Twitter Bird Gadget

Tuesday, May 23, 2017

မြန်မာစစ်ခေါင်းဆောင်များ အရေးပါနေဆဲ မြန်မာ့နိုင်ငံရေး


မီဒီယာဂုရုတယောက်ပြောစကား - မြန်မာပြည်ကတော့ ဆင်းရဲနေဦးမှာပဲ၊ လာပ်စားနေဦးမှာပဲ၊ နောက်၁၀နှစ်ကြာလဲ သိပ်ထူးမှာမဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်လဲ လုပ်နိုင်သမျှလုပ်မှာပဲ၊ လက်နက်ကိုင်တွေ၊ အစိုးရအရာရှိကြီးတွေလဲ စားနိုင်သမျှ စားကြမှာပဲ။ ဒီတော့ ကိုယ်လဲ ဒေါ်အောင်ဆန်းစုကြည်လိုပဲ လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ရုံပါပဲ။ ပေါ့ပေါ့ပါးပါးပေါ့ ..တဲ့။  ဒါပေမဲ့ မြန်မာစစ်တပ်ကြီးက ဘေးကြပ်နံကြပ်နဲ့ စနစ်ပြောင်းပေးလိုက်ရသလို.. ဘေးကြပ်နံကြပ်နဲ့ပဲ လွှတ်တော်ထဲကထွက်သွားဖို့ မျှော်လင့်နေဆဲပါ။ အလွယ်တကူတော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မရေးချင်လဲ မြန်မာ့စစ်တပ်အကြောင်း ကိုယ့်ဉာဏ်တထွာတမိုက်နဲ့ ရေးလိုက်ပါဦးမယ်...။
.
.
ဆင်းရဲမွဲတေတဲ့မြန်မာနဲ့စစ်သုံးစရိတ်
စစ်သား ၄သိန်းကျော်က ကုန်ထုတ်လုပ်အား မရှိပဲ စစ်လေ့ကျင့်နေရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလဲ သိန်းနဲ့ချီပြီး ကုန်ထုတ်လုပ်အား မရှိပဲ စစ်လေ့ကျင့်နေရတယ်။ စစ်ပြေးဒုက္ခသည်တွေလည်း အများကြီးရှိနေပါတယ်။

ဒီအကြောင်းကို အားလုံးသိကြပါတယ်။ မြန်မာ့တပ်မတော် စစ်သုံးစရိတ် အများကြီးသုံးနေခြင်းကို ချက်ခြင်း တားဆီးဖို့ လုံးဝမဖြစ်နိုင်ပါ။ သမ္မတဦးသိန်းစိန်အစိုးရ ၂၀၁၁ ကတည်းက ဘတ်ဂျတ်ရဲ့ ၁၃% ကာကွယ်ရေးအသုံးစရိတ် ဖြစ်နေပါတယ်။
.
  ဒီကနေ့တော့ ကမ္ဘာ့စစ်သုံးစရိတ် Military Expense by GDP ကိုလေ့လာကြည့်တော့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံအဖို့ အရမ်းများနေပါတယ်။  တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ခတ်ရပ်စဲရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပိုပြီး မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၊ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအလွန်အရေးကြီးကြောင်း သိပြီးဖြစ်ပေမဲ့၊ တကယ်လက်နက်ကိုင်နေသူတွေက မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ အရှေ့တောင်အာရှမှာလဲ စစ်သုံးစရိတ် ၃% နဲ့ ရာနှုန်းအနေနဲ့ အများဆုံးဖြစ်ပါတယ်။ ငွေပမာဏအနေနဲ့တော့ ၂.၁၄ ဘီလျံဒေါ်လာဖြစ်ပါတယ်။ အစိုးရဘတ်ဂျတ်ရဲ့ ၁၃% ကို အသုံးပြုထားပါတယ်။
http://www.indexmundi.com/g/r.aspx?v=132
.

အစိုးရသစ် တနှစ်ကျော်လာချိန်မှာလဲ ငြိမ်းချမ်းရေး ခက်ခဲနေဆဲဖြစ်ပါတယ်။ အပစ်ခတ်ရပ်စဲရေး အလွန်အရေးကြီးကြောင်း၊ မပစ်ခတ်ဘူးဆိုရင်တော့ လေနဲ့ပဲ စစ်တိုက်ရမှာ ဖြစ်လို့ ..တောင်ကိုးရီးယားနိုင်ငံလို မြောက်ကိုးရီးယား ချိန်းခြောက်မှုရှိနေလဲ တိုးတက်နေတာ လက်တွေ့ဖြစ်ရပါပါ။ ဒါကြောင့် အပစ်ခတ်ရပ်စဲရေး အလွန်အရေးကြီးကြောင်း ယခင် ဦးသိန်းစိန်အစိုးရနဲ့ ယခု ဒေါ်အောင်ဆန်းစုကြည်အစိုးရ အလွန်ကြိုးစားနေတာ တွေ့နိုင်ပါတယ်။
.
တရုပ်နိုင်ငံ
တဟုန်ထိုး တိုးတက်သွားခြင်းတွေမှာ လေ့လာကြည့်ရင်
၁။ ခေါင်းဆောင်ကောင်း တိန့်ရှောင်ဖိန့် ဦးဆောင်ခြင်း
၂။ အမေရိကန်၊ ဂျပန် အနောက်နိုင်ငံများနှင့်ချစ်ကြည်မှုရရှိခြင်း
၃။ နိုင်ငံခြားရောက် တရုပ်ပညာရှင်များစွာ ပြန်လာစေခြင်း
၄။ စစ်သုံးစရိတ်လျော့ချခြင်း၊ (စစ်တပ်နိုင်ငံရေးမှထွက်ခွာခြင်း)၊
၅။ လူမျိုးဘာသာမတူသော ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်စေခြင်း
စတဲ့ လုပ်ရပ်များစွာ တွေ့ရမှာ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံမှာလည်း လူထုတခဲနက်ထောက်ခံ အာဏာရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိပါတယ်။ တရုပ်ပြည်နဲ့မတူတဲ့ အခြေအနေ များစွာ ဖြေရှင်းနေရပါတယ်။

တရုပ်၊ ဗီယက်နမ်၊ တောင်ကိုးရီးယား တို့ရဲ့အောင်မြင်မှုများ၊၊ အရှေ့အလယ်ပိုင်း အာရပ်နွေဦး၊ ကမ္ဘောဒိးယား စတဲ့ မအောင်မြင်မှုများကို မြန်မာအုပ်ချုပ်သူများ လေ့လာခွင့်ရပါတယ်။ မြန်မာအာဏာရှိ ခေါင်းဆောင်များ ညီညွတ်ဖို့လိုပါတယ်။
.

.
သုံးသပ်ချက်...
၁။ တပ်မတော်နဲ့ အစိုးရ နားလည်ညီညွတ်သွားမှ၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစပွင့်ပါမယ်။ အချိန်ကာလကခု စောင့်ရပါမယ်။ ၂နှစ်လား၊ ၃နှစ်လား။ လူအကြောင်း ပေါင်းကြည့်မှသိ ဆိုတဲ့အတိုင်း လူတော်လူကောင်းတွေအချင်းချင်း ပေါင်းလို့ရပါတယ်။ ပေါင်းလို့ရသွားမှ အဲဒိတော့မှ ပြည်တွင်းငြိမ်းချမ်းရေး ရသွားပြီး၊ အပစ်ခတ်ရပ်စဲရေး အကောင်ထည်ဖေါ်နိုင်ပါမယ်။ စစ်သုံးစရိတ် လျှော့ချနိုင်ပြီး၊ တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများ အမြန်အကောင်ထည်ဖေါ်နိုင်ပါမယ်၊ ဒါကတော့ သီအိုရီပါ၊ ဖြစ်အောင် ကြိုးစားနေကြပါတယ်။
.
၂။ ပြည်သူလူထုအတွက် မျက်ရည်နဲ့ဆုတောင်း၊ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေ ဘယ်လောက်များများ ရှိပါသလဲ။ ဒေါသနဲ့လုပ်ဆောင်နေသူများ၊ အညျိုးနဲ့လုပ်နေသူများ၊ ကြောက်ရွှံ့ခြင်းနဲ့လုပ်နေသူများစွာ ရှိနေပါတယ်။  ငြိမ်းချမ်းရေးမှာ ကေအိုင်အေ နဲ့ ၀ တပ်ဖွဲ့များ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးလာဖို့ လိုပါတယ်။
.
၃။ တပ်မတော်၊ အင်အယ်ဒီ၊ အတိုက်ခံပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် တွေကို မီဒီယာအားဖြင့် ဖြစ်စေ၊ နည်းမျိုးစုံနဲ့ မြှောက်ပင့်သွေးထိုးနေသူများစွာ ရှိနေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီခေါင်းဆောင်၂ဦးကိုပါ ပါတီ(၁၃)ခုက ရွေးကောက်ပွဲကော်မရှင်ကိုတိုင်တန်းထားတယ်။  ဒါလဲ  ဒေါ်အောင်ဆန်းစုကြည် က သူတို့ကို တွေ့ဆုံလိုက်ရင် တင်းမာမှုရော့သွားမှာ ဖြစ်ပေမဲ့ မတွေ့နိုင်သေး။
.
၄။ အခုတော့ စစ်သား၊ စစ်ဗိုလ်တွေ မြို့ထဲမှာ ရုံးသွား၊ ရုံးပြန် စစ်ဝတ်စုံ မဝတ်ရတော့ဘူး ဆိုတော့ တိုးတက်လာပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ဝတ်နေဆဲ၊  ငြိမ်းချမ်းရေးရင်ထွက်မယ် လို့ ကာ/ချုပ်က ပြောခဲ့ပါတယ်။ စစ်တပ်ကလဲ တရုပ်နဲ့အမေရိကန်၊ အင်္ဂလိပ်တွေကြားမှာ သတိထားနေရတယ်။ ရုရှားစစ်လက်နက်တွေနဲ့ ခေတ်မီအောင်လုပ်နေရတယ်။ အခု ကာ/ချုပ်နဲ့ စစ်ခေါင်းဆောင်များ ဂျာမဏီ၊ ဥရောပရောက်သွားပြီး လမ်းကြောင်းပြောင်းနေတယ်။ မြန်မာစစ်ဗိုလ်များစွာ ဥရောပစစ်ပညာသင် သွားနိုင်ရင်တော့ စစ်တပ်ဂျူနီယာစစ်ဗိုလ်များ နဲ့ စစ်တပ်ခေတ်မီ အခြေအနေကောင်းလာနိုင်ပါတယ်။ စစ်သားဦးရေ ၄သိန်းနဲ့ အလွန်များပြားနေတာလဲ ငြိမ်းချမ်းရေးမရရင် လျှော့ချဖို့က မလွယ်ပါ။  စစ်တပ်ဝန်ကြီး ကာကွယ်ရေး၊ ပြည်တဲရေး နဲ့ နယ်စပ်ဝန်ကြီးဌာနတွေက ဘတ်ဂျတ်အများဆုံး သုံးပြီး အသေးစိတ်လဲ လွှတ်တော်မှာ ဘာမှမတင်ပြကြပါ။ လျှော့ချဖို့ ဆိုတာလဲ လက်ရှိအခြေအနေမှာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ ပုံ-ဇယား၊ စစ်သုံးစရိတ် 3% of GDP or 13% of Budget.

၅။ အဓိက အကျဆုံးကတော့ လက်ရှိအင်အားကြီးလှတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်များနဲ့ အင်အင်ဒီပါတီခေါင်းဆောင်များရဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။ နာကျည်းမှုတွေ၊ မာန်မာနတွေ၊ မိမိနဲ့မိသားစု အနာဂါတ်စိတ်ချမှု အာမခံရဖို့အတွက် စိုးရိမ် ကြောက်ရွှံ့ခြင်းတွေက လွတ်မြောက်ဖို့၊ ခွင့်လွှတ်တတ်ဖို့လိုပါတယ်။ သူတို့တတွေ အခြေခံလူတန်းစား ဆင်းရဲမွဲတေသူဘဝတွေကို မြင်ပြီး မျက်ရည်မကျသေးဖူး ဆိုရင်တော့ တိုင်းပြည်ကြီးလဲ လာပ်စား၊ အဂတိကြား တဝဲတလည်လည် ရှိနေဦးမှာပါ။
.
ဇာနီကြီး
၁၃.မေ.၂၀၁၇

No comments:

Post a Comment