Twitter Bird Gadget

Sunday, May 7, 2017

Why Humans Run The World

(၁)
လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်သောင်းတုန်းက လူသားတွေဟာ အရာမဝင် နုံနဲ့တဲ့ သက်ရှိအသေးအမွှားတွေမျှသာ ဖြစ်တယ်။ သမိုင်းမတင်ခင်ခေတ်က လူသားတွေအကြောင်း လေ့လာရင် မဖြစ်မနေ သိထားရမှာက သူတို့ဟာ အရေးမပါ၊ အရာမရောက်ကြဘူး ဆိုတာပဲ။ ရေခူတို့၊ သစ်တောက်ငှက်တို့၊ ပိတုန်းကောင်တို့လို သေးသေးဖွဲဖွဲ သတ္တဝါတွေလောက်တောင် ကမ္ဘာကြီးအပေါ်  အကျိုးသက်ရောက်မှု မယ်မယ်ရရ မဖြစ်စေနိုင်ခဲ့ဘူး။

(၂)
ဒါပေမယ့် ဒီခေတ်အခါမှာ လူတွေဟာ ကမ္ဘာကြီးကို ထိန်းချုပ်ထားနိုင်နေပြီ။ အရင်အခြေအနေကနေ လက်ရှိဆီကို ရောက်လာစေတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ အရာမဝင်တဲ့ မျောက်ဝံတွေ၊ အာဖရိကတောနက် ထောင့်တစ်နေရာမှာနေပြီး ကိုယ့်အရေးကိစ္စကလွဲပြီး ဘာမှစိတ်မဝင်စားတဲ့ ထူးမခြားနား မျောက်ဝံနွယ်တစ်မျိုး အဖြစ်ကနေ ကမ္ဘာကို အုပ်စိုးသူတွေအဖြစ် ဘယ်အရာက ပြောင်းလဲစေသလဲ။

(၃)
လူသားတွေနဲ့ တခြားသတ္တဝါတွေကြားက ခြားနားချက်ကို တဦးချင်း၊ တယောက်ချင်း၊ တကောင်ချင်း၊ (Individual level) "တကိုယ်ရည်တကာယအဆင့်" မှာ ရှာဖွေတတ်ကြလေ့ ရှိတယ်။ လူတစ်ယောက်ချင်းစီကို ခွေးတစ်ကောင်ချင်းစီထက်၊ ဝက်တစ်ကောင်ချင်းစီထက်၊ ချင်(မ်)ပန်ဇီတစ်ကောင်ချင်းစီထက် အဆပေါင်းများစွာ ပိုမိုသာလွန်စေတဲ့ အထူးတလည် သီးသန့်ဖြစ်စေမှုတစ်ခု လူ့ခန္ဓာကိုယ်ထဲမှာ ဒါမှမဟုတ် လူ့ဦးနှောက်ထဲမှာ ရှိရမယ်လို့ ယုံကြည်ချင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းက တကိုယ်ရည်တကာယအဆင့်မှာ လူတွေဟာ ချင်(မ်)ပန်ဇီတွေနဲ့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင်ကို နီးစပ်ဆင်တူတယ်။ လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ချင်ပန်ဇီတစ်ကောင်နဲ့ လူတစ်ယောက်ကို အတူထားကြည့်ရင် ဘယ်သူက ဆက်ရှင်သန်နိုင်ခြေ ပိုများမလဲ လောင်းချင်ရင် ချင်(မ်)ပန်ဇီဘက်က ပုံအောသင့်တယ်။

(၄)
လူနဲ့တိရိစ္ဆာန်ကြား တကယ်တမ်း ခြားနားချက်ဟာ (Collective level) "ဘုံအကျိုးစီးပွားအတွက် စုပေါင်းဆောင်ရွက်တဲ့အဆင့်" မှာ ဖြစ်တယ်။ လူတွေ ကမ္ဘာကြီးကို ချုပ်ကိုင်လာနိုင်တာဟာ "မြောက်မြားလှတဲ့ အရေအတွက်ကြား လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိတဲ့" တစ်မျိုးတည်းသော သက်ရှိသတ္တဝါတွေ ဖြစ်လို့ပါ။ ပုရွက်ဆိတ်တွေ၊ ပျားတွေဟာလည်း အကောင်ရေ အမြောက်အမြားပေါင်းပြီး အတူအလုပ်လုပ်နိုင်ကြပေမယ့် ပြောင်းလွယ်ပြင်လွယ်မရှိတဲ့ ပုံစံခွက်သဘောအတိုင်းသာ ဖြစ်နေတယ်။ ပျားအုံတစ်အုံဟာ ခြိမ်းခြောက်မှုသစ်တစ်ခု၊ အခွင့်အလမ်းသစ်တစ်ခုနဲ့ ကြုံတွေ့ချိန်မှာ ပိုကောင်းကောင်း ရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ သူတို့ရဲ့ လူမှုအဆောက်အအုံကို နေ့တွင်းညချင်း ပြန်လည်တီထွင်ဖန်တီးတာမျိုး မလုပ်နိုင်ဘူး။ ဥပမာ - ပျားဘုရင်မကို ကွပ်မျက်ပစ်ပြီး ပျားသမ္မတနိုင်ငံ ထူထောင်လိုက်တာမျိုး မလုပ်နိုင်ဘူး။ ဝံပုလွေတွေ၊ ချင်ပန်ဇီတွေကျတော့ ပုရွက်ဆိတ်တွေထက် ပိုပြီးလိုက်လျောညီထွေရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပေမယ့် ခင်မင်ကျွမ်းဝင်ပြီးသား အနည်းအကျဉ်း အချင်းချင်းကြားမှာပဲ ဖြစ်တယ်။ ဝံပုလွေတွေ၊ ချင်ပန်ဇီတွေကြားမှာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပုဂ္ဂိုလ်ရေးအရ သိကျွမ်းမှုအပေါ် မူတည်တယ်။ တကယ်တမ်း ချင့်မ်ပ်တစ်ကောင်နဲ့ တစ်ကောင် ပူးပေါင်းဆောင်ရွက်ဖို့ဟာ အချင်းချင်းကြား ပုဂ္ဂိုလ်ရေးအရ အရင်ရင်းနှီးထားဖို့ လိုတယ်။ သူဟာ ဘယ်လိုချင့်မ်ပ်မျိုးလဲ၊ သူတော်ကောင်း ချင့်မ်(ပ်)လား၊ သူယုတ်မာချင့်မ်(ပ်)လား။ သူ့အကြောင်း မသိဘဲ ဘယ်ကလာ ပူးပေါင်းဆောင်ရွက်နိုင်မလဲ။

(၅)
ဟိုမိုဆေပီယန်တွေဟာပဲ မရေမတွက်နိုင်အောင် များပြားတဲ့ သူစိမ်းတွေနဲ့အတူ အလွန်တရာ လိုက်လျောညီထွေရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ တစ်ယောက်တစ်ယောက်ချင်း၊ ဆယ်ယောက်ဆယ်ယောက်ချင်းမှာ ချင်(မ်)ပန်ဇီတွေဟာ လူတွေထက် သာကောင်းသာနိုင်တယ်။ ဒါပေမယ့် ချင်(မ်)ပန်ဇီ အကောင်တစ်ထောင်နဲ့ လူအယောက်တစ်ထောင် ပွဲသွင်းပြီး ယှဉ်ခိုင်းကြည့်ရင် ဆေပီယန်တွေက လွယ်လွယ်ပဲ အနိုင်ယူသွားလိမ့်မယ်။ အကြောင်းက ချင့်မ်(ပ်)အကောင်တစ်ထောင်ဟာ ဘယ်လိုမှ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တာ မရှိလို့ပါ။ ချင့်မ်(ပ်)အကောင်တစ်သိန်းကို ဝေါလ်စထရိ(တ်)ထဲ ဒါမှမဟုတ် ယန်းကီးစတေဒီယမ်ထဲ မောင်းထည့်ကြည့်ပါလား၊ ကစဥ့်ကလျား ကသောင်းကနင်းပဲ ကြုံရမှာပေါ့။ အဲဒီနေရာတွေဆီ လူအယောက်တစ်သိန်းကို လွှတ်ကြည့်ရင် ကမ္ဘာအနှံ့ ကုန်သွယ်မှုကွန်ယက်တွေနဲ့ အားကစားပြိုင်ပွဲတွေ ပေါ်လာမယ်။

(၆)
ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကြောင့် ကောင်းရာကောင်းကြောင်းတွေပဲ အမြဲဖြစ်တာတော့ မဟုတ်ဘူး။ ကမ္ဘာ့သမိုင်းတလျှောက် လူသားတွေကြောင့် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာမှန်သမျှကလည်း (Mass cooperation) "အစုလိုက်အပြုံလိုက် ပူးပေါင်းဆောင်ရွက်မှု"ရဲ့ ထုတ်ကုန်တွေ ဖြစ်တယ်။ အကျဉ်းထောင်တွေ၊ သားသတ်ရုံတွေ၊ လူသတ်ငရဲစခန်းတွေဟာ အစုအပြုံလိုက် ပူးပေါင်းဆောင်ရွက်တဲ့ စနစ်တွေ ဖြစ်တယ်။ ချင်ပန်ဇီတွေဟာ ထောင်တွေမရှိဘူး၊ သားသတ်စခန်းတွေနဲ့ လူသတ်ငရဲစခန်းတွေလည်း မရှိဘူး။

(၇)
ဒါပေမယ့် အားကစား ပြိုင်ဖို့ပဲဖြစ်ဖြစ်၊ ကုန်သွယ်ဖို့ပဲဖြစ်ဖြစ်၊ သတ်ကြဖြတ်ကြဖို့ပဲဖြစ်ဖြစ်၊ သက်ရှိသတ္တဝါ ဟူသမျှထဲမှာ လူသားတွေကသာ မြောက်မြားလှတဲ့ အရေအတွက်ကြား လိုက်လျောညီထွေစွာ ဘာကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ။ အဖြေက လူသားတွေရဲ့ (Imagination) စိတ်ကူးကွန့်မြူးဖန်တီးနိုင်စွမ်း ဖြစ်တယ်။ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ဖန်တီးတီထွင်နိုင်စွမ်း၊ ဒီဇာတ်လမ်းတွေ နေရာအနှံ့ဆီ ကူးစက်ပျံ့နှံ့စေနိုင်စွမ်း၊ သန်းပေါင်းများစွာသော သူစိမ်းတရံဆံတွေကိုတောင် ဒီဇာတ်လမ်းတွေအပေါ် နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်စေနိုင်စွမ်းတွေကြောင့် မတွေ့ဖူး၊ မသိဖူးသူ၊ သူစိမ်းတွေ အများအပြားနဲ့တောင် အတူ ပူးပေါင်းဆောင်ရွက်နိုင်စေတယ်။ အလားတူ ဇာတ်လမ်းတွေကို ယုံကြည်နေသေးသရွေ့ အလားတူ စည်းကမ်းဥပဒေတွေကို အားလုံးက လိုက်နာကြတာကြောင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ကြတယ်။

(၈)
ဒါမျိုးကို လူသားတွေသာ လုပ်နိုင်စွမ်းတယ်။ ချင်(မ်)ပန်ဇီတစ်ကောင်ဆီက ငှက်ပျောသီးတစ်လုံးရဖို့ "ငှက်ပျောသီးပေးရင် သူသေပြီးနောက်မှာ အဲဒီကောင်းမှုကြောင့်  ချင်(မ်)ပန်ဇီကောင်းကင်ဘုံကို ရောက်ပြီး မရေမတွက်နိုင်တဲ့ ငှက်ပျောသီးတွေ ရလိမ့်မယ်" ချင်(မ်)ပန်ဇီတစ်ကောင်ကို ကတိပေးပြီး ဘယ်တော့မှ အယုံမသွင်းနိုင်ဘူး။ လူတွေကသာ အဲဒီလိုဇာတ်လမ်းတွေကို ယုံကြတယ်။ ဒီအကြောင်းကြောင့်ပဲ လူတွေက ကမ္ဘာကြီးကို အုပ်စိုးချယ်လှယ်နေကြပြီး ချင်(မ်)ပန်ဇီတွေကတော့ တိရိစ္ဆာန်ရုံတွေ၊ သုတေသနဌာနတွေမှာ ပိတ်လှောင်ခံထားရတယ်။

(၉)
ဘာသာရေးကွန်ယက်တွေ ပူးပေါင်းဆောင်ရွက်ကြတာဟာ စိတ်ကူးယဉ်လုပ်ဇာတ်တွေအပေါ်မှာ မူတည်နေကြောင်း လက်ခံနိုင်ဖို့ မခက်လှဘူး။ လူတွေ ဘုရားရှိခိုးကျောင်းတစ်ခု အတူဆောက်ကြတာ၊ ဒါမှမဟုတ် ခရူးဆိတ်စစ်တိုက်ဖို့ အတူခရီးထွက်ကြတာတွေဟာ ဘုရားသခင်နဲ့ ကောင်းကင်ဘုံအကြောင်း အလားတူ ဇာတ်လမ်းတွေကို သူတို့သက်ဝင်ယုံကြည်လို့ ဖြစ်တယ်။ ဒါပေမယ့် လူတွေကြားမှာ ထဲဝင်ကျယ်ပြန့်တဲ့ အတိုင်းအဆနဲ့ အခြားပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း ဒီသဘောအခြေခံအတိုင်းသာ ဖြစ်တယ်။ ဥပမာ - တရားစီရင်ရေးစနစ်ကို ကြည့်ပါ။ ဒီခေတ်မှာ တရားစီရင်ရေးစနစ် အများစုဟာ လူ့အခွင့်အရေးတွေကို ယုံကြည်မှုအပေါ် အခြေခံမူတည်ထားတယ်။ ဒါပေမယ့် လူ့အခွင့်အရေးတွေဆိုတာလည်း ဘုရားသခင်တို့၊ ကောင်းကင်ဘုံတို့လိုပဲ စိတ်ကူးဖန်တီးမှုတစ်ခုသာ ဖြစ်တယ်။ လက်တွေ့မှာ ချင့်မ်(ပ်)တွေ၊ ဝံပုလွေတွေအတွက် ဘာအခွင့်အရေးမှ မရှိသလို လူတွေအတွက်လည်း မရှိဘူး။ လူတစ်ယောက်ကို ခုတ်ထစ်ပိုင်းဖြတ်ကြည့်ပါလား၊ ဘာအခွင့်အရေးမှ တွေ့မှာမဟုတ်ဘူး။ လူ့အခွင့်အရေးတွေ တည်ရှိတဲ့ တစ်ခုတည်းသောနေရာက လူတွေ ဖန်တီးထားသလို၊ လူတွေပဲ တစ်ယောက်နဲ့ တစ်ယောက်ကြား လက်ကမ်းပြောနေကြတဲ့ စိတ်ကူးဇာတ်လမ်းတွေထဲမှာသာ။ လူ့အခွင့်အရေးက သိပ်ကို ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒါပေမယ့် စိတ်ကူးဖန်တီးထားတဲ့ ဇာတ်လမ်းထက် မပိုဘူး။

(၁၀)
နိုင်ငံရေးမှာလည်း ဒီယန္တယားအတိုင်း အလုပ်လုပ်တာဖြစ်တယ်။ ဘုရားသခင်တွေ၊ လူ့အခွင့်အရေးတွေအတိုင်းပဲ၊ နိုင်ငံတွေဆိုတာလည်း စိတ်ကူးဖန်တီးမှုတွေပဲ။ တောင်တန်းတောင်ထွတ်တွေဟာ အကယ်စင်စစ် တည်ရှိနေတာဖြစ်တယ်။ ကြည့်နိုင်မြင်နိုင်တယ်၊ ထိတွေ့ကိုင်တွယ်နိုင်တယ်၊ အကောင်အထည်ပေါ်နိုင်တယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု၊ အစ္စရေး စသဖြင့် နိုင်ငံတွေဟာ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အရှိတရားမဟုတ်ဘူး။ ဒါတွေဟာ လူတွေ တီထွင်ဖန်တီးထားပြီး၊ ကိုယ်တိုင် အလွန်အကျူး သံယောဇဉ်တွယ်မိသွားတဲ့ စိတ်ကူးဇာတ်လမ်းတွေသာဖြစ်တယ်။

(၁၁)
စီးပွားရေးကွန်ယက်တွေ ပူးပေါင်းလုပ်ဆောင်တာဟာလည်း ဒီသဘောအတိုင်းသာ။ ဒေါ်လာတစ်ရွက်ကို ယူလိုက်ပါ။ အဲဒီစက္ကူဟာ ဘာမှတန်ဖိုးမရှိဘူး။ အဲဒီစက္ကူကို စားလို့မရဘူး၊ သောက်လို့မရဘူး၊ ဝတ်လို့လည်းမရဘူး။ ဒါပေမယ့် Federal Reserve နာယကလို၊ အမေရိကန်သမ္မတလို အင်မတန်ပုံပြောကောင်းသူ ဆရာ့ဆရာများက အဲဒီအစိမ်းရောင်စက္ကူဟာ ငှက်ပျောသီးငါးလုံးစာ တန်ဖိုးရှိကြောင်း မယုံယုံအောင် ဆွယ်ကြတယ်။ သန်းပေါင်းများစွာသော လူတွေက အဲဒီပုံပြင်ကို ယုံကြည်နေသေးသရွေ့ အဲဒီစက္ကူစိမ်းတစ်ရွက်ဟာ တကယ်ကို ငှက်ပျောသီးငါးလုံးနဲ့ တန်ဖိုးညီနေဦးမယ်။ စူပါမားကတ်ဆီသွား၊ တန်ဖိုးရယ် တကယ်မရှိတဲ့ စက္ကူတစ်ရွက်ကို တခါမှမတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ပေးလိုက်ရင် ငှက်ပျော်သီးအစစ်တွေ ပြန်ရမယ်။ ချင်(မ်)ပန်ဇီတစ်ကောင်နဲ့ အဲဒီလို စမ်းကြည့်ပါလား။

(၁၂)
တကယ်တမ်းမှာ ငွေကြေးအသပြာဟာ လူတွေ တီထွင်ဖန်တီးခဲ့သမျှ အအောင်မြင်ဆုံး စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တယ်။ ဘုရားသခင်ကိုဖြစ်ဖြစ်၊ လူ့အခွင့်အရေးတွေကိုဖြစ်ဖြစ်၊ အမေရိကန်ပြည်ထောင်စုကိုဖြစ်ဖြစ်၊ လူတိုင်းက ယုံကြတာမဟုတ်ဘူး။ ဒါပေမယ့် လူတိုင်းဟာ ငွေကြေးပိုက်ဆံကိုတော့ ယုံကြတယ်၊ အမေရိကန်ဒေါ်လာကို ယုံကြတယ်။ ကုန်ကုန်ပြောရရင် အိုစမာ ဘင်လာဒင်တောင် အမေရိကန် ဘာသာရေးတွေ၊ အမေရိကန် နိုင်ငံရေးတွေနဲ့ အမေရိကန် ယဉ်ကျေးမှုကို ဘယ်လိုမုန်းမုန်း၊ အမေရိကန်ဒေါ်လာတွေကိုတော့ သူအလွန်နှစ်သက်တယ်။ ဒေါ်လာဇာတ်လမ်းကို သူကန့်ကွက်တာ မရှိခဲ့ဘူး။

(၁၃)
အချုပ်အားဖြင့်က တခြားသက်ရှိသတ္တဝါတွေ ဟူသမျှဟာ မြစ်ချောင်းအင်းအိုင်တွေ၊ သစ်ပင်သစ်တောတွေနဲ့ သားရဲတိရိစ္ဆာတွေရဲ့ ဓမ္မဓိဌာန်ကျကျ အရှိတရားလောကမှာ ရှင်သန်ကြတာဖြစ်ပေမယ့် လူသားတွေဟာ (dual world) ဒွိစုံကမ္ဘာမှာ ရှင်သန်ကြတာဖြစ်တယ်။ အဲဒီကမ္ဘာမှာ မြစ်ချောင်းတွေ၊ သစ်ပင်တွေ၊ ခြငေ်္သ့တွေ ရှိတဲ့အပြင် အဲဒီ ဓမ္မဓိဌာန်ကျကျ အရှိတရား အလွှာရဲ့ အထက်မှာ ဥရောပသမဂ္ဂလို၊ ဘုရားသခင်လို၊ ဒေါ်လာငွေစက္ကူလို၊ လူ့အခွင့်အရေးတွေလို၊ စိတ်ကူးတီထွင်ချက် သီးခြားအဆောက်အအုံတွေ ဖွဲ့စည်းပါဝင်သော (make-believe reality) "ဖန်တီးယုံကြည်ချက် အရှိတရား" ဒုတိယအလွှာတစ်ခုကို လူသားတွေက တည်ဆောက်ထားတယ်။

(၁၄)
အချိန်ကာလ ရွေ့လျောကြာမြင့်တာနဲ့အမျှ အဲဒီ စိတ်ကူးယဉ်အဆောက်အအုံတွေဟာ ပိုပိုပြီး စွမ်းအားကြီးလာ၊ လွှမ်းမိုးနိုင်လာတော့ ဒီနေ့ကမ္ဘာမှာ လွှမ်းမိုးချုပ်ကိုင်နိုင်မှု အပြင်းထန်ဆုံး စွမ်းအားတွေ ဖြစ်နေပြီ။ သစ်ပင်သစ်တောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ သက်ရှိသတ္တဝါတွေ စသဖြင့် ရပ်တည်ရှင်သန်ရဖို့ဟာ လူသားတွေရဲ့ စိတ်ကူးကွန့်မြူးဖန်တီးနိုင်စွမ်းကြောင့်သာ ပေါ်ပေါက်တည်တန့်နိုင်တဲ့ အမေရိကန်ပြည်ထောင်စုလို၊ ကမ္ဘာ့ဘဏ်လို၊ စိတ်ကူးယဉ်အဆောက်အအုံတွေရဲ့ ဆန္ဒနဲ့၊ ဆုံးဖြတ်ချက်တွေအပေါ် မှီခိုနေရပြီ။

[TED တွင် သမိုင်းပါမောက္ခ Yuval Noah Harari ရေးသားထားသော "Why humans run the world" ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုသည်။ Source: http://ideas.ted.com/why-humans-run-the-world/]

No comments:

Post a Comment