မာလ်တီမီဒီယာတွေ ခေတ်စားချိန်မှာ အဘက ကွန်ပျူတာတွေလိုက်စစ်လေ့ရှိတယ်။ အဘက ကျောင်းတွေ လာရင် တိတ်တိတ်မလာပါဘူး။ ကြေညာပြီးမှလာတာ။ အဘလာတော့မယ်ဆိုရင် ရန်ကုန်ရုံးချုပ်က ပုဂ္ဂိုလ်ကြီး တွေလည်း အလုပ်ရှုပ်ရတော့တာပဲ။ အဘလာမယ်ဆိုတဲ့ကျောင်းကို ကြိုလာပြီးတော့ ဖာကြရတာ။ ပေါက်နေတာတွေကို ဖာတာပါ။ ဖာတကာ့ဖာထဲမှာ အဆိုးဆုံးက ကွန်ပျူတာဖာရတာပဲ။
အဘကြွလာတော့ ကွန်ပျူတာတွေကို စစ်မယ်ထင်ပြီး ကြိုပြင်ထားတာ။ အဘက ကွန်ပျူတာခန်းဘက် ခြေဦး မလှည့်ဘဲ စာသင်ခန်းတစ်ခန်းထဲ လှစ်ခနဲဝင်လိုက်တော့ အားလုံး မျက်လုံးပြူးကုန်ကြရတယ်။ ဇာတ်တိုက် ထားတဲ့ အထဲမှာ အဲဒီအခန်းမပါဘူး။
အခန်းထဲကို ဝင်လိုက်တော့ ဇာတ်တိုက်ထားတဲ့ ကလေးတွေ မဟုတ်လို့ “မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” တွေ “ပဉ္စဂုဏံ” တွေထည့်ပြီး နှုတ်မဆက်ကြဘူး။ ဆရာမလေးကကြောက်ကြောက်နဲ့ နှုတ်ဆက်ခိုင်းလိုက်တော့ “မင်္ဂလာပါ” ဆိုတာလောက်ပဲ ထွက်လာတယ်။
ဘဘဗိုလ်ချုပ်ကြီးက
“သားတို့ သမီးတို့ ဘာတွေ သင်နေသလဲ”
“မြန်မာစာ”
“ဘာအကြောင်းလဲ”
“ဝက်ကျ (ဝါကျ) ဖွဲ့နေကြတာ”
“ဟာ … ကောင်းတာပေါ့ … ဘဘလည်း ဝါကျဖွဲ့တာ စိတ်ဝင်စားတယ်။ ဘဘကို စာလုံးတစ်လုံးလောက် ဝါကျ ဖွဲ့ပြမလား”
ဘဘက မြောက်တောက် မြောက်တောက်နဲ့ မြေဖြူလေးကောက်ကိုင်ပြီး ဘောပေါ်မှာ (အာဇာနည်) ဆိုတဲ့ စာလုံးကို ရေးလိုက်တယ်။
“ကဲ … အဲဒီ စာလုံးကို ဝါကျဖွဲ့ပြစမ်း”
ဘယ်တုန်းကတည်းက စိတ်ပျက်နေသလဲမသိတဲ့ ကလေးတစ်ယောက်က ထပြီးတော့
“ဝက်ကျလို့ထွက်ရတယ်”
“သြော် … အေးအေး … မင်းတို့ပြောတဲ့ ဝက်ကျ”
ဘဘကနောက်သလိုပြောင်သလို လုပ်လိုက်တော့ အပြင်မှာရင်တထိတ်ထိတ်နဲ့ ရပ်နေတဲ့သူတွေက မရယ်ချင့် ရယ်ချင် လိုက်ပြီးတော့ “ဟဲ … ဟဲ … ဟဲ” လိုက်ကြတယ်။
ဘဘက ကျောင်းသားတစ်ယောက်ကို လက်ညှိုးထိုးလိုက်ပြီး
“သားပြောချင်နေပြီနဲ့တူတယ်”
“ဟုတ်ကဲ့”
“ပြောလေ”
“ကျွန်တော်သည် အာဇာနည်သီချင်းများကို အလွန်ကြိုက်ပါသည်”
ဘဘက မျက်လုံးပြူးလိုက်ပြီး
“ဟ … ဘယ်ဆိုးလို့လဲ … မေလှမြိုင် သီချင်းတွေကြားဖူးထားပုံရတယ်။ နောက်တစ်ယောက်”
“ကျွန်တော်သည် အာဇာနည်၏ သနပ်ခါးချစ်သူကို အလွန်ကြိုက်ပါသည်”
ဘဘ မျက်လုံးပိုပြူးသွားတယ်
“ဆရာမ ဘာတွေ ပြောနေတာလဲ။ ကလေးတွေကို ဘာတွေသင်ထားသလဲ”
“သူတို့က အာဇာနည် ခရေဇီတွေ ဗိုလ်ချုပ်ကြီးရှင့်”
“ခင်ဗျား ဘယ်က အာဇာနည်ကို ပြောတာလဲ”
“ဗိုလ်ချုပ်ကြီးကလည်း အာဇာနည်လို့ပြောလိုက်ရင် ဘယ်သူရှိရဦးမှာလဲ။ ကျွန်မလည်း သူ့သီချင်းတွေ အရမ်းကြိုက်။ တစ်တန်းလုံးလည်းကြိုက်။ ဒီအတန်းမှာ အာဇာနည်မကြိုက်တဲ့သူတွေ တစ်ယောက်မှ မရှိဘူး”
ဘဘစိတ်တွေတို၊ မျက်လုံးတွေနီလာပြီ။ ဒေါသကိုထိန်းရင်းနဲ့ ကျောင်းအုပ်ဆရာမကြီးဘက်လှည့်လိုက်ပြီး
“ဆရာမကြီး … ဘာတွေဖြစ်နေတာလဲ ခင်ဗျားကလေးတွေက အာဇာနည် ခရေဇီတွေတဲ့။ ဘာတွေဖြစ် ကုန်တာလဲ။ ဘာ အာဇာနည်လဲ”
“ဗိုလ်ချုပ်ကြီးကလည်း ဘာအာဇာနည်ရမှာလဲ။ ဒီလောက် တစ်တိုင်းပြည်လုံး ဟော့ဖြစ်နေတာ။ ကျွန်မလည်း အာဇာနည်ခရေဇီပဲ။ အိမ်က မြေးဦးလေးကိုတောင် အာဇာနည်လို့ အမည်ပေးထားတာ ဟီ ဟိ”
(အာဇာနည်ကို အပျောက်ဖျောက်ခဲ့သူများသို့)
တင်ညွန့်
၁.၁၀.၂၀၁၇
No comments:
Post a Comment