Twitter Bird Gadget

Saturday, April 15, 2017

နှလုံးလှမေမေ


Written by Spring Flowers
ဒီနေ့ အန်တီပြုံးနေပုံက တကယ့်ကို လှိုက်လှိုက်လှဲလှဲဘဲ ။ အဲဒီအပြုံးအတွက် ပေးခဲ့ရတဲ့တန်ဖိုးဘယ်လောက်များသလဲ တိတိကျကျ မှန်းဆဖို့ ခက်လိုက်တာ ။
အဲဒီအပြုံးထဲမှာ
-၁၀ နှစ်အရွယ် ကင်မ်ရဲ့ အမေကို လွမ်းလို့ ငိုတဲ့ ညတွေ ဘယ်လောက်များခဲ့မလဲ ။
-မကြာခင်ပြန်လာမယ်လို့ ပြောခဲ့ပြီး လုံးဝပြန်မလာတော့တဲ့အမေအပေါ်
နားမလည်နိုင်ဖြစ်နေတဲ့ ၁၂ အရွယ် အလက်ဇန်းဒါးရဲ့ ကရုဏာဒေါသတွေ ဘယ်လောက်များခဲ့မလဲ ။
-ရာနဲ့ချီရေးပို့ပြီး မရောက်ခဲ့တဲ့ မိုက်ကယ်လ်ရဲ့ စာတွေထဲက အားပေးစကားတွေ ၊ လွမ်းဆွတ်ခြင်းတွေ ဘယ်လောက်များခဲ့မလဲ ။
-အကြိမ်ကြိမ်တောင်းခဲ့တဲ့တွေ့ခွင့်တွေ အကြိမ်ကြိမ်ပယ်ချခံရတဲ့အခါတိုင်း ဖြစ်ခဲ့ရတဲ့ မိုက်ကယ်လ်ရဲ့မချင့်မရဲဖြစ်မှုတွေ ဘယ်လောက်များခဲ့မလဲ ။
-အဖေသေအံ့မူးမူးနေရက်တွေမှာတောင် မလာတဲ့အမေအပေါ် လူမမယ်သားနှစ်ယောက်ရဲ့နားမလည်နိုင်မှုတွေ ဘယ်လောက်များခဲ့မလဲ ။
-ဝေဒနာအလူးအလှိမ့်ခံစားနေရတဲ့အဖေကို ကြည့်နေရတဲ့ မိခင်မဲ့ သားနှစ်ယောက်ရဲ့ ဝမ်းနည်းအားငယ်မှုဟာ ဘယ်လောက်များခဲ့မလဲ ။
သူသိပ်ချစ်ခဲ့တဲ့ဇနီးကိုနောက်ဆုံးအကြိမ်တွေ့သွားချင်တယ်ဆိုတဲ့မိုက်ကယ်လ်ရဲ့ မပြည့်ခဲ့တဲ့ဆန္ဒဟာ ကင်ဆာဝေဒနာကြားမှာ ဘယ်လောက်ကြီးမားခဲ့မလဲ
-လင်ယောကျ်ားသေမှာကို ကြိုသိနေတဲ့အန်တီဟာ မျက်နှာကို ဟန်မပျက်ဖုံးဖိရင်း ရင်ထဲက ပူလောင်မှုနဲ့ ဘယ်လောက်လွန်ဆွဲခဲ့ရသလဲ ။
-မိဘမရှိဘဲကျန်ခဲ့မယ့်ဥမမယ် စာမမြောက်သားနှစ်ယောက်အတွက် အန်တီရဲ့ ပူပင်မှုဟာ ဘယ်လာက်ကြီးမားခဲ့မလဲ။
-ထောင်ပေါင်းများစွာသောအကျယ်ချုပ်နေ့ရက်တွေကို ရူးမသွားအောင် ဖြတ်သန်းဖို့လိုအပ်တဲ့ စိတ်ဓါတ်ဆိုတာကရော ဘယ်လိုပါလိမ့်။
-နေပူကျက်ကျက်အောက်က ကားထဲ ၁၃ ရက်လောက်ပိတ်မိတဲ့အခါ ဖြစ်လာတဲ့ကိုယ်ခန္ဓာရဲ့ ပင်ပန်းဆင်းရဲမှုဆိုတာ ဘယ်လိုပါ့လိမ့်။
-ဘာလုပ်လုပ် လိုက်နှောက်ယှက်ခံရတဲ့အခါ
ဖြစ်လာတဲ့စိတ်တိုဒေါသထွက်တာတွေကို ခံနိုင်ဖို့လိုတဲ့ စိတ်ရှည်သီးခံမှုဆိုတာက ဘယ်လိုပါလိမ့် ။
-ကိုယ့်ကိုသတ်ဖို့ကြိုးစားတဲ့သူအပေါ် ဒေါသနဲ့မတုံ့ပြန်မိအောင်လေ့ကျင့်ထားတဲ့စိတ်ဆိုတာ ဘယ်လိုပါ့လိမ့် ။
-၁၇ သမီးရဲ့ ဖြတ်လတ်ပုံဟန်ဆောင်ပြီး မနက်ကနေည အလုပ်လုပ်နေတဲ့ ၇၁ နှစ်အရွယ်တစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်မှုဟာ ဘယ်လိုပါလိမ့် ။
.......
ဒါတွေကို ဇာတ်နာအာင်ရေးနေတာ မဟုတ်ဘူး ။
ဒါတွေကို စဉ်းစားနားလည်ပေးတာဟာ သူရဲကောင်းကိုးကွယ်မှုလည်း မဟုတ်ဘူး ။
ဒါတွေကို ကိုယ်ချင်းစာကြည့်ဖို့ကြိုးစားတာဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလည်း မဟုတ်ဘူး။
''ထူးခြားနေတဲ့စိတ်ဓာတ်တစ်ခုကို လေ့လာကြည့်ရင်း တဖြည်းဖြည်းဖြစ်လာတဲ့ချစ်ခင်ယုံကြည်မှုပါ ''
-ဦးဇောတိက ပြောဖူးတဲ့ '' တကယ်စိတ်ပိုင်းဖြတ်ပြီးလုပ်ရင် လူတစ်ယောက်ရဲ့စွမ်းအားဟာ အဆုံးမရှိဘူး '' ဆိုတဲ့သဘောတရားကို မျက်ဝါးထင်ထင် မြင်ရတာလို့ဘဲ ထင်တယ် ။
အဲဒီသဘောတရားကို ကိုယ့်တိုင်းပြည်က အမျိုးသမီးတစ်ယောက်မှာ မြင်ခွင့်ရနေတယ် ။
မရှိတော့တဲ့သူရဲကောင်းတွေအကြောင်းကို စာဖတ်ရင်းမှန်းဆတွေးတောရတာမျိုးမဟုတ်ဘဲ သူက ကိုယ်တို့နဲ့ခေတ်ပြိုင်သက်ရှိထင်ရှားရှိနေတယ် ၊
ရွေးချယ်မှုတစ်ခုအတွက် ဂုဏ်မဖော်ဘဲ ရေကုန်ရေခမ်းလုပ်ခဲ့တာအပေါ် အံ့သြမှုလည်း ဖြစ်တယ် .....
ဒေါ်စုကို ချစ်ခင်တယ် ဆိုတာ ကိုယ့်အတွက်တော့ အဲဒါတွေကနေ
တဆင့် ဖြစ်လာတဲ့သဘောကျလေးစားမှုဆိုရင်လည်း မမှားပါဘူး ။
တာဝန်သိပ်ကျေလွန်းပါတယ် အန်တီ ။
မှန်တာပြောရရင် ဒီနေ့ပျော်ရွှင်မှုမှာ '' မဖြစ်နိုင်ဘူးလို့ ထင်ရတာတွေ ဖြစ်လာခဲ့တဲ့အတွက်'' အံ့သြမှုတွေလည်း ပါပါတယ် ။
ပျော်ပေမယ့် ဒီနေ့ဟာ ခရောင်းလမ်းတစ်ခုရဲ့အဆုံးမဟုတ်တာကိုလည်း နားလည်ပါတယ် ။
အန်တီကတော့ မီးဇာကုန်ဆီခန်းတဲ့အထိ အန်တီ့ရဲ့ရွေးချယ်မှုအတွက် ဆက်လုပ်သွားမှာကိုလည်း သိနေပါတယ် ။
သိပ်ချီးမွှမ်းခံရတာကို မကြိုက်တဲ့အန်တီ့ကို စကားလေးတစ်ခုတော့ တိုတိုတုတ်တုတ် ပြောချင်ပါတယ် ။
...................အရာအားလုံးအတွက် ကျေးဇူးပါ အန်တီ.................
Copy from Chan Nyein Moe

No comments:

Post a Comment