍ ယခင်က ကျင်းပကြရာ၌ သူ့ခေတ်သူ့အခြေအနေအရ ဆောင်ရွက်ကြ သည်ကို စိတ်ထဲတွင် အားမလို အားမရရှိနေခဲ့သည် ”
“ သူ့ခေတ်သူ့အခြေအနေအရ ဆောင်ရွက်ကြသည် ” ဆိုတဲ့ စာကြောင်းက အတော် “တာ” သွားတဲ့ စာကြောင်းဖြစ်ပါတယ်။ အင်မတန် ကောက်ကျစ်တဲ့ စကားပါ။ သူတို့လုပ်ခဲ့သမျှ “မှန်တယ်၊ တရားတယ်” လို့ ဆိုတဲ့ အဓိပ္ပာယ်တောင်ထွက်ပါတယ်။
ဗိုလ်နေဝင်း စစ်အုပ်စုက ၁၉၆၂ အာဏာသိမ်းတာ၊ဆဲဗင်းဇူလိုင်အရေးအခင်းနဲ့ တကသအဆောက်အအုံ ဒိုင်းနမိုက်နဲ့ဖြိုချတာ၊ ၇၄ - ၇၅ - ၇၆ အရေးအခင်းတွေကို ဖိနှိပ်ချေမှုန်းခဲ့တာ၊ (နဝတ-နအဖ) စစ်အုပ်စုက “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး”ကို အကြမ်းဖက်ချေမှုန်းပစ်တာ၊ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီး ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ ကို အကျဉ်းထောင်တွေထဲမှာ မသေသေအောင် စိတ်ပိုင်းရုပ်ပိုင်းညှင်းပမ်းနှိပ်စက်ခဲ့တာ၊ ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတိုင်းမှာ မီးရှို့၊ လုယက်၊ သတ်ဖြတ်၊ မုဒိမ်းကျင့် ဖြတ် ၄ ဖြတ်လုပ်ခဲ့တာတွေ၊ “၁၉၉၀ရွေးကောက်ပွဲရလဒ်”ကို ဖျက်သိမ်းပစ်တာ၊ ၂၀၀၈ အခြေခံ ဥပဒေကို စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုခဲ့တာ၊ အင်းဒင်ရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေအထိ စစ်အုပ်စု အဆက် ဆက်လုပ်ခဲ့တဲ့လုပ်ရပ်တွေ ဖြစ်ရပ်တွေဟာ “သူ့ခေတ် သူ့အခြေအနေအရ ဆောင်ရွက်ကြ ” တာတွေ ချည်းပဲလို့ ဖုံးဖိကာကွယ်ပေး လိုက် တာပါ။
ဒီအချက်က ဗိုလ်ရွှေမန်းဟာ သူ့ကိုယ်သူရော သူရပ်တည်ကိုယ်စားပြုရာ စစ်အုပ်စုအဆက်ဆက်ရဲ့လုပ်ရပ်တွေနဲ့အကျိုး စီးပွားတွေကို တခါတည်း တပြိုင်တည်း တစ်ချက်ခုတ်သုံးချက်ပြတ်နည်းနဲ့ ဖုံးဖိကာကွယ်ပေးလိုက်တာဖြစ်ပါတယ်။
“ စိတ်ထဲ အားမလို အားမရရှိနေခဲ့သည်” ဆိုတဲ့ စကားကတော့ အရှက်အကင်းမဲ့ဆုံးနည်း၊ မျက်နှာအပြောင်ဆုံးနည်းနဲ့ ဗိုလ်ရွှေမန်းဟာ သူ့ကိုယ်သူအရောင်တင်လိုက်တာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ရွှေမန်းရဲ့ ဖုံးဖိကာကွယ်ပုံနည်းလမ်းဟာ အင်မတန်မှ စုတ်ပဲ့ ပြီး မုန်းတီးရွံရှာ စက်ဆုတ်ဖွယ်ကောင်းပါတယ်။
ဒါကြောင့် စစ်တပ်ပိုင်မြဝတီသတင်းစာကနေ ဗိုလ်ရွှေမန်းကို “ယခုလို ဆောင်ရွက်မှုဟာ အရုပ်ဆိုးအကျည်းတန်လှသလို ကာယကံရှင်သည် အပြင်မှ အဆင်းလှပြီး အထဲမှာ လောက်အတိပြီးတဲ့ သဖန်းသီးပုံစံ သဘောထားရှိနေတာကို ဖော်ပြလိုက်တာပဲ ဖြစ်ပါ သည် ” လို့ တစ်ခြံတည်းပေါက် အကြောင်းသိချင်း အရေခွံလှန်ပြလိုက်တာပဲ ဖြစ်ပါတယ်။ [၂၈-၄-၂၀၁၆ မြဝတီသတင်းစာ ကြည့် ]
တကယ်တော့ မြဝတီသတင်းစာဆောင်းပါးဟာ “ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွ့ဲ” က ဗိုလ်ရွှေမန်း (FB) မှာ ဖော်ပြခဲ့ တဲ့ “စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာ” ပါ ရေးသားချက် များကို ကန့်ကွက်ကြောင်း (၂၆ - ၄ - ၂၀၁၆) ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းမှာ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ အချက်အလက်တွေက ဗိုလ်ရွှေမန်းဟာ စစ်အုပ်စုရဲ့ မူလအကျိုးစီးပွားကို ခေတ်စနစ်နဲ့အညီ ကာကွယ် နေသူ (ဝါ) “ သူ့ခေတ်သူ့အခြေအနေအရ” ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဗိုလ်ရွှေမန်းအုပ်စုနဲ့ စစ်အုပ်စု ခွာပြဲနေကြတယ်ဆိုတာ ယုံကြည်ဖို့ အင်မတန်ခက်တဲ့ ဗလာစကားဖြစ်နေတယ်။ ဒီလိုပြောလိုက်တော့ စစ်အုပ်စုတွင်း ပဋိပက္ခ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။
စစ်အုပ်စုတွင်းမှာ ပဋိပက္ခတွေ၊ ဗိုလ်လုပွဲတွေ၊ ဂိုဏ်းတိုက်ပွဲတွေဟာ ရှိမြဲရှိနေပြီး အဲဒီပဋိပက္ခတွေဟာ ပုံစံနှစ်မျိုးနဲ့ ဖော်ပြနေ ပါတယ်။
ပထမအမျိုးအစားပုံစံက “နံပတ်ဝမ်း” နေရာလုတဲ့ ပဋိပက္ခဖြစ်ပါတယ်။ နံပတ်ဝမ်းဖြစ်ချင်ရင် နံပတ်ဝမ်းကို ဖြုတ်ချမှဖြစ်မယ်။ ဗိုလ်သန်းရွှေဟာ ရှောင်တခင်အားဖြင့်အခွင့်သာချက် နှစ်ရပ်ကြုံခဲ့ရမှုကြောင့် “နံပတ်ဝမ်း” ဖြစ်လာစေခဲ့တာပါပဲ။ ပထမအခွင့်သာချက်က ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တယ်။ ဒီအရေးတော်ပုံကြီးက ဗိုလ်နေဝင်းစစ်အုပ်စုကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လုံးဝဖယ်ရှား ပစ်လိုက်တယ်။ ဒုတိယအခွင့်သာချက်က “၁၉၉၀ ရွေးကောက်ပွဲရလဒ်” နဲ့ပတ်သက်ပြီး “ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာ အပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်” လို့ နှုတ်လွန်ခြေလွန်ပြောမိတဲ့ (နဝတ)ဥက္ကဋ္ဌဗိုလ်စောမောင် ကိစ္စပါပဲ။
ဗိုလ်စောမောင်ဟာ ဒီဖြစ်ရပ် (၁၉၉၀ ရွေးကောက်ပွဲရလဒ်) နဲ့ သူ့စကားက စစ်အုပ်စုရဲ့မူလအကျိုးစီးပွားနဲ့ ဆန့်ကျင်ဖီလာ ဖြစ် နေတယ်။ ဒီအချက်တွေက ဗိုလ်စောမောင်ကို ဖယ်ရှားပစ်ရေးဟာ စစ်အုပ်စုထဲကဂိုဏ်းအားလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်သွားတယ်။
နောက်တစ်ခုတော့ တက်လာတဲ့ နံပတ်ဝမ်းကို ခွာရာတိုင်းလာတဲ့ ဗိုလ်ခင်ညွန့်ရဲ့ထောက်လှမ်းရေးဂိုဏ်းဖြစ်ပါတယ်။ ဒီဂိုဏ်းကို ဗိုလ်သန်းရွှေက ပိုင်ပိုင်နိုင်နိုင်ဖယ်ရှားနိုင်လိုက်တယ်။ ဒီအချက်က ဗိုလ်သန်းရွှေအတွက် ပြိုင်ဖက်ကင်းတဲ့ နံပတ်ဝမ်းဖြစ်လာစေခဲ့တာပါပဲ။ ဗိုလ်ခင်ညွန့်ဂိုဏ်းရှင်းလင်းရေးမှာ ဗိုလ်စိုးဝင်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းတို့ ဘယ်နေရာက ပါခဲ့သလဲဆိုတာ အားလုံးမှတ်မိကြမှာပဲ။ သူတို့ဟာ ဗိုလ်သန်းရွှေဘက်ကနေ သစ္စာရှိရှိ ရပ်ခဲ့ကြတယ် မဟုတ်လား။
ဒါကြောင့်ပဲ သူတို့တတွေကို “နံပတ်ဝမ်း” ဖြစ်လာတဲ့ ဗိုလ်သန်းရွှေက “ ဝန်ကြီးချုပ်၊ သမ္မတ၊ ညှိနှိုင်းကွပ်ကဲရေးမှူး” ဆိုတဲ့ “ဆုတွေ” ချခဲ့တာဖြစ်ပါတယ်။
ဒုတိယအမျိုးအစား ပုံစံက ဖြစ်နိုင်ခြေရှိတဲ့ နံပတ်ဝမ်း အလောင်းအလျာတွေအကြားက ဗိုလ်လုမှုတွေဖြစ်ပါတယ်။ ဒီပဋိပက္ခ အမျိုးအစားက စစ်အုပ်စုရဲ့လက်ရှိအကျိုးစီးပွားကို ဘယ်လိုပုံဘယ်လိုနည်းနဲ့ အရှည်သဖြင့် ထိန်းသိမ်းကာကွယ်တိုးချဲ့မှာလဲ ဆိုတဲ့ “နည်းနာ” အပေါ်မှာ အခြေခံပြီး ဖြစ်ပွားတဲ့ အုပ်စုချင်းတိုက်ပွဲဖြစ်ပါတယ်။
ကြံ့ဖွံ့ပါတီထိပ်သီးပိုင်းထဲက ဗိုလ်ရွှေမန်း၊ ဗိုလ်အေးမြင့်၊ ဗိုလ်သိန်းဇော်တို့အစုနဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်စိုးသိန်း၊ ဗိုလ်ေဋ္ဌးဦး၊ ဗိုလ်သန်းေဋ္ဌးတို့အုပ် ဖြစ်ကြတဲ့ ဂိုဏ်းတိုက်ပွဲဟာ အဲဒီဒုတိယအမျိုးအစားပုံစံဖြစ်တယ်လို့ ယူဆပါတယ်။ ဗိုလ်သိန်းစိန်၊ ဗိုလ်စိုးသိန်း၊ ဗိုလ်ေဋ္ဌးဦး၊ ဗိုလ်သန်းေဋ္ဌးတို့အုပ်ကို အလွယ်စကားနဲ့ “အမာအုပ်စု”လို့ ခွဲခြားပြောမယ်ဆိုရင် ဗိုလ်ရွှေမန်းတို့ အမှူးပြုတဲ့အစုဟာ ပျော့ပျော့လေးနဲ့ အင်မတန်နံတဲ့ “ကြောင် ဟိုဒင်းဂိုဏ်း”လို့ ပြောရမှာပေါ့။
ဒီပဋိပက္ခဟာ၊ ဒီဂိုဏ်းတိုက်ပွဲဟာ “၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ညဖြစ်ရပ်” အနေနဲ့ ဖော်ပြပါတယ်။ ဒါဟာ ကြံ့ဖွံ့ပါတီ ထိပ်သီးတွေအတွင်းမှာ ဖြစ်ပွားတဲ့ ဂိုဏ်းတိုက်ပွဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ဗိုလ်ရွှေမန်းက သူ့စာအုပ်ထဲမှာ တတိယလူကပြောဟန်နဲ့ အခုလို ဖော်ပြထားတယ်။
“ ထိုဖြစ်စဉ်ကို အချို့က သန်းခေါင်ယံအာဏာသိမ်းပွဲဟု ဆိုကြသည်” တဲ့။
အနှစ်သာရလည်း ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဖြစ်နေတဲ့ ဗိုလ်ရွှေမန်းရဲ့ “ဥက္ကဋ္ဌအာဏာ” ကို ဗိုလ်သိန်းစိန်၊ ဗိုလ်စိုးသိန်း၊ ဗိုလ်ေဋ္ဌးဦး၊ ဗိုလ်သန်းေဋ္ဌး တို့အုပ်က စစ်အုပ်စုလက်သုံးနည်းအတိုင်း သိမ်းပိုက်လိုက်ကြတာပဲဖြစ်တယ် မဟုတ်ပါလား။
ဗိုလ်ရွှေမန်း လိုင်စင်နဲ့ သေနတ်ဆောင်ထားတဲ့ကိစ္စကို ထည့်ရေး၊ ထည့်ပြောတယ်ဆို ဒီကိစ္စတွေနဲ့ဆက်စပ်ပြီးတော့ ပြောနေ တာလို့ မှတ်ယူရမှာဖြစ်ပါတယ်။ သေနတ်တွေကိုင်ထားကြသူတွေဟာ ဗိုလ်ရွှေမန်းတစ်ယောက်ထဲ မဟုတ်ပါဘူး။ အားလုံး တရားဝင်ရော တရားမဝင် ကိုယ်စီ ကိုင်ထားကြတာပါ။ တရားမဝင် သက်တော်စောင့်တပ်ဖွဲ့လည်း ကိုယ်စီရှိနေကြတာပါ။
အရေးကြီးတဲ့အချက်က ဗိုလ်စောမောင်ကိုင်တဲ့ သေနတ်ထဲက “ကျည်အ” တွေ ကိုယ်ကိုင်ထားတဲ့ သေနတ် ဆုံလည်ထဲ၊ မဂ္ဂဇင်းဘောက်ထဲရောက်မနေဖို့ သတိထားပြီး မပြတ်စစ်ဆေးကြည့်နေကြဖို့ပါပဲ။
(အပိုင်း-၂ ကို ဆက်လက်ဖော်ပြသွားပါမယ်။)
No comments:
Post a Comment