ယနေ့လူငယ်သည် မနက်ဖြန် နိုင်ငံခေါင်းဆောင်ဖြစ်သည်ဟူသော ဆောင်ပုဒ်ကို လူအများစုတွင်တွင် ပြောဆိုကြသည်။ ကျောင်းများတွင် ဆရာများက တပည့်များကို ဆုံးမစကားပြောကြားရာတွင် မပါမဖြစ်စကားရပ်အဖြစ် သုံးစွဲကြသည်။ စာစီစာကုံးရေးရာတွင် အချက်အလက်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဟောပြောပွဲတွင် ပရိသတ် လက်ခုပ်သံအဖြစ်ဖန်တီးယူနေကြသည်။ သို့သော် လက်ရှိ အခြေအနေက ထိုကဲ့သို့ နိုင်ငံ့ခေါင်းဆောင်အလောင်းအလျာများကို အလေးထား၍ နေရာပေးဆက်ဆံနေကြပြီလော။ ဤကိစ္စသည် မြန်မာနိုင်ငံ၏ နောင်ရေးအတွက်အလွန်တရာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်နေပြီဟု ရှုမြင်သုံးသပ်မိပါသည်။
လူငယ်များသည် လူကြီးများ၏ ဆိုဆုံးမမှုများကို မြေ၀ယ်မကျနားထောင်ရမည်။ လူကြီးတို့ ခိုင်းစေသည့်အတိုင်း ဆောင်ရွက်ရမည်။ လူကြီးများ ထားသည့်နေရာတွင် နေရမည်။ ပေးအပ်သည့် တာ၀န်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်။ ထိုသို့ ဆောင်ရွက်လျှင် ထိုလူငယ်သည် လူတော်ဖြစ်သည်။ လူလိမ္မာဖြစ်သည်။ အခြားတစ်ဖက်၌ လူကြီးများ၏ ဆိုဆုံးမမှုများကို မြေ၀ယ်မကျနားမထောင်ဘဲ မိမိတို့ စိတ်ကူးစိတ်သန်းများဖြင့် စဉ်းစားဉာဏ်ကွန့်မြူးကာ ဆောင်ရွက်လေကြသော လူငယ်အချို့သည် လူဆိုး၊လူမိုက် စာရင်း၀င်ကြသည်။ ပေးအပ်သည့် တာ၀န်သည် တစ်ဦးတစ်ယောက်အတွက်သော်လည်းကောင်း၊ အများအတွက်သော်လည်းကောင်း ထိခိုက်နစ်နာစေမည့်အတွက် ထိုကိစ္စကို မဆောင်ရွက်နိုင်ပါဟု ငြင်းဆန်ခဲ့လျှင် ထိုလူငယ်သည် လူကြီးသူမ၏ အမိန့်ကို ဖီဆန်သည့် လူရမ်းကားဟု တံဆိပ်ကပ်ကြသည်။ လူငယ်များသည် လူကြီးများ၏ ပြောဆိုမှုများကို အမြဲခေါင်းညိတ်နေရမည့် ယဉ်ကျေးမှုတစ်ရပ် မြန်မာနိုင်ငံတွင် အမှန်တကယ်ရှိနေပါသည်။
မိဘတစ်ဦးက သူ့သားသမီးကို စာရိတ္တမကောင်းသည့် သူငယ်ချင်းနှင့် အပေါင်းအသင်းစာရင်းဖျက်ရန် လမ်းညွှန်မှုသည် ကောင်းသော လမ်းညွှန်မှုဖြစ်၍ လိုက်နာထိုက်သည်။ သို့သော် သူနှင့် မတည့်သော မိသားစုမှ ပေါက်ဖွားလာသော သို့မဟုတ် သူ့လိုအင်ကို မဖြည့်စွမ်းသည့် ( ဥပမာ သူ ပိုက်ဆံချေးသည်ကို မချေးလိုက်သော ) မိသားစုမှ ပေါက်ဖွားလာသော ကလေးတစ်ယောက်ကို သူ့တွင် စာရိတ္တချွတ်ယွင်းခြင်း အလျင်းမရှိပါဘဲနှင့် မိမိကလေးနှင့် ထိုကလေး၏ ပေါင်းသင်းဆက်ဆံရေးကို အမိန့်အာဏာသုံး၍ တားဆီးခြင်းမှာ အမုန်းတရားကို အခြေခံထားသော လမ်းညွှန်မှုဖြစ်၍ မလိုက်နာထိုက်ရာ။ သို့သော် မြန်မာနိုင်ငံတွင် ထိုသို့သော ကိစ္စမျိုးကို လိုက်နာနေရသည်။ ထို့ကြောင့် လူငယ်တို့၏ စိတ်တွင် မိမိတို့နှင့် ပတ်သက်သော သူများနှင့် ပြဿနာတစ်စုံတစ်ရာတက်ဖူးသူဟူသရွေ့သည် လူဆိုးများဖြစ်ကြသည်၊ မပေါင်းထိုက်ရာ၊ ထိုသူတို့ လုပ်ဆောင်သမျှသော အရာတို့သည်လည်း အကောင်းမဖြစ်ရာဟု မှတ်ယူသွားကြလေတော့သည်။
ဤကိစ္စများ၏ အကျိုးသက်ရောက်မှုများကို လက်ရှိနိုင်ငံရေးနယ်ပယ်တွင် မြောက်မြားစွာ တွေ့မြင်နေရပါသည်။ ယနေ့လူကြီးဘ၀တွင် ရုန်းကန်လှုပ်ရှားနေကြသူများသည် ယခင်က လူငယ်ဘ၀၌ ကျင်လည်ခဲ့ကြဖူးသူများဖြစ်ရာ အများစုမှာလည်း မိမိတို့၏ အတွေးအခေါ်ကို ဘောင်ခတ်ထားခဲ့သော မိဘ၊ဆရာများနှင့်သာ တွေ့ကြုံခဲ့ကြရသော လူအများစုသာ ဖြစ်ကြသည်ဆိုလျှင် ငြင်းဆန်နိုင်မည့်သူ သိပ်မရှိဟု ထင်မြင်မိသည်။ အချို့တစ်လေတော့ရှိသည်။ သူတို့ကတော့ စာအုပ်စာပေများကို အစဉ်တစိုက် ဖတ်ရှုလေ့လာတတ်၍ ဉာဏ်အလင်းပွင့်လင်းနေသူများပင်။ သူတို့ကတော့ အရာရာကို ယထာဘူတကျကျ တွေးတတ်သည်။ အစွဲအလမ်းတစ်ခုတည်းနှင့် မယုံကြည်တတ်။ ယုံကြည်ရသောသူ ပြောဆိုသည်ဆို၍လည်း မျက်စိမှိတ် မကိုးကွယ်တတ်။ သို့သော် ထိုသူတို့သည် လူနည်းစုသာတည်း။ အများစုမှာ အသိဉာဏ် ဘောင်ခတ်ခံထားရသူများဖြစ်ကြရာ မိမိနှင့် သဘောထားမတူသူ မိမိရန်သူဟု တစ်ယူသန်ယူဆနေကြသည်ကို ၀မ်းနည်းဖွယ်တွေ့မြင်နေရပါသည်။
ဤကိစ္စများ၏ နောက်ဆက်တွဲအားဖြင့် အမြင်တူသူအချင်းချင်းသာ ကူးလူးဆက်ဆံ၍ အဆင်ချောတော့သည်။ အမြင်မတူသူများဟု တံဆိပ်ကပ်ထားသူများကို မည်သူမျှ ဆေးဖော်ကြောဖက်လုပ်၍ စကားအပြန်အလှန်ပြောဆိုခြင်း မပြုကြတော့။ တိုက်ခိုက်ရန်၊ ဆဲရေးရန်မျှသာ သဘောထားတော်မူကြတော့သည်။ အမှန်တွင် အမြင်မတူသူများတွင်လည်း မိမိထက်ပိုမို ယထာဘူတကျသော အဖြေများ ရှိနိုင်သည်။ မိမိထက် ပိုမို မှန်ကန်တိကျသော အဖြေများ ရှိနိုင်သည်။ မိမိ၏ လွဲမှားနေသော အယူအဆကို ယုတ္တိရှိရှိ မိမိလက်ခံနိုင်အောင် ပြောပြပေးနိုင်မည့် အကြောင်းပြချက်ရှိနိုင်သည်။ သို့သော် ထိုကဲ့သို့ ငယ်စဉ်တောင်ကျေးကလေးဘ၀မှသည် ယနေ့ထက်တိုင် မိမိတို့ အသိဉာဏ်ကလေးကို မိမိတို့ ယုံကြည်ရသော၊ လေးစားရသော သူတို့၏ အတွေးအခေါ်များ၊ အယူအဆများအောက်တွင်သာ ပိတ်လှောင်ထားကြသဖြင့် ယနေ့မြန်မာ့နိုင်ငံရေးလောကတွင် သိက္ခာရှိရှိ ဆွေးနွေးမှုများအစား တူရာတူရာသာ စု၍ ဆွေးနွေးကြခြင်း၊ မတူညီသော အယူဝါဒပိုင်ရှင်များကို စုပေါင်းထိုးနှက်ခြင်း ယဉ်ကျေးမှုများသာ များပြားလာတော့သည်။ လူကြီးများ၏ လမ်းပြပုံ ညံ့ဖျင်းခဲ့ခြင်း၏ အကျိုးရလဒ်များပင်ဖြစ်သည်။
လူကြီးအများစုတွင် လူငယ်တို့ကို မယုံကြည်ခြင်း ဟူသော အရာတစ်ခုကလည်း မြန်မာနိုင်ငံတွင် ဆေးမရှိသည့် ရောဂါတစ်ခုပမာ တည်ရှိနေသေးသည်။ လူငယ်များသည် အတွေ့အကြုံပိုင်းဆိုင်ရာ၌ လိုအပ်ချက်များရှိသည်ကို လက်ခံပါသည်။ ထို့ကြောင့် အလုံးစုံယုံကြည်မှုမပေးနိုင်ဟူသည်ကို လက်ခံပေး၍ရပါသည်။ သို့သော် လူငယ်များကို အထိုက်အလျောက်ပင် ယုံကြည်မှုမပေးကြဘဲ အထင်သေးလွန်းနေသည်ကဖြင့် မြန်မာနိုင်ငံတိုးတက်ရေးကို နှောင့်နှေးစေသော အတွေးများဟု ဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မည်မျှကျွမ်းကျင်သည့် ပညာရှင်မဆို တစ်ချိန်ချိန်တွင် အို၊နာ၊သေဘေးတစ်ခုခုနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့် လူငယ်များကို ယုံယုံကြည်ကြည်လက်တွဲခေါ်၍ မှားနေသည်ရှိလျှင်လည်း အမှန်ပြင်ပေးကြကာ လမ်းပြကြမှသာ မိမိတို့ထားရစ်ခဲ့သောအချိန်တွင် မိမိတို့နေရာကို ထိုလူငယ်များက တင်းပြည့်ကျပ်ပြည့် ဆက်ခံနိုင်ကြပေမည်။
သို့သော်ငြားလည်း ထိုကဲ့သို့သော လူငယ်များကို လက်တွဲခေါ်သည့် စိတ်ထားမျိုးကို မြန်မာနိုင်ငံတွင် အလွန်အတွေ့ရနည်းနေပါပြီ။ လူငယ်များသည် သူတို့၏ နေရာကို လုယူမည့်သူများဟု တစ်ဖက်သတ်အတွေးများသာ လွှမ်းမိုးနေကြသဖြင့် မည်သည့်လူငယ်ကိုမျှ နေရာပေးကာ ဆွဲခေါ်ခြင်း မပြုကြတော့။ လူငယ်အများစုသည် တွဲခေါ်မိပါက ပညာစုံလျှင် ကျေးဇူးကန်းသည်ဟု ဆင်ခြေပြုကြပြန်သည်။ သို့ဆိုလျှင် တစ်ခုပြန်လည်မေးမြန်းလိုသည်က ထိုကိစ္စမျိုးသည် လူငယ်အားလုံး ဆောင်ရွက်နေကြသလော။ မြန်မာ့လူငယ်များတွင် စိတ်ထားကောင်းမွန်သော တိုင်းပြည်နှင့်လူမျိုးကို၊ အနိမ့်ဆုံး မိမိ၏ ပတ်၀န်းကျင်ကို အလုပ်အကျေွးပြုနိုင်လောက်သည့် စိတ်နေစိတ်ထားရှိသူ ဤမျှလောက်ရှားပါးသွားပြီလော။ စိတ်ဓာတ်ည့ံဖျင်းသူများကို တွဲခေါ်ရန် ကျွန်တော် မတိုက်တွန်းလိုပါ။ အဆိပ်ပင် ရေလောင်းခြင်းကို ကျွန်တော်လည်း အားမပေးပါ။ သို့သော် စိတ်ဓာတ်အခြေခံကောင်းသော လူငယ်များကိုမူ ပညာရှင်တို့က လက်တွဲခေါ်သင့်သည်။ လူကောင်းမည်မျှဖြစ်နေပါစေ၊ လူတော်မဖြစ်လျှင် တိုင်းပြည်အတွက် အားကိုးနိုင်သူများဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူတော်လူကောင်းများ မွေးထုတ်ပေးရေးသည် တိုင်းပြည်၏ နောင်ရေးအတွက် အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်သည်ကို လူကြီးများက အလေးထားရန်လိုသည်။
ကျွန်တော်တို့မြန်မာနိုင်ငံသည် လူတော်ပေါသည်။ လူကောင်းရှားသည်ဆိုလျှင် ကျွန်တော့်ကို ပြန်လည်၍ ရန်တွေ့မည့်သူများလိမ့်မည်ထင်သည်။ သို့သော် မြန်မာနိုင်ငံ၏ အရှိတရားသည် ဤသို့ပင်ဖြစ်နေသည်။ လူငယ်တစ်ယောက်သည် ပညာရပ်တစ်ခုကို အလွန်ထူးချွန်အောင် ကြိုးပမ်းနေသည်ဆိုပါစို့။ ထိုလူငယ်၏ ရည်မှန်းချက်ကို မေးမြန်းကြည့်ပါက တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားတိုးတက်ရေးဆောင်ရွက်လို၍ ကြိုးစားနေပါသည်ဟူသော အဖြေထွက်လာလိမ့်မည်မဟုတ်ပေ။ မိမိနှင့် မိမိ၏ မိသားစုနောင်ရေးအတွက် ကြိုးစားနေသည်ဟူ၍သာ ဖြေဆိုကြလိမ့်မည်။ တိုင်းပြည်နှင့်လူမျိုးအတွက် နစ်နာစေမည့်ကိစ္စရပ်ကို မိမိ၏ မိသားစုအတွက် အလွန်တရာအကျိုးရှိမည်ဟု ထင်လျှင် လုပ်မည်လောဟုမေးမြန်းပါက အများစုက လုပ်မည်ဟု ဖြေကြလိမ့်မည်။ အဘယ့်ကြောင့်နည်း။ ထိုလူငယ်များတွင် လူတော်ဖြစ်အောင် သင်ကြားပို့ချပေးခဲ့သော ဆရာများသာ ရှိ၍ လူကောင်းဖြစ်အောင် လမ်းညွှန်ပြသခဲ့သူမရှိခဲ့သောကြောင့်ဟု ယေဘုယျကောက်ချက်ချ၍ ရသည်။ ထို့ကြောင့် ၄င်းကိစ္စတွင် အဓိက တာ၀န်ရှိသူများမှာ မိဘ၊ဆရာများပင်ဖြစ်ပါသည်ဟု အခိုင်အမာဆိုချင်သည်။
ဤအဆိုကို ကျွန်တော်ရှင်းပါမည်။ မိဘဆရာများသည် လူငယ်များ၏ ရှေ့ဆောင်လမ်းပြများဖြစ်ကြသည်။ သို့သော် မြန်မာနိုင်ငံရှိ မိဘ၊ ဆရာအများစုသည် မလုပ်သင့်သော အလုပ်များစွာကို လူငယ်များ၏ ရှေ့မှ လမ်းပြကာ အမျိုးမျိုးလုပ်ဆောင်နေကြသည်။ စီးပွားရေးမပြေလည်သောကြောင့်ဟု ဗန်းပြပြောဆိုသော်လည်း တကယ်လုပ်ဆောင်နေသည်က စီးပွားရေးပြေလည်ရုံအဆင့်ထက် အလွန်သာလွန်သော စီးပွားရေးခိုင်မာတောင့်တင်းအောင် မရိုးသားသော နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြသည်သာဖြစ်သည်။ ထို့ပြင် လူငယ်များကိုလည်း မကောင်းသော နည်းလမ်းများဖြင့်သာ နည်းပေးလမ်းပြကြသေးသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် ဆောင်ရွက်နိုင်သည့် နိုင်ငံသားကောင်းများ ဖြစ်ကြရန် တိုက်တွန်းမှုများအစား အောက်ဆိုက်ကောင်းကောင်းရသည့် အလုပ်လုပ်ရန် တိုက်တွန်းမှုများက ပိုမိုကြီးစိုးလာသည်။ ကောင်းသော လက်တွဲခေါ်မှုများအစား အချင်းချင်း ကွက်ကျော်ရိုက်တတ်သည့် အမူအကျင့်များကိုသာ နည်းပေးလမ်းပြမှုများက အားသာလာသည်။ ထို့ကြောင့် လူငယ်များ၏ မကောင်းသော စရိုက်များတွင် တာ၀န်အရှိဆုံးမှာ လူကြီးများပင် ဖြစ်သည်ဟု ကျွန်တော်ရဲရဲကြီးဆိုလိုက်ပါမည်။
နောက်တစ်ချက်အနေဖြင့်ပြောရသော် လူကြီးအများစုသည် လူငယ်များ၏ ေ၀ဖန်မှုများကို လက်မခံတတ်ကြခြင်းပင်။ မိမိ၏ အယူဝါဒသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မိမိပြောသမျှစကားကို လက်ခံရမည်ဟူသော အယူဝါဒတစ်ခုကလည်း မြန်မာနိုင်ငံတွင် အသုံးများနေသော ဝါဒတစ်ခုဖြစ်သည်။ အမှန်မှာ ရိုင်းစိုင်းသည့် ေ၀ဖန်ပြောဆိုမှုမဟုတ်ခဲ့လျှင် မည်မျှပင် ငယ်ရွယ်သည့် ကလေးဖြစ်ပါစေ။ သူ့ေ၀ဖန်မှုကို လေးလေးစားစား နားထောင်ပေးရမည်။ သူမှားနေလျှင်လည်း လေးလေးစားစား ပြင်ပေးရမည်။ ခဏခဏ ေ၀ဖန်ရေးလုပ်ခိုင်းရမည်။ ေ၀ဖန်ရေးဆိုသည်မှာ မကောင်းသော ကိစ္စမဟုတ်။ လူငယ်တို့ကို စဉ်းစားဉာဏ်ရင့်သန်စေသော၊ လူကြီးလူကောင်းဆန်ဆန်အားထုတ်တတ်စေရန် သင်ကြားပေးနိုင်သော ကိစ္စရပ်ကြီးဖြစ်သည်။ ေ၀ဖန်သုံးသပ်မှုများများလုပ်ဆောင်ခိုင်းလျှင် လူငယ်သည် ထိုကိစ္စကို လုပ်ဆောင်နိုင်ရန် စာပေများများ ဖတ်ရမည်။ ဗဟုသုတကြွယ်၀လာမည်။ သူတစ်ပါးကို သူေ၀ဖန်ထားသော မကောင်းသည့် ကိစ္စရပ်များကို သူကိုယ်တိုင် ကျူးလွန်ရန် လက်တွန့်လာမည်။ သူတစ်ပါး က ကောင်းသောကိစ္စရပ်များ ဆောင်ရွက်ရန်လက်တွန့်နေသည်ကို မိမိေ၀ဖန်ပြီးသည်နှင့် မိမိကိုယ်တိုင် ထိုကိစ္စရပ်များကို ပြုမူဆောင်ရွက်ချင်လာမည်။ ထိုမှတဆင့် ဆောင်ရွက်ဖြစ်လာမည်။ ထို့ကြောင့် လူငယ်များ၏ ေ၀ဖန်မှုများကို လူကြီးများက လက်ကမ်းကြိုဆိုသင့်သည်။ သူတို့၏ မသင့်တော်သော၊ ရိုင်းစိုင်းသော ေ၀ဖန်မှုများကိုသာ ဆုံးမ၍ လမ်းကြောင်းတည့်ပေးရမည်ဟု ကျွန်တော်ထင်မြင်ပါသည်။
သို့သော် မြန်မာနိုင်ငံတွင် လူငယ်များတစုံတခု ေ၀ဖန်လိုက်ပြီဆိုသည်နှင့် အများစုက ပျစ်ပျစ်နှစ်နှစ်ေ၀ဖန်ကြသည်။ တိုက်ခိုက်ကြသည်။ မင်းတို့အဆင့်နဲ့ ေ၀ဖန်နေရအောင် မင်းတို့က ဘာကောင်မို့လဲ ဆိုသော စကားလုံးများဖြင့် မိုးမွှန်အောင် ပြောဆိုကြသည်။ ထိုစကားလုံးများသည် လူငယ်များကို ကြောက်ရွံ့စိတ်ဆီသို့ တွန်းပို့ပစ်နေသည်။ ထို့ကြောင့် လူငယ်များသည် မည်သည့်ကိစ္စရပ်ကိုမျှ ရဲရဲတင်းတင်းလုပ်ဆောင်နိုင်ခြင်းမရှိတော့။ သူတို့၏ စွမ်းဆောင်ရည်ကိုလည်း ယုံကြည်ခြင်းမရှိကြတော့ပေ။ အကျိုးဆက်ကား တိုင်းပြည်အတွက် အလားအလာရှိသော ကြယ်ပွင့်ကလေးများကို အညတြများအဖြစ် ဆုံးရှုံးကြရခြင်းသာတည်း။ မြန်မာနိုင်ငံအမှန်တကယ် တိုးတက်လိုပါက လူကြီးတို့၏ အားဖြင့်သာ တည်ဆောက်နိုင်မည်မဟုတ်ပေ။ မူဝါဒစွဲများ၊ အယူအဆစွဲများ ကင်းစင်သလောက်ဖြစ်နေသော လူငယ်တို့၏ အားကိုသာ အဓိက အားပြုသင့်သည်ဟု ကျွန်တော်ထင်မြင်ပါသည်။ လူကြီးများက လူငယ်များ၏ အကြံပြုချက်များ၊ ေ၀ဖန်မှုများကို လေးလေးစားစား လက်ခံမစဉ်းစားပေးသရွေ့ လူငယ်တို့၏ စွမ်းဆောင်ရည်တို့သည်လည်း ဆက်လက်တိမ်မြုပ်ပျောက်ကွယ်နေရဦးမည်သာ ဖြစ်သည်။
အာဏာရှင်စနစ်ကို လူတိုင်းမုန်းကြသည်။ လူတိုင်းရွံကြသည်ဟု ပြောဆိုနေကြသည်။ အာဏာရှင်စနစ်ကိုလည်း တိုက်ထုတ်လိုကြသည်။ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းလိုကြသည်။ သို့သော် အများစုသည် မိမိတို့တွင် ကိန်းအောင်းနေသော မိမိတို့၏ သားသမီးများ၊ တပည့်များ၊ လက်အောက်ငယ်သားများ၊ မိမိတို့၏ ပတ်၀န်းကျင်ရှိ လူငယ်များအပေါ် မိမိတို့ဆက်ဆံမိနေသည့် အာဏာရှင်စိတ်ဓာတ်များကိုမူ သတိမမူမိကြပေ။ အချို့လည်း သတိမထားမိချင်ယောင်ဆောင်နေကြသေးသည်။ အာဏာရှင်စနစ်ကို တိုက်ထုတ်လိုလျှင် အာဏာရှင်များကိုသာမက မိမိတို့၏ အတွင်းစိတ်တွင် ခိုအောင်းနေသော အာဏာရှင်စိတ်ဓာတ်များကိုပါ တိုက်ထုတ်မှသာလျှင် မိမိတို့လိုချင်သော ဒီမိုကရေစီစစ်စစ်ကို ရရှိနိုင်ပါလိမ့်မည်။
ထို့ကြောင့် အာဏာရှင်စနစ်ချုပ်ငြိမ်းလို၍ ဒီမိုကရေစီစနစ်ကို အမြန်ဆုံးရရှိလိုသူ လူကြီးများအနေဖြင့် အာဏာရှင်များကို တိုက်ထုတ်ကြရေးတစ်ခုတည်းကို မိမိတို့ ပြောဆိုလုပ်ကိုင်နေရုံမျှနှင့် ဒီမိုကရေစီမရနိုင်ပါ။ အာဏာရှင်စိတ်ဓာတ်များကိုလည်း မိမိတို့၏ ခန္ဓာကိုယ်အတွင်း၊ စိတ်သန္တန်အတွင်းမှ တိုက်ထုတ်သင့်ပါသည်။ သို့ဖြစ်ရာ လူငယ်အများစုအပေါ် မိမိတို့ ထားရှိသည့် အာဏာရှင်စိတ်ဓာတ်များကိုပါ လျော့ပါးအောင် အားထုတ်ရင်း နိုင်ငံတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များကို လေးလေးစားစားလက်တွဲခေါ်မှ နိုင်ငံတိုးတက်ထွန်းကားရေးအမှန်တကယ်ဖြစ်လာပါမည့်အကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
ဒေါက်တာရူပ ( ရူပဗေဒသင်တဲ့ ဆရာ၀န် )
Saturday, April 22, 2017
လူငယ်များကို လက်တွဲခေါ်ရန် တွန့်ဆုတ်နေကြခြင်း၏ နောက်ဆက်တွဲ မြန်မာနိုင်ငံ၏ ရှေ့ခရီးလမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment