ကျွန်တော်ဧည့်လမ်းညွှန်ဖြစ်ကာစ ၁၉၉၅ ခုပါတ်ဝန်းကျင်ကာလများက နိုင်ငံခြားသားများမကြာခနမေးသော မေးခွန်းတစ်ခုရှိသည် ။ထိုမေးခွန်းမှာ မြန်မာနိုင်ငံတွင်ရာဇဝတ်မှုခင်းဖြစ်ပွားနှန်းမှာ မြင့်မားပါသလားဆိုသည့်အမေးဖြစ်သည် ။ မှန်သည့်အတိုင်းဖြေရလျှင် ထိုခေတ်က မြန်မာနိုင်ငံတွင်ရာဇဝတ်မှုဖြစ်ပွားနှုန်းမှာအတော်ပင်နည်းပါသေးသည် ။ထို့ကြောင့်နိုင်ငံခြားသားများအား ကျွန်တော်တို့နိုင်ငံတွင် ခိုးမှု လောင်းကစားမှု မူးယစ်ရမ်းကားမှုကဲ့သိုသောအသေးစားရာဇဝတ်မှုများအနည်းငယ်ဖြစ်ပွားလေ့ရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားမြို့ကြီးများနှင့်စာလျှင် ရာဇဝတ်မှုဖြစ်ပွားနှုန်း နည်းပါးပါကြောင်း ပြန်ဖြေရလေ့ရှိပါသည် ။ ထိုအခါ တိုးရစ်များက ထိုသို့ရာဇဝတ်မှုဖြစ်ပွားနှုန်းနည်းပါးရခြင်းမှာ စစ်အစိုးရအုပ်ချုပ်သောကြောင့်လား ၊ သို့မဟုတ် ဗုဒ္စဘာသာကိုးကွယ်သောနိုင်ငံဖြစ်သောကြောင့်ပေလောဟုထပ်မံမေးမြန်းကြပါသည် ။ မြန်မာနိုင်ငံသူနိုင်ငံသားများသည် ဗုဒ္စဘာသာအခြေခံဖြစ်သောငါးပါးသီလကို လိုက်နာစောင့်ထိမ်းကြသဖြင့် လည်းကောင်း ၊ စစ်အစိုးရလက်ထက်တွင် အကြောက်တရားကြီးစိုးနေသောကြောင့်လည်းကောင်း နှစ်ခုစလုံးကြောင့်ဖြစ်နိုင်ကြောင်းဖြေကြားခဲ့ပါသည် ။ သို့သော် အသေးစိတ်ကျွန်တော်မဖြေကြားခဲ့သောအချက်များလည်းများစွာကျန်ရှိခဲ့ပါသည် ။ သေချာသည် ကား ထိုခေတ်ထိုကာလက မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများယခုခေတ်ကလို မများသေးပါ ။
နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာပြီးနောက် ယခုအခါတွင် ထိုမေးခွန်းကို တိုးရစ်များထပ်မံလာရောက်မေးမြန်းမည်ဆိုပါက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်းအမြင့်ဆုံးနိုင်ငံများထဲတွင်ပါဝင်နေပြီဟုပင်ထင်မြင်ပါကြောင်းဖြေကြားမိပေမည် ။ လူသတ်မု ၊ မုဒိမ်းမှု ၊ ပြန်ပေးဆွဲမှု ၊လူမှောင်ခိုမှု ၊ ရိုက်နှက်မှု ၊ဓားပြမှု ၊ ခိုးမှု ၊လက်နက်မှု စသည့်အမှုအခင်းများသည် နေ့ခင်းကြောင်တောင်လူမြင်ကွင်းမှာပင်နေ့စဉ်ရက်ဆက်မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေကြပေ၏ ။ ငါးလောင်းပြိုင်လူသတ်မှု ၊လေးလောင်းပြိုင်လူသတ်မှု ဆိုသည်များသည် ဟိုးတောကြိုအုံကြားမှာပင်မဟုတ် ရန်ကုန်မြို့ကြီးမှာပင် ဖြစ်ပွားခဲ့ပြီးယခုထက်တိုင်လက်သည်တရားခံမပေါ်ခဲ့ခြင်းဖြစ်ပေသည် ။ကြည့်မြင့်တိုင်၌ ဆရာဝန်တစ်ယောက်၏အိမ်သို့နေ့ခင်းကြောင်တောင်အနုကြမ်းဝင်စီးခြင်းမှာလည်းတရားခံလွတ်မြောက်နေဆဲဖြစ်သည် ။ခရမ်းတွင် မိန်းကလေးနှစ်ယောက်ကို အိမ်တွင်ဝင်သတ်သွားသောနှစ်လောင်းပြိုင်အမှုလည်း တရားခံဖော်နိုင်သေးခြင်းမရှိပေ ။ မုံရွာမှ သတင်းထောက်ကိုစိုးမိုးထွန်းအသတ်ခံရမှုမှာလည်း တရားခံမပေါ ်သေးပေ ။ ၃၈လမ်းမှနေ့ခင်းကြောင်တောင်အနုကြမ်းစီးမှု ၊ စမ်းချောင်းရှမ်းကုန်းလမ်းမှ ငွေလဲကောင်တာ ဓားပြတိုက်ခံရမှုစသည်ဖြင့် တနိုင်ငံလုံးတွင်တရားခံလွတ်နေဆဲရာဇဝတ်မှုများကို တန်းစီချရေးပြနေရလျှင် စာမျက်နှာ များမကုန်နိုင်အောင်ရှိပေလိမ့်မည် ။သက်ငယ်မုဒိန်းမှုကဲ့သို့သော မကြားဝံ့မနာသာအမှုများအကြောင်းပြောပြရလျှင်တစ်ထောင့်တစ်ညပုံပြင်လိုမဆုံးနိုင်အောင်ရှိပေလိမ့်မည် ။ ကျွန်တော်ပြောလိုရင်းမှာ ဒါတွေဘာကြောင့်ဖြစ်လာသလဲ ။မြန်မာနိုင်ငံဘာကြောင့်ပြောင်းလဲသွားသလဲဆိုတာဖြစ်သည် ။ အပြောင်းအလဲ၏အစမှာ ၁၉၉၆ လွန်နှစ်များက ရှမ်းပြည်နယ်နယ်စပ်ဒေသများမှ လက်နက်ကိုင်အဖွဲ့အချို့နှင့် ဗိုလ်ချုပ်ခင်ညွန့်ခေါင်းဆောင်သောစစ်အစိုးရအဖွဲ့တို့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ယူလိုက်ချိန်မှစသည်ထင်သည် ။ ထိုသို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ငြိမ်းချမ်းရေးသဘောတူညီချက်ယူလိုက်ခြင်း (အပစ်အခတ်ရပ်စဲရေးလုပ်လိုက်ခြင်းကို )လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်သည် ဟု အစိုးရဘက်ကခေါ်ဝေါ်သုံးနှုန်းခဲ့သည် ။
ယခင်အခါများစွာက မြို့ကြီးပြကြီးများသို့တရားဝင်လာရောက်ခွင့်မရခဲ့သော တောတွင်းလက်နက်ကိုင်အဖွဲ့အချို့သည် ထိုသို့လက်နက်နှင့်ငြိမ်းချမ်းရေးဆိုသော ကိစ္စကြီးအပြီးတွင် မြန်မာပြည်တွင်းသို့ စိတ်ကြိုက်ဝင်ထွက်ခဲ့ကြသည် ။ပထမဆုံးရှေ့တန်းခံတပ်စခန်းစတင်ကျဆုံးရသည်မှာမန္တလေးမြို့ဖြစ်သည် ။ မန္တလေးသည် တစ်သက်လုံးကရှိခဲ့သော မြန်မာမှု ယဉ်ကျေးမှုစံနှုန်းများနေရာတွင် အာဏာနှင့်ငွေကြေးကို စိတ်ထင်တိုင်းသုံးနိုင်သော တရုတ်စကားပြော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွေ၏ခြေရာတွေဝင်ရောက်လာသည် ။ မြေကွက်များစွာကိုမတန်တဆဈေးပေး၍ဝယ်ယူကြသောကြောင့် မန္တေလေးမြိခံရွှေဗမာတို့ အိမ်ရောင်း မြေရောင်း ခြံဝိုင်းများရောင်းကာမြို့စွန်၊ မြို့သစ်အရပ်များဆီဆုတ်ခွာရသည် ။ ဆုတ်ခွာရသည်မှာကိစ္စမရှိသေး ။ တရားမဝင်လက်နက်ကိုင်ဆောင်ထားသော ထို အလင်းဝင်သူပုန်များကို မြို့ခံ လူကောင်းသူကောင်းများကကြောက်ကြရရုံသာမက ဥပဒေဘက်တော်သားဖြစ်သော ယာဉ်ထိန်းရဲ ၊ ပြည်သူ့ရဲတို့အပေါ ်မှာပါ အထက်ကိုပိုင်သည့်အပေါက်များဖြင့် မထီမဲ့မြင် ပမာမခန့်လုပ်ကြသည် ။စစ်အစိုးရနှင့်ပါတ်သက်သော စစ်ဗိုလ်ချုပ်ကြီးများကိုသာမက ၊ အလင်းဝင်လာသော တိုင်းရင်းသားလက်နက်ကိုင်များထင်တိုင်းကြဲ သည်ကိုပြည်သူလူထုကကြောက်နေကြရသည် ။ ဤအဖြစ်အပျက်သည် မြန်မာနိုင်ငံတွင်ဥပဒေစိုးမိုးမှုပျက်သုဉ်းခြင်း၏အစ ၊ ရာဇဝတ်မှုများတိုးပွားလာရခြင်း၏အကြောင်းရင်းခံဖြစ်တော့သည် ။ မြန်မာနိုင်ငံ၏တရားစီရင်ရေးသည် ငွေနှင့်အာဏာရှိသူတို့လိုသလိုပုံဖော်၍ရသော ယန္တယားကြီးဖြစ်လာသည် ။ အာဏာသာအမိအာဏာသာအဖ ၊ငွေသာအမိငွေသာအဖဖြစ်လာသည် ။တိုင်းသူပြည်သားများသည် တရားဥပဒေအပေါ်ယုံကြည်ကိုးစားမှု ကျဆင်းလာသည် ။ အမှုတစ်မှုဖြစ်လျှင် နှစ်ပေါက်အောင်စစ်ဆေးပြီး ရယ်ရွှင်ဖွယ်ကောင်းသော စီရင်ချက်များဖြင့်အဆုံးသတ်လေ့ရှိသဖြင့် မည်သူမှ အချိန်ကုန်ငွေကုန် လူပင်ပန်းခံပြီးတရားရုံးသို့မသွားလိုတော့ ။ ရေလောင်းလျှင်နေကောင်းမည်ကို သိနေကြပြီဖြစ်၍ တရားဥပဒေကိုမကြောက်တော့တာလဲပါသည် ။ လူတစ်ယောက်ကို လူပုံအလည်တွင် ပါးရိုက်ပြီး တစ်နှစ်လောက်ကြာအောင်အမှုစစ်ပြီး ဒဏ်ငွေတစ်ထောင်ကျပ်ဖြင့်ပြီးလိုက်သော ၊လူသတ်မှုကိုလူသေမှုဟုပြောင်းလဲသတ်မှတ်လိုက်သော ၊ မိန်းကလေးတစ်ယောက်ကိုမတရားဖမ်းဆီးချုပ်နှောင် ၊ခြေထောက်ကိုသံကြိုးဖြင့်ခတ်၊ မုဒိန်းကျင့် ပြန်ပေးဆွဲငွေတောင်းခံပြီး ချုပ်နှောင်ထားသောသူကိုထောင်ဒဏ်နှစ်နှစ်သာချလိုက်သော တရားစီရင်ရေးမျိုးကိုလူတို့က အားမထားတော့တာ သိပ်ပြီးမဆန်းတော့ပေ ။ ထိုအခါ ဘာကိစ္စပဲဖြစ်ဖြစ် ဥပဒေဘောင်အတွင်းမှရှင်းဖို့ထက် မိမိဘာသာ ဟာမူရာဘီ၏ကိုဓ ဥပဒေဖြင့် ကိုယ်တိုင်စီရင်သော ဓလေ့များဖြစ်ပေါ ်လာလေသည် ။ကိုယ်တိုင်ဒါးဖြင့်ခုတ်ကြသည်။ကိုယ်တိုင်တုတ်ဖြင့်ရိုက်ကြသည်။ကိုယ်တိုင်စကေဘာဖြင့်ထိုးကြသည်။ ကိုယ်တိုင်အက်ဆစ်ဖြင့်ပက်ကြသည် ။ကိုယ်တိုင်အုပ်စုဖွဲ့၍ရိုက်ကြသည် ။
အခြားတစ်ဖက်တွင် မြန်မာနိုင်ငံဝယ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည် အနှစ်နှစ်ဆယ်ကာလအတွင်းတရှိန်ထိုး မြင့်မားလာသည် ။ထိန်းချုပ်၍မရလောက်အောင်ပင် ဖြစ်သည် ။ မူးယစ်ဆေးဝါးအမှုများတွင် သုံးစွဲသူများ ၊ အနည်းငယ်လက်ဝယ်တွေ့ရှိသူများသာ ဥပဒေအတိုင်းစီရင်ခံရသည် ။ တန်နှင့်ချီ၍ထုတ်လုပ်သူများ ၊ ကားအစီးလိုက် သယ်ယူပို့ဆောင်သူများ ၊ ပင်ရင်းထုတ်လုပ်သူများမှာ (မည်သည့်နည်းနှင့်မှန်းမသိ)လွတ်နေလေ့ရှိသည် ။တခါတရံဖမ်းဆီးရမိသောအလွန်များပြားသည့် မူးယစ်ဆေးဝါးများမှာလည်းပိုင်ရှင်မဲ့ဟူ၍ထူးဆန်းစွာဖြစ်နေလေ့ရှိသည် ။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသည် ယခင်က အရက်၊ဆေးခြောက်၊ဘိန်းမဲ ၊ဘိန်းဖြူ အဆင့်များသာရှိရာမှ ယခုအခါ ဘိန်းနှင့် စိတ်ကြွရူးသွပ်ဆေးပြား မှာရှေ့တန်းသို့ရောက်လာသည် ။ယခင်က မူးယစ်ဆေးဝါးရရှိရန်ဝေးလံခေါင်ဖျားသောနေရာများတွင်အရောင်းအဝယ်လုပ်ကြသော်လည်း ယခုအခါ WY ဆေးပြား များမှာ စာသင်ကျောင်းအနီးမှာပင်လွယ်လွယ်ကူကူဝယ်လို့ရသည် ။ ပါရာစီတမောထက်ပင်ပေါပေါပဲပဲရှာရလွယ်လာသည်။ ရိုးရှင်းသောဖြစ်စဉ်အရ ဆေးသုံးသူသည် ဆေးဖိုးငွေလိုသည် ။ထိုငွေကို နေ့စဉ်မတတ်နိုင်လျှင်မရရအောင်ရှာမည် ။ ထိုအခါ ဆိုင်ကယ်ခိုးမှု ၊ ဖုန်းခိုးမှု မှသည်ဖောက်ထွင်းမှု ။လုယက်မှု ၊ လူသတ်မှုအထိကျူးလွန်လာကြတော့သည် ။ ဤကားဒုစရိုက်မှုများ များလာရခြင်း၏အကြောင်းတစ်ချက်ပင်တည်း။ မြွေပူရာကင်းမှောင့်အဖြစ်ရာဇဝတ်မှုထူပြောဖို့ထပ်မံအားဖြည့်ပေးသောအချက်မှာ သမ္မတဦးသိန်းစိန်လက်ထက် အကြိမ်ကြိမ်ပေးခဲ့သည့်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များဖြစ်သည် ။ နိုင်ငံရေးအကျဉ်းသားများလွှတ်ေပေးရန်နိုင်ငံတကာမှတောင်းဆိုမှုကိုမျက်လှည့်ပြရန် သမ္မတဦးသိန်းစိန်နိုင်ငံခြားသွားကာနီးတိုင်း (သို့မဟုတ်) နိုင်ငံတကာခေါင်းဆောင်များမြန်မာနိုင်ငံလာကာနီးတိုင်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းသားထောင်ပေါင်းများစွာကိုလွှတ်ပေးလေ့ရှိသည် ။ထိုအထဲတွင် တကယ့်နိုင်ငံရေးအကျဉ်းသားအစစ်မှာ ဆယ်ဂဏန်းလောက်သာပါပြီး ရာဇဝတ်မှုအကျဉ်းသား ခိုးဆိုးနှိုက် လူသတ် မုဒိမ်းသမားများသာ အဓိကပါဝင်ခဲ့သည် ။ သမ္မတဦးသိန်းစိန်၏ မျက်လှည့်ပွဲကြီးအောင်မြင်လားမအောင်မြင်လားတော့မသိ ၊တိုင်းပြည်မှာတော့ လူဆိုးသူခိုးများ အရည်အတွက်ရုတ်တရက်မြင့်တက်သွားရချေ၏ ။ ယခုအခါ မြန်မာနိုင်ငံ၏တရားစီရင်ရေးသည် လုံးဝကိုချွတ်ခြုံကျကာပျက်စီးခဲ့ပြီဖြစ်သည် ။ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသော လူငယ်တစ်ဦးနှင့် ကျွန်တော်စကားပြောခွင့်ရစဉ် သူပြောသောစကားမှာ အတော်ကို မှတ်သားစရာကောင်းသည်။
“အကြောင်းမသိခင်ကသာ ရှေ့နေတွေ ကိုယ့်အတွက်တရားခွင်မှာဘာတွေပြောသလဲဆိုတာစိတ်ဝင်စားနေတာ ၊ အခုဆို တရားခွင်မှာရှေ့နေတွေ ပြောချင်တာပြော ၊ တရားသူကြီးပြောချင်ရာပြော ကျွန်တော်စိတ်မဝင်စားဘူး ။အဓိကကတော့ တရားသူကြီးကိုပိုက်ဆံများများသွားပေးနိုင်ရင် ပြီးသွားပြီ ။စွဲချက်ပုဒ်မတွေကိုလျှော့လို့ရတယ် ။အယူခံမှာ ထောင်ကျမယ့်နှစ်ကို လျှော့လို့ရတယ် ။ကံကောင်းရင်ကွင်လုံးကျွတ်တောင်လွတ်နိုင်သေးတယ် ။ မြန်မာပြည်မှာရေလောင်းရင်နေကောင်းသွားတာပဲ “
သူ့အယူအဆမှာ မှန်နေသည်ဟုပြောနိုင်သောအချက်ကိုသက်သေပြချင်သည် ။
ကျွန်တော့် သူငယ်ချင်းတစ်ယောက်သည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်စီရင်ခြင်းခံရကာ ရဲဘက်စခန်းသို့ပါသွား၏ ။ သူဒုက္ခရောက်နေပြီထင်ပြီး ဧည့်သည်အဖြစ်သွားတွေ့သောကျွန်တော်မှာ သူနေထိုင်ရသောအခြေအနေကိုမြင်တော့ အံ့သြသွားသည် ။ သူသည်ရဲဘက်စခန်းတွင်စခန်းတာဝန်ခံကို လိုင်းဝင်လိုက်ရာ သူနေထိုင်သော အိမ်ကိုသူ့ဘာသာ တဲကလေးဆောက်နေ၏ ။ တဲထဲတွင် မွေ့ယာနှင့် ခေါင်းအုံးအကောင်းစားနှင့်ဂွမ်းစောင်နှင့်သာမက လက်တော့ပ် ကွန်ပျူတာပင်ကိုင်နိုင်သေးသည် ။ ရေချိုးရာတွင်လည်း ရေချိုးခန်းနှင့်ခေါင်းလျှော်ရည် ဆပ်ပြာ ဗူးအကောင်းစား အမျိုးမျိုးနှင့် ဟိုတယ်လိုပင်ဖြစ်နေသည် ။ ထမင်းစားရာတွင်လည်း ဂက်စ်မီးဖိုနှင့်စားသောက်စရာအမျိုးမျိုးကိုကိုယ်တိုင်ချက်ပြုတ်စားသောက်သည် ။ ငွေကြေးမတတ်နိုင်သူများအတွက်ထောင်ကျခြင်းသည်ငရဲသို့ရောက်နေရသလိုရှိမည်ဖြစ်သော်လည်း ပိုက်ဆံတတ်နိုင်သူများထောင်ကျခြင်းသည် ဟိုတယ်တွင်ပျော်ပွဲစားထွက်နေဘိသည့်အလားပင်ဖြစ်သည် (ဓာတ်ပုံသက်သေများတင်ပေးလိုက်သည်)။ဇနီးမယားကိုခေါ ်အိပ်၍ရသည်။ အနီးဆုံးမြို့သို့ ဘီယာထွက်သောက်၍ရသည် ။အချို့ကအိမ်သို့ပင်ခိုးပြန်ခွင့်ရသည် ။ဘာပဲဖြစ်ဖြစ် ငွေက ဥပဒေနှင့် ကန့်သတ်ချက်များကို လွှမ်းမိုးကျော်လွန်နေဆဲဖြစ်သည် ။
ထိုအချက်များသည် ယနေ့ ထက်တိုင်မပြောင်းလဲသေးပဲတည်မြဲနေပါကြောင်း။
သရဝဏ်(ပြည်)
သူရိယနေဝန်းဂျာနယ်
၂၀.၁၁.၂၀၁၇
No comments:
Post a Comment