Twitter Bird Gadget

Sunday, June 4, 2017

❗️ဒီပဲယင်းည❗️ (အပိုင်း ၁ )


ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီးသို့ စည်းရုံးရေးခရီးထွက်လာသော ဒေါ်အောင်ဆန်းစု ကြည်၏ ယာဉ်တန်း ကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညက ဒီပဲယင်းမြို့ နယ် ကြည်ရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သောဖြစ်ရပ်မှာ မြန်မာသ မိုင်းတွင် ဖျောက်ဖျက် မရသော နိုင်ငံရေးအကြမ်းဖက်မှုပင်ဖြစ်ကြောင်း နိုင်ငံ တကာသတင်းမီဒီယာက ရေးသားဖော်ပြခဲ့ကြသည်။

ဒီပဲယင်း အကြမ်းဖက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ တရားစွဲ အရေးယူ ခံခဲ့ရသောလည်း အကြမ်းဖက်မှု ကျုးလွန်သူများနှင့် ညွှန်ကြားစေခိုင်းခဲ့သူများမှာ ယနေ့တိုင်ပင် လွတ်မြောက်လျက်ရှိပြီး အချို့မှာ တမလွန်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒီပဲယင်း အကြမ်းဖက်မှုဖြစ်ပွားစဉ်က ဖမ်းဆီးခံခဲ့ရသူများတွင် အသက်အငယ်ဆုံး အကျဉ်းသားဖြစ်ခဲ့သူ မုံရွာ မြိုခံ The Voice သတင်းထောက်၏ ပြန်လည်ရေးသားခဲ့သော ဖြစ်ရပ်များကို သမိုင်းမှတ်တမ်း အနေဖြင့် ဖော်ပြလိုက်ပါသည်။

(အယ်ဒီတာ)
---------------------------------------------------------------------------------

❗️ဒီပဲယင်းည❗️

( အပိုင်း - ၁)

ကိုသက် (မုံရွာ)

လမ်းဘေးနှစ်ဖက်တွင် ကားမီးများထိုး၍ စောင့်နေသော ရာချီသောလူများကို ကြိုဆိုနေသောသူများဟု ကျွန်တော်ထင်ခဲ့မိသည်။ သူတို့သည် ပုဆိုးတိုတိုဝတ်ထားသည်။ လက်တွင် လက်ပတ်ဖြူများပတ်ထားသည်။ လက်ထဲတွင် တုတ်များကိုင်ထားသည်။ ထိုကြောင့် ကျွန်တော် ရှေ့ဆက်သွားခဲ့သည်။

သို့သော် ထိုအချိန်က ၁၅ နှစ်သား ကျွန်တော် ထင်သလိုမဟုတ်ခဲ့ပါ။

(၁)

အဖြစ်အပျက်တို့သည့် ၁၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း မေ ၃၀ အောက်မေ့ဖွယ်နေ့ ရောက်တိုင်း ပြန်အမှတ်ထင်နေဆဲ။

ထိုရက်မတိုင်မီ မေလ ၂၉ ရက်နေ့ မုံရွာမြို့ တက်ကြွနေခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုးတန်းတက်မည့် ကျောင်းသားလေး ကျွန်တော်ရှိရာ မုံရွာမြို့ကို လာရောက်မည်ဆိုသည်ကို အဖေနားထောင်သည့် ညပိုင်းနိုင်ငံခြားရေဒီယို သတင်းအရ သိထားသည်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည့် ၂၀၀၃ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းပေါ်တွင် လူတစ်ချို့က ဆိုင်ကယ်တွေနှင့် ခေါက်တုံခေါက်ပြန် ကူးလူးနေကြသည်။ အချို့က ပန်းကုံးတွေကို ကြိုတင်ပြင်ဆင်နေကြသည်။ အချို့ ကပန်းစည်းတွေနှင့် စောင့်နေကြသည်၊ အချို့ဈေးသည်တွေက ဈေးဆက် မရောင်းတော့။ ဆိုင်တွေပိတ်နေကြသည်၊ အချို့လည်း ဖျော်ရည်နှင့် မုန့်တွေဝေဖို့ စိုင်းပြင်းနေကြသည်။

ထိုနေ့ကမုံရွာမြို့၏မြင်ကွင်းများ။

ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့နှင့်နီးလာသည်နှင့်အမျှ ဗိုလ်ချုပ်လမ်းမကြီး၏အရှေ့ဘက် လမ်းတစ်ချမ်းတွင် လူတစ်စတစ်စပိုများလာခဲ့သည်။ လူထုခေါင်းဆောင် မုံရွာမြို့ အတွင်း ဝင်ရောက်လာချိန်တွင်တော့ တစ်မြို့လုံးလျှပ်စစ်မီးများ ထူးဆန်းစွာ ပြတ်တောက်သွားခဲ့သည်။

သို့ဖြစ်၍ တစ်လမ်းလုံး ဖယောင်းတိုင်မီးဖြင့် ကြိုခဲ့ကြသည်။

မြို့ပေါ်ရှိ ဖယောင်းစက်များမှ ဖယောင်းတိုင်များဝေခဲ့သလို ဆိုင်များမှဝယ်၍ဝေခဲ့သည့် အလှူရှင်များလည်းရှိခဲ့သည်။ မြို့အတွင်းဝင်ချိန်တွင်တော့ လူတိုင်းဖယောင်းတိုင်များ ကိုင်ဆောင်၍ လမ်းအပြည့်ဖြင့် ကြိုခဲ့ကြသည်။

ထိုနေ့ညက ဒေါ်အောင်ဆန်းစုကြည်မှာ သာစည်လမ်းရှိ NLD ရုံးတွင်လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး မုံရွာမြို့တွင်ပင် အိပ်စက်ခဲ့သည်။

(ဓာတ်ပုံ- Nainglin Aung Facebook )

------------------------------------------------------
❗️အပိုင်း(၂)❗️
https://www.facebook.com/OoOoAye007/posts/1739100853048482

❗️အပိုင်း(၃)❗️
https://www.facebook.com/OoOoAye007/posts/1739103376381563

ဆောင်းပါးအပြည့်အစုံကို မေလ ၃၁ ရက်နေ့ထုတ် #TheVoice သတင်းစာတွင် ထည့်သွင်းဖော်ပြထားကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။

ဦးဦးအေးမှ ပြန်လည်မျှဝေပေးပါသည်။
#OoAye
30.05.2017

No comments:

Post a Comment