ကျွန်တော် ဘုန်းကြီးကျောင်းကိုရောက်တော့ ဦးဇင်းလေးက အင်္ဂလိပ်စာအုပ်တစ်အုပ်ဖတ်နေတယ်။ အဖုံးမှာ ရေးထားတာက
How to Live the Good Life
စာရေးသူ Edward Whitehead တဲ့
“တပည့်တော်လည်း ဦးဇင်းဖတ်ပြီးရင် စွန့်ကြဲဖို့ မျှော်လင့်ရတော့မှာပဲ”
“အင်း … မနေ့က ဗီယက်နမ်က ဒကာကြီးတစ်ယောက် ကျောင်းကိုရောက်လာတယ်။ သူက ဦးဇင်းကို ဒီစာအုပ် လက်ဆောင်ပေးသွားတာ။ ဦးဇင်းကလည်း ဒကာကြီးအတွက်ရည်စူးပြီး အလှူခံထားလိုက်တာ”
“ကျေးဇူးကြီးလှပါတယ်ဘုရား။ အရှင်ဘုရား ဖတ်ပြီးပြီလား”
“အကုန်မဖတ်နိုင်ပါဘူး။ ဒကာကြီး ပြန်ရင်ယူသွား။ တစ်ခန်းလောက်တော့ ဖတ်ကြည့်တယ်။ မဆိုးပါဘူး။ ယူတတ်ရင် ရစရာတွေပါတယ်”
“တပည့်တော် သိပါရစေဘုရား”
“ဒီမနက်မှာ ကောက်လှန်လိုက်တာ … ဘာကိုသွားတွေ့သလဲဆိုတော့
(ပညာတတ်ဆိုတာ သူ့ကိုယ်သူလည်း ပျော်အောင်နေတတ်တယ်။ သူတစ်ပါးကိုလည်း ပျော်အောင်ဖန်တီး ပေးတတ်တယ်။ အားလုံးပျော်အောင် စိတ်ကူးသစ်တွေ ထုတ်နေတတ်တယ်) တဲ့”
“တန်ဖိုးရှိလှပေါ့ဘုရား။ အတ္တဟိတအကျိုးထက် ပရဟိတအကျိုးကိုဆောင်ပြီး ပညာတတ်ဖြစ်အောင် လုပ်နေတာလို့ ဆိုလိုလိုက်တာပေါ့နော်”
“ဒကာကြီး … လောကမှာ အရေးအကြီးဆုံးကဘာလဲသိလား”
“အများကြီးပါဘုရား။ လူတစ်ယောက်နဲ့ တစ်ယောက်တောင် အရေးကြီးပုံချင်း တူနိုင်မယ် မထင်ပါဘူး”
“ဒကာကြီး လောကမှာ အရေးအကြီးဆုံးဟာ (RESPECT) ပဲ”
“တစ်ဦးကို တစ်ဦး လေးစားမှုကို ဆိုလိုတာလားဘုရား”
“အဲဒါထက်ပိုပြီးတော့ အဓိပ္ပာယ်လေးနက်တယ်”
“သိပါရစေဘုရား”
“Respect ဆိုတဲ့ စကားလုံး ၇ လုံးကို အဓိပ္ပာယ်ခွဲထုတ်လိုက်ရင် အများကြီး လေးနက်တဲ့ အကြောင်းအရာတွေ ပါဝင်နေတယ်”
R = Religion
E = Education
S = Succeeding
P = Productive
E = Exercise
C = Caring
T = Truthful
“တန်ဖိုးရှိလိုက်တာဘုရား”
“လူ့ဘဝမှာ လူရယ်လို့ဖြစ်လာရင် (Respect) မရှိဘဲနဲ့ ရပ်တည်လို့မရဘူး”
“တပည့်တော်နားလည်သလောက် ပြောကြည့်မယ်နော်။ ဘဝမှာ လူရယ်လို့ဖြစ်လာရင်
- ဘာသာတရားကိုးကွယ်ယုံကြည်သူဖြစ်ရမယ်
- ပညာတတ်အောင်သင်ရမယ်
- အောင်မြင်အောင်လုပ်ဆောင်နိုင်ရမယ်
- အကျိုးရှိတာတွေကိုပဲ လုပ်ဆောင်နိုင်ရမယ်
- လက်တွေ့အကျိုးရှိအောင် အသုံးချနိုင်စွမ်းရှိရမယ်
- ဂရုစိုက်ပြီး အလေးအနက်လုပ်ဆောင်နိုင်ရမယ်
- ရိုးသားဖြောင့်မတ်ရမယ်
“ဒါပေါ့ ဒကာကြီးရဲ့။ ဒကာကြီး အဓိပ္ပာယ်ဖော်လိုက်တာ အားလုံးပေါ်လွင်သွားပြီပဲ။ Respect ဆိုတာ ပြောလိုက်ရင် စကားလေးတစ်လုံးတည်းပဲ။ ဒါပေမဲ့ ယူတတ်ရင် အများကြီး”
“တပည့်တော် တစ်သက်လုံးမှတ်ယူ ကျင့်သုံးသွားပါ့မယ်ဘုရား”
“စောစောက စာအုပ်ထဲက Edward Whitehead ထက် ဦးဇင်းတို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နှစ်ပေါင်းများစွာကတည်းက ပြောသွားတဲ့ စကားတစ်ခွန်းရှိတယ်”
“ကြားပါရစေဘုရား”
“န အတ္တဟေတု န ပရဿဟေတူ၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေ န သမိဒ္ဓိ မတ္တနော၊ သသီလဝါ ပညဝါ ဓမ္မိကော သိယာ”
“တပည့်တော် အနက်ကိုသိပါရစေဘုရား”
“ပညာရှိတွေဟာ မိမိအကျိုးငှာလည်းကောင်း၊ သူတစ်ပါးအကျိုးငှာလည်းကောင်း သားသမီး၊ ပစ္စည်းဥစ္စာ၊ တိုင်းနိုင်ငံတို့ကို အလိုမရှိ။ မတရားသဖြင့် မိမိ၏ အကျိုးစီးပွားကိုလည်း အလိုမရှိ၊ သီလပညာတရားနှင့် ပြည့်စုံ သည်သာဖြစ်၏” လို့ ပြောနိုင်ပါတယ်။
“အလို တပည့်တော်တို့နိုင်ငံမှာ အဲဒီလို ပညာရှိမျိုး ပိုင်ဆိုင်နေပါပေါ့လားဘုရား”
“ဒကာကြီးကို ဦးဇင်းက ပြန်မေးရဦးမယ်။ ဒကာကြီး ဘာကို ဆိုလိုတာလဲ”
“အရှင်ဘုရားက နိုင်ငံရေးတွေ စိတ်မဝင်စားလို့ မပြောတော့ပါဘူးဘုရား။ တပည့်တော်တို့ တိုင်းပြည်က လူတွေကို ရယ်ချင်နေတာပဲဘုရား။ ရွှေကို ရွှေမှန်းမသိကြပါလား”
“ဘာဖြစ်ဖြစ် … ဒကာကြီးရေ … Respect နော်”
“မှန်ပါဘုရား … Respect … Respect ပါဘုရား”
တင်ညွန့်
crd
#ခရီးသည်
No comments:
Post a Comment