လွှတ်တော်သက်တမ်းနှစ်နှစ်အလွန်မှာအန်အယ်လ်ဒီအစိုးရညံ့သတဲ့။
အမတ်တချို့အရည်အချင်းမပြည့်မီဘူးဆိုတဲ့ဝေဖန်သံတွေအတော်များ
များကြားရပါတယ်။ထို့အတူပေါက်ပေါက်ဖောက်သလိုဆဲသံတွေ
လည်း၊ကြားပေသပေါ့ဗျာ။နိုင်ငံ့အရေးမို့ဝေဖန်တာကိုကြိုဆိုပါတယ်။
သို့သော် အစိုးရပြုတ်ကျပြီးရောဆိုတဲ့ မသမာသူများရဲ့ ဝေဖန်ရေး
ယောင်ယောင် အပုတ်ချတာတွေကိုတော့လုံးဝဆန့်ကျင်ပါတယ်။
ကျွန်တော်ကတော့ ရိုးရိုးလေးပဲစဉ်းစားပါတယ်။ကျွန်တော်တို့လူမျိုး
အများစုဟာဘယ်အစိုးရတက်တက် ကိုယ်ထမင်းနပ်မှန်ဖို့သာအရေးကြီး
တယ်လို့ယူဆခံယူကြတဲ့လူမျိုးပါ။
တကယ်လို့သာ(၁၉၆၂)ခုနှစ်ကနေစပြီး၊နိုင်ငံ့အာဏာအရပ်ရပ်ကိုဇွတ်
အတင်းအဓမ္မသိမ်းယူခဲ့တဲ့ စစ်အစိုးရအဆက်အဆက်သာ၊တကယ်တမ်း
တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ခဲ့ရင်၊အတိုက်အခံပါတီ
ဆိုတာပေါ်လာစရာအကြောင်းမရှိပါဘူး။အန်အယ်လ်ဒီပေါ်လာစရာမရှိ
ဘူး။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နိုင်ငံရေးထဲကိုဝင်ရောက်လာ
စရာအကြောင်းမရှိပါဘူး။
ဒါပေမဲ့ စစ်အစိုးရသက်တမ်းနှစ်ပေါင်း(၃၀)ခန့်အကြာမှာ၊မြန်မာဟာ
ကမ္ဘာအမွဲဆုံးနိုင်ငံဖြစ်ခဲ့တဲ့အပြင်၊နောက်ထပ်စစ်အစိုးရနှစ်ဆက်ကြောင့်
ဖွတ်သထက်ညစ်ခဲ့ရတဲ့အခြေအနေကိုဆိုက်ခဲ့ရတာကြောင့်၊လှည်းနေ
လှေအောင်းမြင်းဇောင်းမကျန် စစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတာပါ။
လက်ရှိအစိုးရအဖွဲ့မှာတာဝန်ယူနေသူအများစုဟာ၊စစ်အစိုးရခေတ်က
သူပုန်စာရင်းအသွင်းခံရတဲ့သူတွေပါပဲ။သူတို့ဟာ စစ်အစိုးရကို၊ဘဝတွေ
စတေးပြီး၊ဆန့်ကျင်ခဲ့ကြတယ်။တိုက်ခဲ့ကြတယ်။အခုတိုင်းပြည်တည်
ဆောက်ရေးတာဝန်ကိုယူနေကြရပြန်ပြီ။ဘဝသက်တမ်းရဲ့ထက်ဝက်နီး
ပါးထောင်ထဲမှာသာ အချိန်ကုန်ခဲ့သူတွေအနေနဲ့၊ဘယ်လိုလုပ်ဒေါင်ဒေါင်
မြည်အရည်အချင်းရှိပါ့မတုန်း။ချို့ယွင်းချက်အားနည်းချက်တွေရှိနေတာ
သိပ်သဘာဝကျပါတယ်။
ဒါ့အပြင်၊ဒီမိုကရေစီနဲ့အဝေးကြီးဝေးပြီးစစ်အစိုးရရဲ့ထမ်းပိုးတုံးအောက်
မှာသာကျင့်သားရနေခဲ့တဲ့မြန်မာပြည်မှာလွှတ်တော်နိုင်ငံရေးကို ကျွမ်းကျင်နှံ့စပ်တဲ့အမတ်ရယ်လို့ အခုအခြေအနေအထိဘယ်ပါတီမှာမှမရှိပါဘူး။
တချို့ကဆိုကြမယ်။ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာသိသာ
မြင်သာတဲ့ပြောင်းလဲမှုတွေရှိကြောင်းပေါ့။ဟုတ်ကဲ့။ဦးသိန်းစိန်ဟာ
ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပါတယ်။သူ့အစိုးရနောက်မှာစစ်တပ်က
ကျောထောက်နောက်ခံပေးထားပါတယ်။ဦးသိန်းစိန်အစိုးရလုပ်သမျှ
ကို၊ဘာသာရေးလူမျိုးရေးခေါင်းစဉ်တပ်ပြီး၊တို့မီးရှို့မီးမျိုးစုံနဲ့အဖျက်
အမှောင့်လုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့မရှိပါဘူး။
တကယ်လို့သာ တပ်မတော်အနေနဲ့၊လုပ်ငန်းကျွမ်းကျင်မှုအားနည်းတဲ့၊
လက်ရှိလူထုအစိုးရကိုအားတက်သရောဝန်းရံခဲ့မယ်ဆိုရင်၊ဘယ်အကြပ်
မတည်းမဆို၊မြန်မြန်ဆန်ဆန်ထိုးဖောက်ဖြတ်ကျော်နိုင်မှာပါ။
(၂၀၀၈)ဖွဲ့စည်းပုံကိုမပြင်ချင်သေးသည်ထား။စစ်တပ်အနေနဲ့လူထုအစိုးရ
ရဲ့သြဇာကိုနာခံလိုက်ရင်၊ပြသနာအတော်များများပြီးသွားနိုင်ပါတယ်။
တဆက်တည်းဆိုသလိုအရည်အချင်းမပြည့်မီတဲ့တချို့အမတ်တွေ၊
ဝန်ကြီးတွေ၊ဝန်ကြီးချုပ်တွေကိုလည်း၊ထုတ်ပယ်အစားထိုးသင့်တာ
ကိုလည်း၊ကျွန်တော်လက်ခံပါတယ်။အမတ်တွေအရည်အချင်းမြင့်ဖို့
လိုတာကိုလည်းကျွန်တော်မငြင်းပါဘူး။
အခုတော့ စစ်တပ်ဟာလူထုရွေးချယ်တဲ့အစိုးရရဲ့သြဇာကိုမနာခံဘူး။
လူထုမုန်းလှပါချည့်ရဲ့ဆိုတဲ့ကြံ့ခိုင်ရေးပါတီဘက်ကိုပင်းတယ်။ဘာသာ
ရေးလူမျိုးရေးမုန်းတီးမှုတွေဖြစ်လာအောင် နည်းမျိုးစုံနဲ့သွေးထိုး
လှုံ့ဆော်နေတဲ့အဖွဲ့တွေရဲ့နောက်မှာ၊ပြောင်ပြောင်တင်းတင်းရပ်တယ်။
မူးယစ်ဆေးဝါးမှုမျိုးစုံ၊အထင်ကရရာဇဝတ်မှုတွေကို သိသိကြီးနဲ့
မဖော်ထုတ်ဘူး။ဦးကိုနီအသတ်ခံရမှုမှာဆိုရင်၊စစ်ဗိုလ်ချုပ်ကြီးတွေ
ကိုယ်တိုင်ကြိုးကိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေရှိတယ်။
(အဲဒီအမှုရဲ့တရားခံတွေကတော့ ရုံးထုတ်ချိန်တွေမှာ မင်းသားဒီဇိုင်း
တွေနဲ့မြင်နေရတုန်း။)
စစ်တပ်ကိုယ်တိုင်ဖျက်မြင်းထဲမှာ၊ထဲထဲဝင်ဝင်ပါနေတဲ့တိုင်းပြည်မှာ
လွှတ်တော်အသုံးမကျဘူး။အမတ်တွေအသုံးမကျဘူးအပြောခံရတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာလည်း စစ်တပ်ကျောထောက်နောက်ခံပေးထားသူတွေရဲ့ မကြားဝံ့မနာသာဆဲဆိုတာတွေခံရတယ်။ဘာဆန်းသလဲဗျာ။
ကျွန်တော့်အနေနဲ့ကတော့၊ပေါက်ပင်ကိုင်းတာဗျိုင်းနားလို့ ဆိုတဲ့အတွေးနဲ့တင်၊ရပ်မနေချင်ဘူး။နှစ်ပေါင်းငါးဆယ်ကျော် သူခိုးဓားပြတွေဆူပူသောင်းကျန်းခဲ့ကြလို့၊လက်ရှိမှာလည်း စစ်တပ်က သူခိုးဓားပြတွေဘက်ကနေရပ်နေဆဲပဲမို့၊ပေါက်ပင်ကိုင်းနေရတယ်လို့သာ၊ကျွန်တော်ယူဆပါတယ်။
ဇင်ဘာဘွေစစ်တပ်ခေါင်းဆောင်လို ပြည်သူ့လူထုဖက်ကနေ၊ရပ်ရဲတဲ့စစ်ခေါင်းဆောင် ကျွန်တော်တို့နိုင်ငံမှာမရှိဘူးထင်ပါရဲ့။ ။
မင်းဒင်
No comments:
Post a Comment