Twitter Bird Gadget

Thursday, December 14, 2017

ဖတ်စေချင်၍တင်လိုက်သည်

သင်ဟာ ခေါင်းဆောင်ကောင်းမဟုတ်မှန်း သိသာစေတဲ့ (၁၀) ချက်
=============================
၁။ သင့်ဆီမှာ စာနာစိတ်မရှိဘူး
   ရောလွန်းရင်ပေါတယ်၊ ခွေးလေးအရောဝင်ရင် ပါးလျက်နားလျက် လုပ်ခံရမယ် ဆိုတဲ့ အဖြစ်မျိုးတွေကို သင်ကြောက်မယ်။ အောက်ကလူတွေကို သနားနေရင် အလုပ်ပြီးမှာ မဟုတ်ဘူးလို့ သင်တွေးနေမယ်။

၂။ သင်အပြောင်းအလဲ လုပ်ရမှာကို ကြောက်မယ်
   ရှေ့ကလူတွေ လုပ်ခဲ့သမျှအတိုင်း မျှောပြီးဆက်လုပ်မယ်။ မှားနေတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းတွေကိုတောင် အမှားမှန်းသိသိနဲ့ပေတေပြီး ဆက်လုပ်နေမိမယ်။

၃။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောရမှာ ရှက်တယ်( ကိုယ်မတတ်ကြောင်း မပြောချင်ဘူး)
   ကိုယ့်ထက်တော်နေတဲ့ အောက်ကလူကို ချီးကျူးရမှာ ရှက်တယ်။ ကိုယ်မတတ်ကြောင်းပြောလိုက်ရင် ငါ့ကို ဘာမှမတတ်တဲ့သူလို့ အပြောခံရလေမလားဆိုပြီး ကြောက်မယ်။ ပညာ၊အတွေ့အကြုံ၊အသိဉာဏ်ဆိုတာ ရာထူးကြီးမှ၊ အသက်ကြီးမှ ပိုသိပိုတတ်တယ်လို့ ခံယူထားမယ်။

၄။ ဘယ်သူနဲ့ဖြစ်ဖြစ် ထိပ်တိုက်ဖြေရှင်းရမှာ ကြောက်တယ်
    ကိုယ့်ကို မှန်ကြောင်း၊မှားကြောင်း ထောက်ပြမယ့်သူကို ရှောင်မယ်၊ ကိုယ့်နားမှာ ခိုင်းလို့ရတဲ့သူတွေကိုပဲ ခေါ်ထားချင်မယ်။ ကိုယ့်ဘေးနားမှာ ပေးတာယူ၊ကျွေးတာစား၊ ခိုင်းတာလုပ်တဲ့သူတွေပဲ လိုချင်နေမယ်။

၅။ လက်အောက်ကလူတွေ လုပ်ချင်စိတ်ပေါ်အောင် မခိုင်းတတ်ဘူး
    ငါ့ကို အထက်က ဒါခိုင်းတယ်၊ မင်းတို့လဲ လုပ်ရမယ်ဆိုတဲ့စကားမျိုး သင်ပြောမယ်။ ဆဲဆိုအော်ဟစ်ပြီး ခိုင်းမယ်။ မလုပ်ရင် ခင်ဗျားတို့ အလုပ်ပြုတ်သွားမယ်လို့ ခြိမ်းခြောက်မယ်။

၆။ သင်ဟာ မပြတ်သားဘူး၊ အဆုံးအဖြတ် မပေးနိုင်ဘူး
  တစ်ခုခုကို လုပ်လိုက်ကွာလို့ ပြောပေမယ့် သင့်စိတ်ထဲမှာ စိုးကြောက်နေမယ်။ သင်လုပ်တဲ့အလုပ်တစ်ခုကို အထက်ကို တင်ပြရမှာ သင်ကြောက်မယ်။ အကြိမ်ကြိမ် ပြင်လိုက်၊ဆင်လိုက်နဲ့ သင်မဝံ့မရဲ ဖြစ်မယ်။ အမြဲတမ်း ဗျာများနေမယ်။

၇။ သင့်ဆန္ဒကိုပဲ ဦးစားပေးမယ်
    သင်ခိုင်းလိုက်တဲ့အလုပ်တစ်ခုကို လက်အောက်ကလူတွေ ဘယ်လိုလုပ်ရလဲ သင်မစဉ်းစားဘူး။ လက်အောက်ကလူတွေ စားချိန်၊သွားချိန်၊နားချိန် ဆိုတာ သင်မစဉ်းစားဘူး။ လက်အောက်ကလူတွေရဲ့ မိသားစု ရေး၊ လူမှုရေး၊ သာရေးနာရေးတွေအတွက် သင်ထည့်မစဉ်းစားပေးဘူး။ သင့်စိတ်ထဲမှာ စိတ်ကူးပေါက်ရာမှန်သ မျှ လက်အောက်ကို ခိုင်းမယ်။ သင် ထမင်းစားရေသောက် ၁ မိနစ်စာ သိချင်တဲ့ကိစ္စတစ်ခုအတွက် လက်အောက်က လူ ၁၀ ယောက်နဲ့ ၁ ရက်(၂၄ နာရီ) လုံးလုံး လုပ်နေရတာကို သင်မသိဟန်ဆောင်မယ်။

၈။ အမြဲတမ်းအလုပ်ထဲမှာပဲ နေချင်နေမယ်
  မနက်ဆို အစောကြီးရုံးကိုလာမယ်၊ ညဆို မိုးချုပ်မှ ရုံးကဆင်းမယ်။ အရေးကြီးကိစ္စမရှိဘဲ သင်အစောကြီး ရုံးရောက်နေလို့ သင်နဲ့ သင့်လုပ်ငန်းအတွက် ဘာမှပိုမထူးလာမှန်းသိသိကြီးနဲ့လာမယ်။ သင်လာတဲ့အချိန်မှာ လက်အောက်ကလူတွေလဲ လာရတယ်၊ သင်ပြန်မှ လက်အောက်လူတွေကို ပြန်ရတယ် ဆိုတာကို သင်မေ့နေမယ်။

၉။ ကတိဖျက်တတ်မယ်
   လုပ်ငန်းကိစ္စ၊ လူမှုရေးကိစ္စနဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို သင်ခဏခဏပြောင်းမယ်။ လုပ်ပေးမယ်လို့ ကတိပေးခဲ့တဲ့ကိစ္စတွေကို ခပ်တည်တည်နဲ့ မသိဟန်ဆောင်မယ်။ အရင်ကတိကို အကောင် အထည်ဖော်ပေးရမှာစိုးလို့ အမိန့်သစ်ထပ်ထုတ်မယ်၊ ဒါမှမဟုတ် မပြောရဲအောင် ခြိမ်းခြောက်ထားမယ်။

၁၀။ လက်အောက်ကို အာဏာဖြန့်ခွဲမှု မရှိဘူး
   သင့်လက်အောက်မှာ အဆင့်ဆင့်ခိုင်းစရာလူတွေ အများကြီးရှိပါလျက်နဲ့ နေရာတကာ သင်ဝင်ပါပြီး ကွပ်ကဲ စီမံနေမယ်။ ကြားအဆင့်ပျောက်ပြီး သင်နဲ့တကယ်လုပ်သူကြား တိုက်ရိုက်တွေလုပ်ရပြီး သင့်ပေါ်မှာ ဝန်တွေ ပိနေမယ်။ သင့်စိတ်ထဲမှာ သင့်ကိုယ်သင်ကလွဲပြီး ဘယ်သူမှ မယုံတော့ဘူး။

သင်ဟာ လူ ၁၀ ယောက်နဲ့အထက်ကို ကွပ်ကဲအုပ်ချုပ်ရပြီး အပေါ်က ၁၀ ချက်နဲ့ ကိုက်ညီနေတယ် ဆိုရင်တော့ သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ သတိမူပြီး ပြင်ဆင်သင့်ပါပြီ။

ဦးတိမ်

Deep Patel  ရေးတဲ့ 10 Signs You're A Terrible Leader အချက်များကို ကိုးကားပြီး သင့်လျော်သလို ရေးသားပါသည်။

No comments:

Post a Comment