ခွေးတစ်ကောင် မကြာမကြာ ထွက်ကိုက်တယ်။ ခွေးကျင့် ခွေးကြံနဲ့ အမြဲ ချောင်းနေတာ။ ပိုင်ပြီဆိုရင် ထွက် ကိုက်တော့တာပဲ။
သူ့သခင်ကလည်း အမြဲ စိတ်ညစ်ရတယ်။ ခွေးမျိုးတော့ကောင်းပါတယ်။ ဒါပေမဲ့ တစ်ချိန်က အိမ်ကြီးအိမ် ကောင်းမှာနေခဲ့ရပြီး ဝဲစွဲလို့ မောင်းထုတ်ခံထားရတဲ့ ခွေးဖြစ်နေတယ်။
ခွေးဝဲစားကို လမ်းဘေးက သူတောင်းစားက ခေါ်မွေးထားတာ။ ဝဲလည်းကု၊ အစားလည်းကောင်းကောင်း ကျွေးတော့ ပြောင်ပြောင်ရောင်ရောင်ဖြစ်လာသပေါ့။
ဆိုးတာက ခေတ်ကောင်းတုန်းက ကောင်းကောင်းစားခဲ့ရပြီး ခုတော့ ထမင်းရည်လောက်သောက်နေရတာကို မကျေမနပ် ဖြစ်နေတာပဲ။ ဒါကြောင့် အတိတ်က ဆိုဖာကောင်းကောင်းပေါ်မှာ အိပ်ခဲ့ရတာကို ပြန်ပြန်တွေးပြီး ဂုန်နီအိတ်ပေါ်ရောက်နေရတဲ့ ဘဝ မကျေမနပ်ဖြစ်ကာ ထွက်ထွက်ကိုက်နေတာ။
ခွေးနဲ့ သူတောင်းစားပေါင်းပြီး သူတောင်းစား စိတ်ညစ်ရတယ်။ သူ့ခွေးကိုလည်း သူတောင်းစားခွေးဖြစ်သွားလို့ ခွေးသူတောင်းစားလို့ပဲခေါ်ကြတယ်။ မကြာခဏ လိုက်ရှင်းရ၊ အဆဲခံရ။ မဖြစ်တော့ဘူးဆိုပြီး ခွေးဝဲစားကို လည်ပင်းမှာ ချူဆွဲပေးထားလိုက်တယ်။ သူ့သခင်က ချူသံကြားရင် လူတွေ ရှောင်သွားနိုင်အောင်လို့ပါ။
“ချူသံကြားရင် ရှောင်ကြပါဗျိုး” လို့လည်း ကြေညာထားတယ်။
ခွေးဝဲစားကတော့ မသိပါဘူး။ သူ့လည်ပင်း ချူဆွဲပေးထားတာကို သူ့ကိုယ်သူ အဟုတ်မှတ်ပြီးတော့ ခေါင်းလေး ခါခါ လည်လေးမော့မော့ကို ဖြစ်နေတာ။
ချူသံကြားလား
“ချွင် … ချွင် … ချွင်”
ခွေးသူတောင်းစားလာနေပြီ။
တင်ညွန့်
၁.၁၀.၂၀၁၇
No comments:
Post a Comment