Twitter Bird Gadget

Thursday, May 31, 2018

မြန်မာ့ထိုးကွင်း မင်ကြောင်ဓလေ့ (၂)


ဆေးမင်ကြောင် ထိုးနှံရာတွင် ရည်ရွယ်ချက်များ ရှိကြပါသည်။ ယင်းတို့မှာ
(က) အမှတ်အသားအဖြစ် ထိုးနှံခြင်း။
(ခ) အလှအပအဖြစ် ထိုးနှံခြင်း။
(ဂ) စွဲလမ်းမှု အခြေခံ၍ အဆောင်သဘော ထိုးနှံခြင်း
(ဃ) ထုံးတမ်း စဉ်လာအရ ထိုးနှံခြင်း
တို့ ဖြစ်ကြပါသည်။
အမှတ်အသားအဖြစ်ထိုးနှံခြင်း
အင်္ဂလန်နိုင်ငံမှ အမျိုးသား လယ်သမားသမဂ္ဂသည် ယင်းတို့အဖွဲ့ပိုင် မွေးမြူရေး ခြံများမှ ကြက်ဆင်များကို လျှို့ဝှက်အမှတ်အသား ထိုးထားကြ၏။ ထိုအမှတ်အသား ကိုလည်း မှတ်ပုံတင်ထားသည့်အတွက် အဖွဲ့ပိုင်ကြက်ဆင်များ အခိုးခံရ
ပါက ရှာဖွေဖမ်းဆီးရန် ခိုင်လုံသောသက်‌သေခံရရှိပြီး ဖြစ်သွားတော့၏။
ဩစတြေးလျ နိုင်ငံမှ သိုးမွေးမြူသော လူချမ်းသာတဦးသည်လည်း သူ၏ ကျောပြင်တွင် ဆေးထိုးကာ ရေးသားထားခဲ့ဖူးသည် ဆို၏။ ပထမကမ္ဘာစစ် မတိုင်မီ နှစ်များနှင့် စစ်အတွင်းကလည်း အချို့ သူလျှိုများသည် ဆေးမင်ကြောင်ထိုးသော ပညာကို
အသုံးချခဲ့ ကြသည်ဟု ကြားနာ မှတ်သားရဖူး၏။ ရန်သူ၏ အရေးကြီးသော နေရာများကို စက္ကူစသည်တို့တွင် ရေးဆွဲ မှတ်တမ်းတင်ပြီး ယူဆောင်သွားရန် မလွယ်ကူလှချေ။ ထို့ကြောင့် ဦးခေါင်းကို ပြောင်အောင်ရိတ်ကာ လျှို့ဝှက်သော မြေပုံများကို စုတ်ဖြင့်ထိုးနှံသည်။ ဆံပင်ရှည်အောင်ထားပြီးမှ
ထိုသူကို လိုရာနိုင်ငံသို့ ပို့ပေးသည်။
မြန်မာနိုင်ငံတွင်လည်း ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက် မင်းများလက်ထက်တွင် လူကိုယ်၌ အမှတ်အသားပြုမှုကို ဆေးမင်ကြောင်ထိုးနှံ၍ အမှတ်အသားပြုလေ့ရှိသည်ကို တွေ့ရပေ၏။ အမှတ်အသားမှာ နှစ်မျိုးရှိ၍ အကောင်းဘက်မှာ
ရော အဆိုးဘက်တွင်ပါ အသုံးပြုလေသည်။
“ထိုအချိန်အခါက ခိုးသားများကိုရပ်ရွာအေးချမ်းရေးအတွက် အဆုံးစီရင်လေ့ရှိ၏။ သို့ရာတွင် အဆုံးစီရင်လောက်သည်အထိ အပြစ်မကြီးလေးသူများကိုမူ နဖူးတွင် “ထား” ဟူ၍ လည်းကောင်း၊ “သူခိုး” ဟူ၍လည်းကောင်း၊ လက်ဖျန်တွင်လည်း “နောက်မဆိုးနှင့်” ဟူ၍လည်းကောင်း ဆေးမင်ကြောင်ဖြင့် ထိုး၍လွှတ်တတ်ကြ၏။ ဤကား အဆိုးဘက်တွင် အသုံးပြုသော ဆေးမင်ကြောင် အမှတ်အသားပေတည်း။
မြန်မာမင်းများလက်ထက်တော်တွင် အမြဲတမ်းတပ်မတော်ကြီး ဖွဲ့စည်းထားလေ့ မရှိခဲ့သော်လည်း ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် တစိတ်တဒေသ အမြဲတမ်းတပ်တချို့ ဖွဲ့စည်းထားခဲ့၏။ ယင်းတို့အနက် လွတ်ရုံးနှင့် ရွှေနန်းတော်ကြီးအတွက် လောလောဆယ် အသုံးလိုမသူများမှာ ရသင့်ရထိုက်
ရာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်နေထိုင်ကြရ၏။ ယင်းတို့ကို အစုအဝန်း စသည်ဖြင့် သတ်မှတ်ထားရာ ယင်းအမှုထမ်းတို့၏ လည်ကုပ်တွင် ဆေးထိုးကာ အမှတ်အသားပြုထားသဖြင့် “ဆေးထိုးထမ်း”ဟု ခေါ်ပေ၏။
ထိုဆေးထိုးထမ်းများ ထဲတွင် မြောက်ဒဝယ်၊ တောင်
ဒဝယ်၊ မြောက်မာရဘင်၊ တောင်မာရဘင်၊ ရွှေပြည်မှန်ကင်း၊ နတ်စုလက်ဝဲ၊ နတ်စုလက်ျာ၊ ရွေးလက်ဝဲ စသော သေနတ်စွဲအမှုထမ်းတို့မှာ လည်ကုပ်၊ လက်ဖမိုး၊ စသည်တို့၌ "နတ်ဘီလူး လက်ျာသန်လျက်ထမ်း” ခြင်္သေ့ရုပ်များ ဆေးတော် ရေးမှတ်ထားကြလေသည်။
( ဦးမောင်မောင်တင်ထံမှ ဦးသာမြတ်ထံပေးစာ၊အတွဲ၃၊ အမှတ် ၆၊ယဉ်ကျေးမှုစာစောင်၊
စာမျက်နှာ ၇၄-၇၅ မှ)
ထိုမှတဖန် ပါးကွက် အာဏာသားများဟု ခေါ်တွင်သော ရာဇဝတ်မှုထမ်း အချို့မှာလည်း အမှန်ပင် ပါးတွင် အကွက်ကြီးများ ရှိ၏။ ယင်းအကွက်ကြီးများမှာ ဆေးမင်ကြောင် ထိုးနှံထားခြင်း ဖြစ်ပေ၏။ ၎င်း “တန်း” အမှုထမ်း များကို “ပါးကွက်” ဟုခေါ်သည်။ ထိုပါးကွက်တို့မှာ ပါးနှစ်ဘက်တွင် မင်နက်ဖြင့် ဒင်္ဂါးဝိုင်းအရွယ်ခန့် ထိုးနှံထားရသည်။ ရင်ဘတ်တွင်လည်း “သူသတ်” ဟူသော စာတမ်းကို မင်နက်ဖြင့် ထိုးနှံထားရသည်။
မြန်မာနိုင်ငံအလုံး နယ်ချဲ့လက်တွင်း ကျရောက်ပြီးနောက် နှစ်ပေါင်း အတန်ကြာတွင် နေနှယ် လနှယ်ထင်ရှားသော တော်လှန် ပုန်ကန်မှုကြီး တရပ် ဖြစ်ပွားခဲ့၏။ ယင်းကား သုပဏ္ဏက ဂဠုနရာဇာအမည်ခံ ဂဠုန်ဆရာစံ၏ လယ်သမား သူပုန်ကြီးပေတည်း။
ထိုပုန်ကန်မှုကြီးတွင် ပါဝင်သော ဂဠုန်တပ်သားများကို တာဝန် အနုအရင့်လိုက်၍ “က တပ်သား”၊ “ခတပ်သား”ဟု ဆေးမင်ကြောင်ထိုးကာ အမှတ်အသားပြု ခွဲခြားခဲ့ဖူးပေ၏။
အလှအပအဖြစ်ထိုးနှံခြင်း
ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့ ဆေးမင်ကြောင် ထိုးနှံကြရာတွင် များသောအားဖြင့် အလှအပ အလို့ငှာသာ ထိုးနှံကြပေသည်။
မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင်ခေတ် ကောင်းခဲ့စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးတတ်ကြပါသည်။ ထိုသို့ထိုးရာတွင် ပေါင်တဘက် တချက်၌ ငုံးရုပ်၊ ကြက်ရုပ် စသည်များကို တရုပ်စီထိုးနှံခြင်းမျိုး ဖြစ်၏။
အခွစုတ် ဖြစ်သော မြန်မာစုတ်ဖြင့် ထိုးသော ဆေးမင်ကြောင်‌ မှေးမှိန်ချိန်တွင် ဓာတ်ခဲအားသုံး၊ဘက် ရီဓာတ်သုံး အပ်ဖြင့်ထိုးသော မင်ကြောင်များပေါ်ပေါက်လာခဲ့၏။ ထိုနောက် နှစ်ပေါင်းများစွာ နှောင်းပြီ မှ အဝတ်ချုပ်အပ်ဖြင့် ထိုး ဆေးမင်ကြောင် ထိုးနည်းသစ် ပေါ်ပေါက်လာခဲ့၏။ ထိုနည်းနှစ်နည်းဖြင့် ထိုးနှံသော ဆေးမင်ကြောင်များအားလုံးနီးပါးသည် အလှအသက်သက်အတွက် ထိုးနှံသော ဆေးမင်ကြောင်များ ဖြစ်ကြပေ၏။
စွဲလန်းမှုအခြေခံ၍ ထိုးနှံခြင်း
များသောအားဖြင့် ကိုယ်ခန္ဓာအထက်ပိုင်းတွင် ထိုးနှံလေ့ရှိကြပါသည်။ နတ်ရုပ်များ၊ ဘီလူးရုပ်များနှင့် အခြားအရုပ်များကို မန္တန်စာလုံးများခြံလျက်ဖြစ်စေ၊ အင်းကွက်တွင် အင်းဆန်များသွင်း၍ ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြပေသည်။
အချို့လည်း လျှာပေါ်တွင်ပါ ထိုးနှံကြသေး၏။ သို့ရာတွင် အစက်အပြောက်မျှသာ အထိုးခံနိုင်ပေသည်။ စွဲလမ်းမှုအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင်ထိုးနှံရာတွင် ကိုယ်ခန္ဓာအထက်ပိုင်းတွင်သာ ဆေးနီဖြင့် အထိုးများပါသည်။ သို့ရာတွင် ရံဖန်ရံခါလည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေး၏။ လက်ယာဘက်လက်ဆစ်၊ လက်ဖမိုးနှင့် လက်ကောက်ဝတ်များတွင် တွေ့ရလေ့ရှိသော ဆေးမင်ကြောင် အနက်စက်၊ အနက်ပြောက်များနှင့် ခြေမျက်စိဝန်းကျင်တွင် တွေ့မြင်ရတတ်သော အနက်စက်များမှာလည်း အဆောင်သဘောသက်ဝင်ပေသည်။
ထုံးတမ်းစဉ်လာအရ ထိုးနှံခြင်း
မြန်မာနိုင်ငံသား ယောကျ်ားများသည် ရှေးဦးပိုင်းတွင် အဆောင် သဘောဖြင့် မင်ကြောင်ထိုးနှံလာခဲ့ရာမှ နောင်သော် အလှအပ သဘောသို့ ရွေ့လျောလာခဲ့၏။ ထိုမှတဖန် “ထိုးကွင်းရှိမှ ယောက်ျားပီသသည်” ဟူသော သဘောများ ဝင်ရောက်လာချိန်တွင်မူ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားတော့၏။
မြန်မာနိုင်ငံတော်သူ ချင်းအမျိုးသမီးများသည် မျက်နှာတပြင်လုံး မည်းမှောင်နေအောင် ပါးရဲထိုး (ပါးထိုး၊ ပါးမည်းထိုး)ခဲ့ကြဖူးပါသည် ။ ပါးရဲမပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်ဟု သဘောထားခဲ့ကြ၏။ နောင်အခါတွင် ကာလရွေ့လျောပြီး “ပါးကြင်” “ပါး” စသည်ဖြင့် စတိ
သဘော ထိုးနှံခြင်းသို့ ပြောင်းလဲသွားခဲ့ပေ၏။
*****ဆက်ရန်*****
(ဆရာ ဆင်ဖြူကျွန်း အောင်သိန်း ၏ မြန်မာ့ထိုးကွင်း မင်ကြောင် ဓလေ့ကို ဗဟုသုတအလို့ငှာ အခန်းဆက် ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။ တစ်ရက် တစ်ပိုင်းဖြတ် တင်ပေးပါမည်။ မူပိုင်မှာ မူလစာရေးသူသာ ဖြစ်ပါသည်။ )

No comments:

Post a Comment