BurmaDemocracy, 5 September 2017
၁၉၈၈ ခုနှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဟု
နာမည်တပ်ထားခဲ့သော အာဏာသိမ်း စစ်ကောင်စီထဲမှ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်
စစ်အစိုးရ၏ နဝတ၊ နအဖ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သော ဦးခင်ညွန့်
၏အင်တာဗျုးတွေကို စုပေါင်းထုတ်ဝေထားသည့် စာအုပ် တစ်အုပ် ဟိုတစ်လောတုန်းက
ထွက်လာခဲ့သည်။ စာဖတ်ပရိသတ်တွေကြားထဲ၊ နိုင်ငံရေး စိတ်ဝင်းစားကြသူတွေကြားထဲ
အတော်ရေပန်းစားသည့် စာအုပ်တစ်အုပ်ဖြစ်လေ၏။
မြန်မာ့နိုင်ငံရေးသမိုင်း၏ ထိပ်တန်းနေရာတွင် မလွဲမသွေ နေရာတစ်နေရာ
ပေးရမည်ဖြစ်သော ဦးခင်ညွန့်ကဲ့သို့ ပုဂ္ဂိုလ် တစ်ဦး၏
စိတ်သဘောထားအတိမ်အနက်ကို တစ်စုံတရာ ခန့်မှန်းလေ့လာခွင့်ရနိုင်သော
စာအုပ်တစ်အုပ်ဖြစ်သဖြင့် ကြိုဆိုရသည်။
ထိုစာအုပ် ထုတ်ဝေခြင်း အခမ်းအနားတွင် ဦးခင်ညွန့်ပြောခဲ့သည့် “တည်ဆဲဥပဒေ”ဆိုသည့် စကားတစ်ခုအတွက်မူ အနည်းငယ် တွေးစရာတစ်ခု ရလာခဲ့ရသည်။
“ အပြစ်ရှိတယ် မရှိဘူးဆိုတာက.. အဲ့ဒီတုန်းက အစိုးရရဲ့ တည်ဆဲဥပဒေ
ရှိတဲ့အတွက် တည်ဆဲဥပဒေ ဖောက်ဖျက်ရင်တော့ အပြစ်ရှိတာပဲ။ အဘတောင်မှ
အပြစ်ပေးခံခဲ့ရတာပဲ။ အဘတုန်းက ထောင်ဒဏ် ၄၄ နှစ် ကျခံခဲ့ရတာပဲ။ အဲ့ဒါ
တည်ဆဲဥပဒေကို ဖောက်ဖျက်တယ် ဆိုပြီးတော့ အဲ့ဒီအစိုးရကနေယူဆရင်
အဲ့ဒါစွဲချက်နဲ့တင်ရင်
အဲ့ဒါဟာ အပြစ်ရှိသွားတာပဲ...နော်... အပြစ်မရှိဘဲနဲ့ အလကားနေရင်း ထောင်ထဲ
ထည့်တယ်ဆိုတာကတော့ ပြောလို့မရဘူးလေ...”
ဦးခင်ညွန့်၏ စကားအရ လူတစ်ဦးတစ်ယောက် အပြစ်ရှိခြင်း မရှိခြင်းဆိုသည်ကို
တိုင်းတာဆုံးဖြတ်ရာ၌ တည်ဆဲဥပဒေကို စံပေတံအဖြစ် အသုံးပြုသည်ဟုဆိုသည်။
တည်ဆဲဥပဒေဟုဆိုရာ၌ပင် အဲ့ဒီတုန်းက အုပ်ချုပ်နေသောအစိုးရ၏ တည်ဆဲဥပဒေ
(သို့မဟုတ်) ထိုအစိုးရကိုယ်တိုင် ရေးဆွဲထားသောဥပဒေကို ဆိုခြင်းဖြစ်၏။
ထိုသို့ ထိုအစိုးရကိုယ်တိုင် ရေးဆွဲထားသော တည်ဆဲဥပဒေကို ဖောက်ဖျက် သည်ဟု
ထိုအစိုးရကပင်ယူဆလျှင် အဲ့ဒါသည်ပင် အပြစ်ရှိသွားတာပဲဟု ဦးခင်ညွန့်က
အပြစ်ရှိခြင်း၊ မရှိခြင်းအပေါ် ၎င်း၏ အမြင်သဘောထား ယူဆချက်ကို ပြောသွားသည်။
ထိုစကားနှင့်ပတ်သက်၍ မိမိကတော့ ဦးခင်ညွန့်နှင့် အမြင် သဘောထားချင်း
မတိုက်မဆိုင်ဖြစ်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အဆန်းတော့လည်းမဟုတ်လှ။
အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က ထိုနဝတ၊ နအဖအစိုးရအဖွဲ့၏ ထိပ်တန်းနေရာတွေထဲမှ
key player နေရာ၌ရှိခဲ့သူ ဦးခင်ညွန့်၏ ဘဝအမြင်နှင့် ထိုအစိုးရ၏
အဖိနှိပ်ခံဘဝ၌ ပီပီ ပြင်ပြင်နေခဲ့ရသူ မိမိ၏ ဘဝအမြင်
မည်သို့မျှတူညီနိုင်မည် မဟုတ်လေသောကြောင့် ဖြစ်၏။
ထို့ကြောင့်လည်း ဦးခင်ညွန့်ပြောသော တည်ဆဲဥပဒေဆို သည့်စကားလုံးက မိမိနားထဲ
ယင်ကောင်တစ်ကောင်ဝင်၍ ကလိထိုး သလိုမျိုး ယားကျိကျိနှင့် အခံရ
ခက်မိရခြင်းဖြစ် သည်။
ဥပဒေဆိုသည့်စကားကို ဦးခင်ညွန့် မည်သို့အဓိပ္ပာယ်ဖွင့်လေမည်မသိ။ မိမိကတော့
အများလိုက်နာနိုင်သော စည်းကမ်းချက်များကို အများသဘောတူ ချမှတ်လျက် အများက
အတည်ပြုထားသည့် သတ်မှတ်ချက် စည်းမျဉ်းများကို ဆိုခြင်းဖြစ်သည်ဟု
ဆိုချင်သည်။ ဤစားလုံးသည် ဥပဒေပညာရပ်၌ အသုံးပြုသောစကားရပ်
ဟုတ်၊ မဟုတ် မိမိက ဥပဒေပညာရှင်မဟုတ်၍ မသိသော်လည်း ဥပဒေဆိုသည်ကို
ထိုသို့သာမြင်သည်။ လူအများ လိုက်နာနိုင်ခြင်းလည်းမရှိ လူအများက
သဘောတူထားသည်လည်း မဟုတ်သော သတ်မှတ် ချက်များကိုမူ ဥပဒေဟုမမြင်။ ဖိနှိပ်ရေး
ကိရိယာများဟုသာ မြင်သည်။
ထို့ထက်ကား အများက ၎င်းတို့ကိုယ်စား ၎င်းတို့ကို စီမံခန့်ခွဲပေးပါရန်ဟု
တရားဝင် တာဝန်အပ်နှင်းထားခြင်း မရှိပါဘဲလျက် လက်နက်(သို့မဟုတ်)
အင်အားတစ်စုံတစ်ရာကိုအသုံးပြုကာ စီမံခန့်ခွဲခွင့်ကို အဓမ္မရယူထားသော
လူပုဂ္ဂိုလ်တစ်ဦးဦးကသော်လည်းကော င်း၊ အဖွဲ့အစည်းတစ်ခုခုကသော်လည်းကော င်း
မည်သူကမျှ မတောင်းဆိုပါဘဲ ၎င်းတို့ ဘာသာရေးဆွဲသော
စည်းမျဉ်းစည်းကမ်းများကိုလည်း ဥပဒေပါဟု မိမိကတော့မမြင်နိုင်။
အသိအမှတ်မပြုနိုင်။ အခိုက်အတန့်အားဖြင့် အာဏာကို အဓမ္မလက်ဝယ်ကိုင်စွဲထားသူက
ထိုအာဏာဖြင့် ရေးခွင့်ရှိနေခိုက် ရေးချထားသောစာကြောင်းများ ဟုသာ မြင်သည်။
ထို့ကြောင့်လည်း ဥပဒေဟု ၎င်းတို့ဘာသာ၎င်းတို့ သတ်မှတ်ထားသော စည်းမျဉ်း၊
စဉ်းကမ်းဆိုတာတွေအရ အပြစ်ဒဏ်ဟု သတ်မှတ်အပြစ်ပေးခြင်းကို တရားသောအပြစ်ဒဏ်ဟု
မသတ်မှတ်နိုင်။
ထို့ထက်ကား ၎င်းတို့ဘာသာ ၎င်းတို့ ရေးဆွဲသတ်မှတ်ထား သည့် ဥပဒေဆိုသော
သတ်မှတ် ထားချက်တွေနှင့် မတရားသက်သေတွေကို မည်ကာမတ္တအသံထွက်ခိုင်းကာ
လူသူကွယ်ရာတွင် ခုခံထုချေခွင့်မဲ့ အကျဉ်းချုံး အပြစ်ဒဏ်ချမှတ်
အပြစ်ပေးခြင်းကို မတရားဖိနှိပ် ခြင်းဟုသာ မြင်သည်။
နဝတ၊ နအဖများ လက်ထက်တော်အခါများက ထိုသို့သော အပြစ်ဒဏ်ချမှတ်ပြီး ၎င်းတို့၏
ဥပဒေထဲ၌ပင် မပါဝင်သော မချိမဆန့် နှစ်ရှည်အပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတွေ
မနည်းလှ။
တစ်ခါတစ်ရံဆို တရားသူကြီးစိတ်ဆိုးသဖြင့် အပြစ်ဒဏ် နှစ်တိုး
ပစ်လိုက်တတ်သေးသည် ဆိုသည့် အပြစ်ဒဏ်ပေးတာမျိုးတွေ ရှိပြန်သေး ဆိုသည့်အခါ
ရယ်ချင်မိ ပက်ကျိ ဆိုသည့် တရားစီရင်မှုမျိုးတွေပဲ ဖြစ်၏။
မှတ်မိသေးသည်။ မိမိတို့ ၁၉၉၀ ရွေးကောက်ပွဲလွှတ်တော် ကိုယ်စားလှယ် ၃၅ ဦးကို
စွဲတင်ခဲ့သည့် ဒေါက်တာစိန်ဝင်း စင်ပြိုင် အစိုးရနှင့်ပတ်သက်သည့်
နိုင်ငံတော်ပုန်ကန်မှုကို အင်းစိန် အကျဉ်းထောင်ရှေ့မှ စစ်ခုံရုံးအမှတ် (၁)
တွင် စစ်ဆေးတော့ တရားလိုပြသက်သေတွေက တရားသူကြီးရှေ့နားတွင်
တိုးတိုးတိုးတိုးနှင့် ထွက်ဆိုနေကြသည့် ထွက်ချက်တွေကို တရားခံဟု
အသတ်မှတ်ခံထားရသည့် မိမိတို့ကမကြားရ။
ဘာတွေပြောသွားကြသည်လဲလည်းမသိ။ မိမိတို့အတွက် ခုခံချေပပေးမည့်
ရှေ့နေရှေ့ရပ်လည်းမရှိ။ ဘေးဘေးဘီဘီတွင်တော့ ဂျီသရီးသေနတ်ကြီးတွေ
အသင့်အနေအထားဖြင့် ကိုင်ထားသည့် စစ်သားတွေက ထူထူထပ်ထပ်။ ဟိုထောင့်သည်ထောင့်
သုံးလေးနေရာမှ အသေအချာရိုက်ယူမှတ်တမ်းတင်နေကြ သည့် ဗီဒီယိုကင်မရာတွေကလည်း
သုံးလေးလုံး။
အဲ့သည် ဗီဒီယိုကင်မရာတွေထဲ ကိုတော့ ဘယ်လိုအသံဗလံတွေ ပါသွားမည်မသိ။ မိမိတို့ကဖြင့် ဘာသံမျှမကြားရ။
သို့နှင့် နောက်ဆုံးတွင်တော့ သည်အမှုတွင် အပြစ်ရှိသလားဆိုသည့်မေးခွန်းကို
မိမိတို့တစ်ဦးချင်းစီအား တရားသူကြီးခုံတွင် ထိုင်နေသော
စစ်ခုံရုံးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးကမေးသည့် မေးခွန်းသံသာ
မိမိတို့ကြားရုံထွက်လာသည်။ မိမိတို့တစ်ဦးချင်း စီကတော့ ခပ်တိုတိုပင်
အပြစ်မရှိပါဟုပဲ
ေြ ဖကြသည်။
မိမိတို့အထဲမှ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဖြစ်သည့် ဦးလှသန်းကတော့ အမှုကိုကြားနာသည့် ဗိုလ်မှူးကြီးတွေ
အမှုနှင့်ပတ်သက်၍ လိပ်ပတ်လည်စေလို၍လောမသိ အသေအချာရှင်းကာ
အပြစ်မရှိသည့်ကြောင်း ထွက်ဆိုခဲ့တာ နားထဲ ယခုတိုင် ကြားနေမိဆဲရှိသည်။
“ကျွန်တော်တို့ဟာ လက်ရှိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က
ပြဋ္ဌာန်းခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ဥပဒေအရ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကိုယ်တိုင်
ဦးစီးကျင်းပပေးခဲ့တဲ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူတွေရဲ့
တစ်ခဲနက် ဆန္ဒမဲနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာကြသူများ ဖြစ်ပါတယ်။
ဒါကြောင့် ရာနှုန်းကိုးဆယ်ကျော် ပြည်သူ့ထောက်ခံမဲနဲ့ အနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျ ားအနေနဲ့ အစိုးရဖွဲ့ပိုင်ခွင့်ရှိနေပါတယ် ။
ဒါကြောင့် ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ကျွန်တော်တို့ဟာ
ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်လုပ်ကြတာ ဖြစ်လို့ အဲ့ဒါကို အပြစ်လို့
သတ်မှတ်ရင် သတ်မှတ်သူသာ သမိုင်းတရားခံ ...
ဌာန်နှင့်မာန်နှင့်ပြောနေသော ဦးလှသန်း၏ စကားသစ္စာက သူ့ကို ကောင်းစွာ
ဖမ်းစားထားလိုက်သည်လား မသိ။ ဦးလှသန်း စကားဆုံးလုရောက်လေမှ မြားဦးလည်း
သူ့ဘက်ကောင်းကောင်းလှည့်လေမှ စစ်ခုံရုံး ဂျူရီလူကြီးဖြစ်သော
ဗိုလ်မှူးကြီးလည်း သူ့ကို အထက်မှအမိန့်ဖြင့် ပေးထားသည့် တာဝန် ဆိုသည်ကို
သတိရသွားလေသည်လားထင်၏။ သူ့ရှေ့မှ စားပွဲခုံကြီး၏ မျက်နှာပြင်ကို
ဝုန်းခနဲနေအောင်ပင် လက်သီးနှင့်ထထုတော့သည်။
စင်စစ်တော့လည်း ဟုတ်ပေသား။ သူ့အလုပ်က နားထောင် နေဖို့မှ မဟုတ်လေသည်ကိုး။
အမှုအနေအထားက မည်သို့ပင်ရှိစေ သူ့အလုပ်က သူ့ရှေ့တွင် လက်ထိတ်တန်းလန်းဖြင့်
ထိုင်နေကြသူတွေကို ထောင်ချမိန့် ဖတ်ပြရန် တာဝန်သာ ရှိလေသည်ပဲ။
“ဒါ တရားဟောစင် မဟုတ်ဘူး။ ဒါ အမှတ်တစ်စစ်ခုံရုံးဆိုတာ နားလည်ရဲ့လား။ မေးတာကို တိုတိုဖြေ။ အပြစ်ရှိသလား၊ မရှိဘူးလား ဖြေ”
ဗိုလ်မှူးကြီးက ဒေါသဖြင့်မေးသည်။ ဦးလှသန်းကလည်း တိုတိုပဲဖြေသည်။
“လုံးဝမရှိဘူး”
ဂျူရီဗိုလ်မှူးကြီးလည်း အတော်တော့ဖြင့် ဒေါသထွက်သွားပုံရသည်။
မိမိတို့အဖွဲ့လည်း တစ်သက်တစ်ကျွန်းအပြစ်ဒဏ် နှစ် ၂၀ မှ ၂၅ နှစ်သို့
ငါးနှစ်တိုးသွားခဲ့သည်။ “ဗိုလ်မှူးကြီး စိတ်ဆိုး အပြစ်ဒဏ် ၅
နှစ်တိုး”ဆိုသည့် တည်ဆဲဥပဒေမျိုး ထင်သည်။
ထိုအငြိုးနှင့်ပင်လားမသိ။ ဦးလှသန်းကို ဆေးကုသခွင့် လုံး၀ မပေးဘဲ ထောင်ထဲ
မှာပင် သေအောင် ပစ်ထားလိုက်ကြ သဖြင့် ဦးလှသန်းတစ်ယောက် အင်းစိန်ထောင်မှာ
ကွယ်လွန် ခဲ့ရသည်။ ထို့ကြောင့် တည်ဆဲဥပဒေသံကြားလျှင် နားထဲကယားသည်။
ဦးခင်ညွန့်ကမူ ၎င်းကို ၎င်းတို့၏တည်ဆဲအစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ခြင်းအပေါ် တရားမျှတမှန်ကန်သည်ဟု ဆိုချင်နေပုံရသည်။
ဟုတ်မည်၊ မဟုတ်မည် တိတိကျကျ မဆိုနိုင်စေကာမူ မိမိအထင်၌မူ အားမတန်သဖြင့် မာန်လျှော့ခဲ့ရသည့် အဖြစ်များပေလားဟုပင် ထင်မိသည်။
ဘာပဲပြောပြော ဦးခင်ညွန့်က သူ့ဟာနှင့်သူတော့ဖြင့် အရည်အချင်းရှိသူ၊
လုပ်ရည်ကိုင်ရည်နှင့် ပြည့်ဝသူတစ်ဦး ဖြစ်ကြောင်းက ငြင်းဖွယ်
မရှိလှဟုထင်သည်။ သူ့ဘက်က ကြည့်တော့ သူရဲကောင်း ကိုယ့်ဘက်ကကြည့်တော့
ဘာညာဆိုသည့် စကားမျိုးကိုဖြင့် ထားတော့။ ဦးခင်ညွန့် အရည်အချင်းရှိသည်ကတော့
သေချာသည်။ ထို့ကြောင့်ပင် ၈၈ ပြည်သူ့အရေးတော်ပုံကြီးကို
စစ်တပ်ကဖြိုခွင်းပြီး အာဏာယူခဲ့စဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူး၊
ဗိုလ်မှူးကြီး ဟူသော ဘဝမျှမှသည် နဝတ၊ နအဖ လက်ထက်ရောက် သည့်အခါ
ဗိုလ်ချုပ်ကြီး ဖြစ်လာသူ။ မြန်မာနိုင်ငံ၏ အာဏာသိမ်း
စစ်အရာရှိကြီးများအတွင်း နံပါတ်(၂)
ဟု ပြည်တွင်းနှင့် ပြည်ပကပင် သတ်မှတ်လာခဲ့ရသူ ဖြစ်သည်။ တစ်ခါတစ်ရံဆိုလျှင်
နံပါတ် (၂) ပင်မက တစ်နှစ်ပိုင်းတစ်ပိုင်း ဟုပင်ဆိုရမလောက်
ရှေ့တန်းရောက်ခဲ့သည် ထင်၏။
ထိုအခြေအနေများကို မြင်ရစဉ်က သွားလေသူ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်တုန်းက
“ဝမ်းအင်ဟာ့ဖ်”ဟု နာမည် ကြီးခဲ့သော ထိုစဉ်က ထောက်လှမ်းရေးညွှန်ကြားရေးမှူး
မျက်မှန် ဦးတင်ဦးကြီးကို သွားသတိရသည်။ ထိုဝမ်းအင်ဟာ့ဖ်ပုဂိ္ဂုလ်ကြီး လည်း အင်းစိန်ထောင်နှင့် ညားခဲ့ရသည်လေ။
တွေးမိတော့ ဒါသည်ပင် အာဏာရှင်တို့၏ ဓမ္မသတ်ပေလားထင်မိသည်။
ထို့ကြောင့် ဦးခင်ညွန့်က ကြည်ကြည်ဖြူဖြူဖြင့်ပင် တည်ဆဲဥပဒေ ဆိုသည်ကို
ဦးညွှတ်သွားခဲ့ပေမဲ့ မိမိစိတ်ထဲတွင်တော့ ထိုတည်ဆဲဥပဒေဆိုသည်က
ခိုးလိုးခုလုဖြစ်နေဆဲရှိသည်။
အဲ့သည် နဝတ၊ နအဖ လက်ထက်တော်များအခါတုန်းက “ဥပဒေက
မည်သို့ဆိုစေ..”ဆိုတာမျိုး၊ “ဥပဒေကဲ့သို့ အာဏာတည်စေသောအမိန့်” ဆိုတာမျိုး
လက်တန်းပစ်တွေကလည်း ရှိနေသေးသည် ဆိုတော့ ထိုတည်ဆဲ ဥပဒေဆိုသည်က
ကျောက်ပျဉ်နှင့် ရေရှိလျှင် လိုရာသုံးလို့ရသည့် လိုတရဆေးတောင့်လို
ဖြစ်နေသည်ဟုမြင်သည်။
အမျိုးသားညီလာခံဆိုသည့် အစည်းအဝေးကြီးကို လက်သင့်ရာစားတော်ခေါ်ခဲ့သည့် ခေါင်းပဲညိတ်တတ်သူတွေနှင့်ကျင်း ပပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကြီးကို
ပြည်သူ့ဆန္ဒလုံးဝမပါဘဲ ကြံကြဖန်ကြတော့လည်း “အမျိုးသားညီလာခံကို
နှောင့်ယှက်ဖျက်ဆီးမည့်သူများမှ ကာကွယ်သည့်ဥပဒေ”ဆိုသည့်
လက်တန်းပစ် ဥပဒေနှင့် ခြံစည်းရိုးကာပြီးမှ ကွယ်ရာထောင်ရာတွင်
ပြည်သူစစ်စစ်တွေမပါဘဲ ပုတ်သင်ညိုတွေနှင့် ရေးလာခဲ့သည့် ဥပဒေဟုပဲမြင်သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုသည်ကလည်း နားထင်သေနတ်နှင့် တေ့ပြီး
ထောက်ခံခိုင်းသည့် ဆန္ဒခံယူပွဲမျိုးသာ ဖြစ်ခဲ့သည်။
မိမိကတော့ ပြည်သူ့ဆန္ဒစစ်စစ်မပါဘဲရေးသည့် မည်သည့်ဥပဒေကိုမဆို ဥပဒေဟုမမြင်ချင်။ တည်ဆဲတွေ မတည်ဆဲတွေဟုလည်း သတ်မှတ်မထားချင်။
အခုလောလောဆယ်ဆယ်မှာပင် ပြည်သူ့ဆန္ဒဆို၍ စတိမျှပင် ပါခဲ့သည် မဟုတ်သော
ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ပြည်သူတွေကပင် ပြင်ဆင်ပေးဖို့
တစ်ခဲနက်တောင်းဆိုနေသံတွေ ပဲ့တင်ထပ်မျှ ကြားနေရပြီ။
ထို့ကြောင့် တည်ဆဲဥပဒေဆိုတိုင်း မိမိကတော့ဖြင့် အမှန်ဟုမယူဆနိုင်ပါ။
ဦးခင်ညွန့် ကတော့ဖြင့် သူတို့ဖော်ခဲ့သည့် ဆေးပေမို့ သူ့ဘာသာ
ဖြစ်ညှစ်မျိုလေသည်လား မသိ။ သူ့ဝမ်းထဲကိုဖြင့် ဝင်ကြည့်လိုက်ချင်ပါဘိ။ ။
သင်းရီ
MOETHIHAAUNG Blog
17 February 2014
Credit: (ဦး) ဖေအောင်
No comments:
Post a Comment