တပ်မတော် aka စစ်တပ်ဟာ အမျိုးသားနိုင်ငံ Nation-state တခုမှာ မရှိမဖြစ်တဲ့ ဒေါက်တိုင် အဖွဲ့အစည်း Institution တခု...
ဒါပေမယ့်... သူ့ချည်းသာလော...
အမျိုးသားနိုင်ငံတခုအတွက် မရှိမဖြစ်တာမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အခြားဆေးဘက်ဝန်ထမ်းတွေရော မပါဘူးလား... လယ်သမား၊ ယာသမား၊ ကိုင်းသမားတွေ၊ ရဲဝန်ထမ်းတွေ၊ မီးသတ်သမားတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ စာရင်းကိုင်တွေ၊ ရုံးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ ကုန်သည်တွေ၊ တပိုင်တနိုင် လုပ်ငန်းရှင်တွေ၊ ဘတ်စ်ကား ဒရိုက်ဘာနဲ့ စပယ်ယာတွေ၊ ယုတ်စွအဆုံး ဆိုက်ကားသမား၊ သန့်ရှင်းရေး အလုပ်သမားနဲ့ ဆိပ်ကမ်းက ကူလီတွေတောင် အဆိုပါ အမျိုးသားနိုင်ငံတော်ကြီးမှာ မပါဘူးလား...
စစ်သားတွေချည်းသက်သက်နဲ့သာ ဖွဲ့စည်းထားသော အမျိုးသားနိုင်ငံတော်ကြီးလား...
စစ်တပ်သည်သာ မရှိမဖြစ် နံပတ်တစ် လိုအပ်တဲ့ အဖွဲ့အစည်းအဖြစ် ယုံကြည်နေသူတွေ ဘာကြောင့် အများအပြား ရှိနေသလဲ... (၁) "တပ်မတော်သာအမိ၊ တပ်မတော်သာအဖ" "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" စသဖြင့် နှစ်ပေါင်းခြောက်ဆယ်ကျော် မျိုးဆက်နှစ်ဆက်စာ ဝါဒဖြန့်ခံရမှု၊ (၂) စစ်တပ်အာဏာအပေါ် တုပြိုင်နိုင်လောက်အောင် ခေါင်းထောင်လာတဲ့ Institution ဟူသမျှ (ဥပမာ - သံဃာ Institution၊ ကျောင်းသား Institution) စသည်တွေကို အမြစ်ဖြတ် ရိုက်ချိုးချေမှုန်းခံရမှု.... အခြား Contributing factor တွေလည်း အများအပြား ရှိကောင်းရှိမှာပေမယ့် အထက်ပါ အချက်နှစ်ချက်က အဓိက တာသွားမယ် ထင်ပါတယ်...
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ စစ်တပ်သည်သာ တခုတည်းသော အားကောင်းခိုင်မာစွာ ထီးထီးရပ်တည်နိုင်တဲ့ Institution ဖြစ်နေတယ်... ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီးရယ်၊ ၁၉၆၂ စစ်အာဏာသိမ်းပြီးကတည်းက အခြား Institution ဟူသမျှကို အမြစ်က ဖြိုချပြီး စစ်တပ် Institution တခုတည်းကိုသာ အားကောင်းသထက်ကောင်းအောင် နိုင်ငံ့ဘဏ္ဍာနဲ့ သယံဇာတတွေ ပုံအောတည်ဆောက်ဖို့ ကြိုးစားမှုတွေရယ်ဟာ စစ်ဘောင် ကျယ်သထက်ကျယ်ပြီး အရပ်ဘက်ဘောင် ကျဉ်းသထက် ကျဉ်းစေတဲ့ လက်ရှိအခြေအနေ ဖြစ်လာစေအောင် တွန်းပို့ပေးတယ်...
အမျိုးသားနိုင်ငံတခုအတွက် မရှိမဖြစ် လိုအပ်သော Tool တခုဖြစ်တဲ့ စစ်တပ်ဟာ၊ စစ်တပ်အတွက် နိုင်ငံ့ခန္ဓာရဲ့ အသွေးအသားတွေကို စုပ်မြိုစားသောက်နေတဲ့ Parasite ဖြစ်လာတယ်... နိုင်ငံက စစ်တပ်ကို အသုံးချတာ မဟုတ်တော့ဘဲ စစ်တပ်က နိုင်ငံကို အသုံးချတာ ဖြစ်လာတယ်...
စစ်တပ်ရဲ့ မျိုးဆက်သစ်ခေါင်းဆောင် ဖြစ်ပါတယ်ဆိုတဲ့ ဗခမက မင်းအောင်လှိုင်ရဲ့ Intellect နဲ့ Vision အပေါ် ဒီနေရာမှာ မဝေဖန်လိုပေမယ့် ထိုပုဂ္ဂိုလ်သည် ဘယ်လောက် ရိုးသားမှု ရှိသလဲအပေါ် (၁) ၂၀၀၈ ခြေဥအပေါ် ထောက်ခံမှု ရာခိုင်နှုန်း (၂) တပ်ချုပ်ရာထူး အငြိမ်းစားယူရေး အသက်ပြင်ဆင်မှု၊ ဒီနှစ်ချက်နဲ့ မူတည်ပြီး မေးခွန်းထုတ်လိုပါတယ်...
တပ်မတော်အပေါ် မထောက်ခံသည် ဆိုရာဝယ်...
စစ်တပ်အပေါ် နိုင်ငံက ထောက်ခံဖို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘီလ်ဂိတ်နဲ့ ဝါရင်းန်ဘတ်ဖတ်(တ်)အပေါ် လှိုင်သာယာ မီးခွက်ဈေးက သူတောင်းစားတယောက်က ထောက်ခံသလိုပဲ ဖြစ်လိမ့်မယ်... နိုင်ငံအတွက် ဆရာဝန်တောင် မလုံလောက်ချိန်၊ အလုပ်သမားက ကုန်ဈေးနှုန်းတက်လို့၊ လယ်သမားက မြေသိမ်းခံရလို့ ပျားတုပ်နေချိန်မှာ စစ်တပ်က သူ့ဆရာဝန် သူ့ကိုယ်ပိုင်တက္ကသိုလ်နဲ့ ထုတ်လုပ်နေပြီး၊ စစ်တပ်ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေက စီးပွားရေးကို ကောင်းကောင်း လက်ဝါးကြီးအုပ် အပိုင်စီးထားတယ်... (အောက်ခြေတပ်မတော်သားတွေရဲ့ လုပ်ခလစာရိက္ခာ မလုံလောက်မှုနဲ့ စစ်တပ် Institution ရဲ့ လက်ဝါးကြီးအုပ်မှုကို ကွဲကွဲပြားပြား မြင်အောင်ကြည့်ပါ)
ဖြစ်နိုင်မယ်သာဆိုရင် နိုင်ငံက တပ်မတော်အပေါ် ထောက်ခံရမှာ မဟုတ်ဘဲ တပ်မတော်ကသာ နိုင်ငံအပေါ် ထောက်ခံစာနာကြောင်း "ထောက်ခံပွဲကြီးတွေ" နိုင်ငံတလွှား ဝှဲချီးကျင်းပသင့်ကြောင်းပါ...။
Credit Pyae Phyo Kyaw
ကင်ဆာ လိုပဲ။ ကင်ဆာ ဆဲလ် ဆိုတာလဲ ခန္ဓာကိုယ် အတွက် လိုအပ် တဲ့ ဆဲလ် တွေပါပဲ။ လိုအပ်တာထက် ပို ပွားလာတဲ့ အခါ ခန္ဓာကိုယ် ကို ဒုက္ခပေးရာရောက်တယ်။ တစ်ခြားသော ဆဲလ်တွေရဲ့နေရာကိုပါ ရောက်ကုန်ရင် အကုန် ဒုက္ခပေးရောပဲ။
ReplyDelete