Twitter Bird Gadget

Saturday, September 9, 2017

အစွန်းရောက်၊ ရှေးရိုးစွဲ၊ အကြမ်းဖက်နဲ့ အမြတ်ထုတ်သူများ

ယခင်လက အယ်ဒီတာ့လက်ရေးမှာ အစွန်းရောက်၊ ရှေးရိုးစွဲနဲ့ တက်ကြွလှုပ်ရှားသူ ဆိုပြီး ရေးမိတယ်။ အစွန်းရောက်တွေဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်လာပါပြီ။ ရှေးရိုးစွဲတွေက အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုံချပါတယ်ဆိုပြီးတော့ သူတို့ကိုယ်တိုင်ကလည်း ဆူပူမှုတွေနဲ့ မင်းမဲ့စရိုက်တွေနဲ့ လက်တုန့်ပြန်အောင် လှုံဆော်နေကြပြန်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ အကြမ်းဖက်မှုကိုလည်း လက်မခံ၊ အစွန်းရောက်တွေကိုလည်း မထောက်ခံသမို့ သတင်းမှားတွေ မဖြန့်ကြဖို့၊ အားနည်းသူတွေ မတရားလုပ်ခံရသူတွေဘက်က ရပ်တည်ဖို့ တွင်တွင်သာ တရားဟောနိုင်ပါတယ်။ အာဏာ၊ သြဇာ၊ ငွေကြေးနဲ့ အင်အားရှိသူ ခေါင်းဆောင်တွေ၊ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက မှားယွင်းတဲ့ သတင်းအချက်အလက်တွေ အကြောင်းအရာတွေကို အခြေခံပြီးတော့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေ ချပြီး မြန်မာပြည်ကြီး နက်သည်ထက် နက်အောင် ဆွဲမချကြဖို့နဲ့ အသိဉာဏ်နဲ့ ဆင်ခြင်ကြဖို့ တက်ကြွလှုပ်ရှားသူတွေဘက်က ပြောဆို ဆွေးနွေး တိုက်တွန်းတာသာ လုပ်နိုင်ကြပါတယ်။
ပြည်တွင်း ပြည်ပမှာ ရှိတဲ့ သာမန်ရိုးကျ ခံစားချက် ပြင်းထန်သူ လူပြိန်း ပရိသတ်ကြီးတွေကျတော့ ဘယ်လိုလဲ။ သူတို့ကတော့ ဘက်တခုခုနောက်ကို ပြင်းထန်တဲ့ စိတ်ခံစားမှုတွေနဲ့ ခုန်ချလိုက်ကြတော့တာပါပဲ။

အစွန်းရောက်တွေဘက်ကိုလိုက်မိသူတွေကတော့ “အကြမ်းဖက်မှုတွေဟာ တဖက်သတ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ၊ မိမိတို့သာလျင် အကြမ်းဖက်ခံရသူတွေပါ၊ ပြီးတော့ မိမိတို့ လူမျိုးဘာသာတူသူများဟာ ဓားစာခံများသာ ဖြစ်ပါတယ်” ဆိုတဲ့ ဇာတ်လမ်းကို လက်ခံပြီး အစွန်းရောက်တွေဘက်က ကာကွယ်တာ၊ တဘက်သားတွေကို ကန့်ကွက်တာ ဆန္ဒပြတာတွေ၊ အကြမ်းဖက်မှုဟာ တရားမျှတမှုတခုလို ရပ်တည်ကြပါတယ်။
ရှေးရိုးစွဲတွေဘက်ကို ထောက်ခံမိသူ ပရိသတ်ကြီးကဆိုရင် ရန်ကို ရန်ချင်း ပြန်တုန့်နှင်းဘို့ အစွန်းရောက်တွေကို လက်စတုံး ချေမှုန်းပစ်ဖို့ ကြွေးကြော်ပြီး လူမျိုး ဘာသာမတူသူတွေကို ရှင်းလင်းဖို့အထိကို အားပေး အားမြှောက်ပြုမှုတွေ တိုးတက် လုပ်ဆောင်လာကြပါတယ်။
သည်လိုနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အဆိုပါ ပရိသတ်ကြီးတွေ ဘက် ၂ ဘက်ကြား အချင်းများကြတာ အမုန်းပွားကြတာတွေ မီးဟုန်းဟုန်းထနေသလိုပါပဲ။ ဘက်လိုက်မိသူ ခေါင်းဆောင်တွေ နိုင်ငံတွေ အဖွဲ့အစည်းတွေရဲ့ တုန့်ပြန်ချက်တွေ စွပ်စွဲမှုတွေကလည်း သတင်းစာမျက်နှာတွေမှာ တလူလူလွင့်နေတော့ အဆိုပါ ပရိသတ်ကြီးတွေရဲ့ အကွဲအပြဲ ပဋိပက္ခဟာ ပိုပြီး ကြီးမား ကျယ်ပြန့်သလို ဖြစ်လာပါတယ်။ အစွန်းရောက်တွေကော ရှေးရိုးစွဲတွေကပါ ဖြန့်ချိနေတဲ့ လုပ်ကြံဝါဒဖြန့်တဲ့ သတင်းမှားတွေ ဓာတ်ပုံလုပ်ဇာတ်တွေနောက်ကို နှစ်ဘက်သော ပရိသတ်ကြီးက ကောက်ကောက်ပါအောင် လိုက်နေကြတာကို အရှိန်သတ်ကြဖို့ လိုနေပါတယ်။
သည်ကြားထဲမှာ အကြမ်းဖက်မှု မငြိမ်မသက်မှု မငြိမ်းချမ်းမှုတွေအပေါ် အခွင့်အရေးယူပြီး နိုင်ငံရေးအမြတ်ထုတ်လိုသူ လူမျိုးရေးဘာသာရေးဝါဒရေး အမြတ်ထုတ်လိုသူ လက်မည်းကြီးတွေ မှောင်ခိုအင်အားကြီးတွေကိုကော လူထုပရိသတ်က တချက်လေးများ ငဲ့စောင်း မကြည့်သင့်ကြဘူးလား။
သည်လို အစွန်းရောက်တွေ အကြမ်းဖက်တွေ ရှေးရိုးစွဲတွေကို တရားဥပဒေနဲ့အညီ စောစောစီးစီးကတည်းက အရေးယူတာ စီရင်တာတွေ မလုပ်ခဲ့ဘဲ သည်လို အင်အားဆိုးတွေကို မွေးမြူထားပြီး တိုင်းပြည် မတည်ငြိမ်အောင် မငြိမ်းချမ်းအောင် သွေးထိုး မြှောက်ပင့် အသုံးချနေသူတွေက ဘယ်သူတွေများ ပါလိမ့်။ သည်လိုအင်အားတွေကို အသုံးချပြီး ပြည်သူလူထု အထွေထွေ အကြပ်အတည်းအောက်မှာ ကြောက်ရွံ့တုန်လှုပ်နေအောင်၊ တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုမှုတွေ အားနည်း ပျောက်ပျက်သွားအောင် ကြိုးကိုင်နေခဲ့တဲ့ သမိုင်းအစဉ်အလာမကောင်းတဲ့ နိုင်ငံရေးအစု လက်နက်ကိုင်အစု အင်အားကြီးအစုကြီးဟာ ယခု အရေးအခင်း အကြမ်းဖက်မှုမှာ တရားဥပဒေနဲ့အညီ အမှန်တရား၏ လမ်းကြောင်းနဲ့ အညီ အရေးယူဆောင်ရွက်မှုတွေကို ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လူထုရွေးချယ်ခံ အစိုးရ၏ အလိုအတိုင်း လုပ်ဆောင်နေရဲ့လား ဆိုတာ ဆန်းစစ်စရာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဦးဆောင်မှု အခမ်းကဏ္ဍမှာ မိမိတို့သာလျင် အဓိကနေရာကနေ လိုက်ပါ ဆက်လက်တည်ရှိနေရမယ်ဆိုတာကိုသာ တိုးမြှင့်ဝါဒဖြန့်ပြီး မိမိတို့အင်အားစုကိုသာ ထောက်ခံ အားကိုး မှီခိုကြဖို့ နိုင်ငံရေး အမြတ်ထုတ်မှုကိုသာ ဦးတည်နေကြ တယ်လို့ ဆိုချင်ပါတယ်။
သည်လိုမျိုး လက်နက်ကိုင်နိုင်ငံရေးအမြတ်ထုတ် အင်အားစုကြီး ရှိနေသလို လူမျိုးဘာသာအယူဝါဒစွဲ အမြတ်ထုတ်လိုတဲ့အင်အားစုကြီးတွေကလည်း မိမိတို့ လူမျိုးဘာသာ အယူဝါဒ သာလျင် ကိုးကွယ်ယုံကြည်ဆည်းကပ် လဲလျောင်းရာ၊ မိမိတို့ စေလိုရာ ကြိုးကိုင်ရာလိုက်ပါဖို့ သည်လို ကာလ ဒေသ ပယောဂမှာ အစွမ်းကုန် အမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြတာ သိသာ မထင်ရှားနေပေဘူးလား ဗျာ။
သည်လို အမြတ်ထုတ်နေကြ လက်မည်းကြီး မှောင်ခို အင်အားကြီးတွေကို မမြင်သိ မရိပ်မိဘဲ ဘက်လိုက်မိသူ လူပြိန်းပရိသတ်ကြီးရဲ့ ဦးတည်ရာဟာ ငြိမ်းချမ်းရေး သင့်မြတ်ရေး စားဝတ်နေရေး အထွေထွေ အကြပ်အတည်းများမှ လွတ်မြောက်ရေး၊ လူတိုင်း အသိပညာ ဗဟုသုတ ပြည့်စုံ ဆင်ခြင်ဉာဏ် ပြည့်စုံရေးသို့ မဟုတ်မူပဲ လူသားများ အမုန်းတရားအောက်မှာ အစိတ်စိတ်အမွှာအမွှာ ပြိုကွဲရေးသာ ဖြစ်တယ်ဆိုတာ ဦးနှောက်လေး နည်းနည်းသုံးပြီး စဉ်းစားမိရင် စေ့စေ့တွေး ရေးရေး ပေါ်နိုင်လိမ့်မယ် မျှော်လင့်မိပါတယ်။
ရုရှားမှာ အာဏာရှင်ပူတင်ဟာ မဟာရုရှားလူမျိုးကြီးမှိုင်းနဲ့ သူ့ပြည်သူတွေကို အုပ်ချုပ်ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ် ပါတီဟာ တသွေးတသံတမိန့်နဲ့ ပါတီနဲ့ဝါဒ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပါတယ်။ အာဖရိကားမှာ လူမျိုးရေး ဘာသာရေး နိုင်ငံရေးခေါင်းဆောင်တွေကြောင့် လူမျိုးစုအစွဲတွေ အကွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရှေ့အလယ်ပိုင်းမှာဆိုရင်လည်း ဘာသာရေး အဓိကဦးစားပေးတဲ့ နိုင်ငံတွေ အများအပြားရဲ့ သြဇာက နိုင်ငံတကာကို ဆန့်ထွက်လာနေ တယ် မဟုတ်လား။ အမေရိကားကိုလည်း ပြန်ကြည့်ပါဦး၊ စီးပွားရေးသမား အမြတ်ထုတ်သမား ဒေါ်နယ်ထရန့်ဟာ အစွန်းရောက်တွေ အကြမ်းဖက်တွေ ရှေးရိုးစွဲတွေကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်လိုက်တာ အစဉ်အလာရှိ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကို ကျော်လွန်ပြီး အမေရိကန် သမ္မတကြီးတောင် ဖြစ်သွားခဲ့ပါပြီ။ လူပြိန်းတွေကို အမှန်ပြောပြီး လမ်းပြမယ့်အစား အမှားတွေနဲ့ မှိုင်းတိုက်ပြီး မိမိလိုရာကို ဆွဲလို့ အသုံးချ အမြတ်ထုတ်နိုင်တယ်ဆိုတာ နိုင်ငံရေးသမိုင်း စာမျက်နှာတွေမှာ ရေးထွင်းထားခဲ့ပြီး ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သားတွေက အမှန် နောက်လိုက်မှာလား၊ မှိုင်းတိုက်ထားတဲ့ လမ်းကို ရွေးကြဦးမှာပဲလား။
မောင်ရစ် –
အယ်ဒီတာ့လက်ရေး၊ မိုးမခ၊ စက်တင်ဘာ ၈ ၊ ၂၀၁၇
မိုးမခ မှကူးယူဖော်ပြပါသည်။#BurmaDemocracy

No comments:

Post a Comment