Twitter Bird Gadget

Saturday, November 11, 2017

Freedom of Speech Vs. Freedom of Belief

လွတ်လပ်ပြီး ယဉ်ကျေးမှုမြင့်တဲ့ လူ့ဘောင်တွေမှာ လွတ်လပ်စွာပြောဆိုခွင့် (Freedom of speech) ကို Universal value တခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အကြောင်းရင်းတွေ များစွာ ရှိမှာပါ။ အဲဒီထဲကမှ ဘာသာရေးယုံကြည်မှု၊ ဘာသာရေးအယူအဆတွေနဲ့ ပတ်သတ်တဲ့ အကြောင်းရင်းတခုကို အနည်းငယ် တို့ထိကြည့်ချင်ပါတယ်။

လွတ်လပ်စွာယုံကြည်ခွင့် (Freedom of belief)

အာဏာရဲ့ သဘာဝဟာ လူရဲ့ အကျင့်စာရိတ္တကိုရော စဉ်းစားဆင်ခြင်နိုင်စွမ်းကိုပါ တိုက်စားလျော့ပါးစေတဲ့သဘော ရှိတတ်ပါတယ်။ အလုံးစုံ အာဏာဟာ လူတယောက်ရဲ့ အကျင့်စာရိတ္တကိုရော စဉ်းစားဆင်ခြင်နိုင်စွမ်းကိုပါ အလုံးစုံ ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွေမှာ အစိုးရအာဏာကို မည်သည့်လူပုဂ္ဂိုလ် တဦးတယောက်ဆီမှာမှ၊ မည်သည့်အဖွဲ့အစည်းတခုဆီမှာမှ အလုံးစုံ ပုံအပ်ထားခြင်း မရှိဘဲ အာဏာခွဲဝေပိုင်းခြားမှုတွေ၊ Checks and balances တွေ၊ လူနည်းစု အခွင့်အရေး၊ ပုဂ္ဂလိကရပိုင်ခွင့်တွေနဲ့ အစိုးရအာဏာကို ကန့်သတ်ချုပ်နှောင်ထားခြင်း ဖြစ်ပါတယ်။

လွတ်လပ်စွာယုံကြည်ခွင့်ဟာ အခြေခံကျတဲ့ ပုဂ္ဂလိကရပိုင်ခွင့် (Individual right) တခု ဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သတ်ပြီး ဘာကိုပဲယုံယုံ၊ ကျောက်တုံးကြီး လေပေါ်ဝဲတယ်ပဲ ယုံချင်ယုံ၊ ရုပ်ထုကြီးက မျက်လုံးမှိတ်ပြတယ်ပဲ ယုံချင်ယုံ၊ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိသလို မယုံကြည်ခွင့်လည်း အလားတူ ရှိနေပါတယ်။ အဆိုပါ ယုံကြည်ခွင့်/မယုံကြည်ခွင့်တွေရဲ့ အကန့်အသတ်အနေနဲ့ အခြားလူတွေရဲ့ ပုဂ္ဂလိကရပိုင်ခွင့်တွေအပေါ် လွန်ကျူးနစ်နာစေတာ မရှိဖို့ စည်းသတ်မှတ်ထားပြီးဖြစ်ကြောင်းလည်း သတိပြုသင့်ပါတယ်။

မည်သည့်အိုက်ဒီယာအပေါ်မဆို မည်သူကဖြစ်စေ လွတ်လပ်စွာယုံကြည်ခွင့် နှင်းအပ်ထားရင် မည်သည့်အိုက်ဒီယာအပေါ်မဆို မည်သူကဖြစ်စေ လွတ်လပ်စွာဝေဖန်ခွင့် အလားတူအပ်နှင်းထားဖို့ လိုပါလိမ့်မယ်။ တဘက်မှာ ဘာသာရေးယုံကြည်မှုဟာ ဘယ်သူ့အတွက်မဆို Sensitive ဖြစ်လေ့ရှိတတ်တာ သတိထားဖို့လိုသလို အခြားတဘက်မှာ ဘာသာရေးနဲ့ ပတ်သတ်သမျှ ဘာမှဝေဖန်ခွင့်မရှိကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ပိတ်ပင်တာဟာ လွတ်လပ်စွာယုံကြည်ခွင့်ကိုပါ တိုက်စားလျော့ပါးစေတာဖြစ်ကြောင်း နားလည်ဖို့ လိုပါလိမ့်မယ်။

လွတ်လပ်စွာယုံကြည်ခွင့်ကို အလုပ်ဖြစ်စေတဲ့ အထိန်းအထေဟာ လွတ်လပ်စွာပြောဆိုခွင့်ဆိုရင် Freedom of speech ရဲ့ အထိန်းအထေဟာ အဆိုပါ Speech ရဲ့ အကျိုးဆက်တွေ ဖြစ်ပါလိမ့်မယ်။ ဘယ်သူမဆိုဟာ ဘယ်အကြောင်းအရာကိုမဆို လွတ်လပ်စွာပြောဆိုခွင့် ရှိရင်တောင်မှာ အဆိုပါအကြောင်းအရာကို ပြောခြင်း/မပြောခြင်းရဲ့ Consequences အကျိုးဆက်၊ ကောင်းကျိုးဆိုးကျိုးတွေကနေ လွန်မြောက်ကင်းလွတ်ချင်လို့ရမယ် မဟုတ်ပါဘူး။

လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်ချုပ်ချယ်နိုင်ခွင့် အာဏာကို အစိုးရဆီမှာ နှင်းအပ်ထားခြင်း မပြုဘဲ လူတဦးတယောက်ချင်းရဲ့ အခြေခံရပိုင်ခွင့်အဖြစ် လူထုလက်ထဲမှာသာ ထိန်းသိမ်းထားသင့်ပါတယ်။

No comments:

Post a Comment