Twitter Bird Gadget

Thursday, May 31, 2018

မြန်မာ့ထိုးကွင်း မင်ကြောင်ဓလေ့ (၁)


ရေခဲထဲက ဆေးမင်ကြောင်
လူ၏ ကိုယ်အရေပြားပေါ်တွင် စွဲမြဲစွာ ထင်နေစေရန်တုတ်ဆူးချွန် အစရှိသော အရာများဖြင့် ဆေးရောင် သွင်းကာ အရုပ်များ အမှတ်အသားနှင့် ပန်းကနုတ် စသော အလှအပများ ထိုးနှံထားခြင်းကို မင်ကြောင် ထိုးသည်ဟု ခေါ်ဝေါ်ကြပေသည်။
အချို့က ထိုးကွင်းထိုးခြင်းအလေ့အထသည် ပေါ်လီနီးရှင်းလူမျိုးများက စတင်ခဲ့၍ ၎င်းလူမျိုးတို့၏ ဘာ သာ စ ကား၊ Ta Tau မှ Tattoo သို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြ၏။
“မင်ကြောင် ထိုးနှံခြင်း ဓလေ့သည် ကမ္ဘာပေါ်ရှိ လူမျိုးအများအပြားတွင် ရှိသည်။ သို့ရာတွင် မည်သည့်အချိန်အခါက စတင်ပေါ်ပေါက်လာခဲ့သည်ဟူ၍ကား မပြောနိုင်ကြသေးပါ။အစောဆုံးကာလအဖြစ် တွေ့ရှိရသော ဆေးမင်ကြောင်အထောက်အထား မှာ ဆိုက်ဗေးရီးယားဒေသရှိ ရေခဲပြင်များ အတွင်းမှ တူးဖော်ရရှိခဲ့သော ဆေးမင်ကြောင်ပါသည့် ရုပ်အလောင်းများ ဖြစ်ပေ၏။
ဆိုက်‌ဗေးရီးယား ပြည်နယ်မှ Altia လူမျိုး များ၏ ရေခဲသင်္ချိုင်း ပစ္စည်းများပြပွဲကို လန်ဒန်မြို့ရှိ ဗြိတိသျှ ပြတိုက်တွင် ပြသဖူးပေသည်။ ယင်းရေခဲသင်္ချိုင်း ပစ္စည်းများမှာ ရေခဲတုံးဖြစ်နေသော ဘီစီ ၅ ရာစုမှ ပစ္စည်းများ ဖြစ်ပေ၏ ။ ထိုပစ္စည်းများတွင် ရွှေ သစ်သားတို့ဖြင့် ပြုလုပ်ထားသော ပစ္စည်းများ၊ ဆင်စွယ်နှင့်သံထည် လက်ဝတ်လက်စားများ၊ လှံ လေးများ အစရှိသည့်လက်နက်ပစ္စည်းများ၊ လူခေါင်းပြတ်များနှင့် အခြောက်လှန်းထားသော ယောကျ်ားအလောင်းကောင်ကြီးများ ပါဝင်သည် ဆိုပေ၏။
ထိုသို့ ပစ္စည်းပစ္စယ စုံလင်စွာကို ထည့်သွင်း မြှုပ်နှံရုံမက လူခေါင်းပြတ်နှင့် အခြောက်လှန်းထားသော အလောင်းများပါဝင်ခြင်းမှာ သူတို့ထုံးစံပင် ဖြစ်ပေသည်။
ယင်းထုံးစံမှာ အကြီးအကဲတယောက်ကွယ်လွန်ပြီးနောက် ထိုသူကို မြှုပ်နှံ သင်္ဂြိုဟ်ရာသို့ သေသူ၏ ပစ္စည်းပစ္စယများနှင့် ကျေးကျွန်များကိုပါ တွင်းကြီးထဲထည့်၍ မြှုပ်နှံလိုက်ရလေ့ ရှိသည်။
သို့ကြောင့် အသုံးအဆောင် ပစ္စည်းများနှင့် တွဲလျက်
အခြောက်လှန်းထားသော ယောက်ျားအလောင်းများပါ‌တွေ့ရခြင်းဖြစ်၏။ ထိုယောက်ျားကြီးများ၏ အရေပြားပေါ်တွင် ပါရှိသော အရာများကား ဆေးရောင်စုံဖြင့် လှပစွာ ထိုးနှံထားသော သစ်ခက်သစ်ရွက်၊ ငါးရုပ်၊ ငှက်ရုပ်နှင့် လူရုပ်များဖြစ်ပေသည်။
သို့ရာတွင် အီဂျစ်နိုင်ငံ၌မူ ဘီစီ ၁၅ ရာစု၊ ရာစု ၂၀ ခန့်ကပင် ဆေးမင်ကြောင် အတတ် ပေါ်ထွန်း နေခဲ့ပြီဟု ယူဆရသော အထောက်အထားများလည်း တွေ့ခဲ့ကြရသည်ဟု ဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်အခါက ဆေးစိမ်ထားခဲ့သော ရုပ်အလောင်းများတွင် အပြာရောင်ဆေးဖြင့် မင်ကြောင်ထိုး
ထားသည့် သဏ္ဌာန်များ တွေ့ရသောကြောင့်ဖြစ်၏။
ဆေးမင်ကြောင် ချစ်သူများ
ဗြိတိသျှ လူမျိုးများသည် ဆေးမင်ကြောင်ထိုးခြင်းကို အပျော်တမ်းသဘော အလှအပ ထိုးနှံလေ့ရှိ
ကြ၏။ ““ဟေ့စတင်း” စစ်ပွဲအပြီး၌ ကျဆုံးသော ဟာရိုလ်ဘုရင်ကြီး၏ ကိုယ်ပေါ်တွင် နှလုံးသားနေရာ၌ “အက်ဒစ်သ”Edith ဟု ထိုးထားသည်ကို တွေ့ကြရ၏။
သတ္တမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသား ဘဝကပင် ဆေးမင်ကြောင်ထိုး ဝါသနာပါကာ တကိုယ်လုံးတွင် ဆေးမင်ကြောင်များ ထိုးနှံထားခဲ့ပေသည်။ ပဉ္စမမြောက်ဂျော့ဘုရင်နှင့် စစ်သေနာပတိဟောင်းကြီး မောင်ဂိုမာရီတို့သည်လည်း ၎င်းတို့ကိုယ်တွင် နဂါးရုပ်နှင့် လိပ်ပြာရုပ်များထိုးနှံထားခဲ့ကြ၏။
အသက် ၆၈ နှစ်ရှိ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်၏ ကိုယ်ခန္ဓာကိုမူ ဆေးထိုး ရုပ်ပြခန်းကြီးဟု ချီး ကျူး ကြရသည်။ အကြောင်းသော်ကား သူတကိုယ်လုံးတွင် ဆေးရောင်စုံအရုပ်များ အမျိုးမျိုးထိုးနှံထားသောကြောင့် ဖြစ်ပေ၏။
ဂျပန်လူမျိုးတို့၏ ဆေးမင်ကြောင် ထိုးသည့် ဓလေ့ကား အနုပညာ သဘော ကဲသည်ဟု ဆိုပါသည်။ ထိုးနှံလေ့ရှိသော အရုပ်များတွင် ရိုးရာဓလေ့နှင့် ရှေးဟောင်းသမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဌာန်အမျိုးမျိုး ပါဝင်ပေသည်။ လူအလုံး
အရပ်နှင့်အညီ ကြီးမားသော လူစွမ်းကောင်းပုံများ၊ ဘီလူးသဘက်ရုပ်ကြီး များနှင့် နဂါးရုပ်ကြီးများ အပြင် သစ်ပင်ပုံ ငှက်ပုံ၊ ငါးပုံနှင့် ပန်းပုံများလည်း ထိုးကြ၏။
ဂျပန်နိုင်ငံတွင် ဆေးမင်ကြောင် ထိုးခြင်းကို ၁၉ ရာစုနှစ်အတွင်းက ဥပဒေဖြင့် ပိတ်ပင်ခဲ့ဖူးသော်လည်း ယင်းကိစ္စမှာ ပပျောက်မသွားပေ။ ငွေကုန်ကြေးကျခံကာ လပေါင်းများစွာ ကြာမြင့်သည်အထိ သည်းခံပြီး ကြိုးစားပမ်းစား အနု
စိတ်၍ ပြီးစီးအောင် ထိုးနှံကြသည်သာ ဖြစ်၏။
ဒုတိယကမ္ဘာစစ်အတွင်းက စစ်အကျဉ်းစခန်းရောက်
အကျဉ်းသားများအနက် ကိုယ်ခန္ဓာပေါ်တွင် လှပသောမင်ကြောင်ရောင်စုံရုပ် ထိုးထားမိသူများမှာ အခြားအကျဉ်းသားများထက် ပို၍ ကံဆိုးခဲ့ကြရ၏။ အကြောင်းမူကား အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသား၏ ရင်ဘတ်နှင့်ကျောပြင်မှ ဆေးမင်ကြောင် အရေခွံကို ခွာယူပြီး မီးအိမ်အုပ်ဆောင်း လုပ်ကြသောကြောင့် ဖြစ်ပေ၏။
အချို့သော မလေးရှား လူမျိုးများ၏ ဆေးမင်ကြောင်မှာမူ တင်ပါးတွင် ထိုးနှံထားသည်ကို တွေ့မြင်ရ၏။ ဤသို့တင်ပါးတွင် ထိုးနှံထားသော ဆေးမင်ကြောင်မှာ အရုပ်များမဟုတ်ပေ။ လှပဆန်းကြယ်သော ပန်းကနုတ် ဒီဇိုင်းများ၊ အကွက်များ ဖြစ်ကြပေသည်။
ဖော်မိုဆာကျွန်းမြောက်ပိုင်းနေ “တေးရဲလ်”လူမျိုး လူငယ်များမှာမူ လူလားမြောက်ခြင်းအထိမ်းအမှတ် အဖြစ် နဖူးတွင် ဆေးမင်ကြောင်ထိုးကြရာ မျက်နှာတပြင်လုံး ရောင်ကိုင်းလာသည်အထိ ပြင်းထန်သည်ဆို၏။
ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန်ကျွန်းသားတိုင်းရင်းသား များတွင် ထိုးကွင်းထိုးသော ဓလေ့ရှိခဲ့ဖူး၏။ ရေကြောင်းခရီးဖြင့် နယ်သစ် ပယ်သစ် ရှာဖွေခဲ့သော ခေတ်က စပိန်လူမျိုးများသည်
မြောက်အမေရိကတိုက် ပီရူးနိုင်ငံနှင့် မက္ကစီကို နိုင်ငံများရှိ တိုင်းရင်းသား လူမျိုးများတွင် ထိုးကွင်းထိုးသော အလေ့ရှိကြောင်း တွေ့မြင်ခဲ့ကြရ၏။
မြောက်အမေရိကမှ အင်ဒီးယန်းလူမျိုးများ မှာလည်း ကလေးအရွယ်မှ စတင်ပြီး ထိုးကွင်း ထိုးနှံလေ့ ရှိကြသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများမှ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီ လူမျိုးနှင့် ကေဘ ကျွန်းသား များမှာလည်း မိန်းမပါဆေးမင်ရည် ထိုးနှံကြသည့် ရှေးကျသော အစဉ်အလာရှိကြသည်။ အက်ဒမီ ရယ်လတီကျွန်း၊ ဖီဂျီကျွန်းနှင့် လျူကျူကျွန်းမှ ကျွန်းသူများသည်လည်း ဆေးနီ ဆေးနက်ပြာတို့ကို ကိုယ်ခန္ဓာတွင် မင်ကြောင်ထိုးခြယ်ခြင်းဖြင့် အလှပြုပြင်နည်းတရပ်အဖြစ် အသုံးပြုကြ၏။
ဆော်လမွန်ကျွန်းသူ မိန်းကလေးများမူ မျက်နှာနှင့်ရင်ဘတ်၌ ဆေးမင်ကြောင် ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်ကြသည်။ မော်ကျွန်းသူများ မှာလည်း ထိုနည်းတူစွာပင် လက်ထပ်ပွဲမကျင်းပမီတွင် မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရ၏။ နယူးဂီနီကျွန်းမှ ပါပူအန် အမျိုးသမီးများမှာ လက်မထပ်မီကာလတွင် မျက်နှာကိုချန်လျက် တကိုယ်လုံးအနှံ့
ဆေးမင်ကြောင် ရေးခြယ်ထိုးနှံထား၍ မင်္ဂလာပွဲကျင်းပသောအခါတွင်မှ မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရ၏။
သို့သော် အေဒီ ၁၇ ရာစု အထိ အင်္ဂလန်နှင့် အနောက်
ဥရောပတွင် ဆေးမင်ကြောင်ကို ထိုးနှံရန်ဝေး၊ မြင်ပင်မြင်ဖူးကြသေးဟန် မတူပေ။ အကြောင်းသော် ဥရောပတိုက်သား အမ်ပီယာဆိုသူသည် ထိုးကွင်းရှိသော ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းကျွန်းသားများကို ပြပွဲပြသရန် ဥရောပသို့ ခေါ်ဆောင်သွားဖူးသည်ဟု သိရှိရသောကြောင့် ပေတည်း။
နယ်သစ်ရှာသူ တဦးဖြစ်သည့် ကပ္ပတိန် ကွတ်သည်လည်း ထိုးကွင်းရှိသူများကို အင်္ဂလန်သို့ ခေါ်ယူပြသရာ မြင်ရသူတိုင်း အံ့ဩကြရ၏။ ထိုအခါမှစ၍ အင်္ဂလန်နှင့်ဥရောပတွင် ထိုးကွင်းမင်ကြောင် ခေတ်စားလာရာ မင်ကြောင်ဆရာများမှာ လက်မလည်အောင် အလုပ်များခဲ့ကြရ၏။
ထိုကဲ့သို့ ဆေးမင်ကြောင်ကို လူအများစိတ်ဝင်စားသည်ကို အကြောင်းပြု၍ “ဒီဗား”မောင်နှံတို့သည် ကြီးကျယ်သော သာသနာဝင် ပန်းချီကားများကို လျှာတွင် ထိုးနှံလျက် ပြပွဲသွင်းရာ လူအများ၏ ဝိုင်းဝန်း အားပေးခြင်း ခံခဲ့ကြရ၏။ ဒီဗား၏ လျှာတွင် ထိုးနှံသော ပန်းချီကားမှာ လီယိုနာဒို ဒါဗင်ချီ၏ လက်ရာကောင်း တခုဖြစ်သည့် “ခရစ်တော်အား လက်ဝါးကပ်တိုင်တင်ခြင်း”ပန်းချီကားဖြစ်၍ ဇနီး၏ကျောတွင် ထိုးနှံသော ပန်းချီကားမှာ “ခရစ်တော်၏ နောက်ဆုံးညစာ” ဖြစ်ပေသည်။
ထိုအချိန်အခါက ပြပွဲသွင်းသော ထိုးကွင်မင်ကြောင်ရှင်များအနက် အချို့၏ ပြပွဲတခါပြ ဝင်ငွေမှာ မြန်မာငွေ တထောင်ကျပ်မှ တထောင့်ငါးရာထိ ရှိသောဟူ၏။
*****ဆက်ရန်*****
(ဆရာ ဆင်ဖြူကျွန်း အောင်သိန်း ၏ မြန်မာ့ထိုးကွင်း မင်ကြောင် ဓလေ့ကို ဗဟုသုတအလို့ငှာ အခန်းဆက် ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။ တစ်ရက် တစ်ပိုင်းဖြတ် တင်ပေးပါမည်။ မူပိုင်မှာ မူလစာရေးသူသာ ဖြစ်ပါသည်။ )

No comments:

Post a Comment