Twitter Bird Gadget

Saturday, April 1, 2017

မကြောက်နဲ့ဆိုတာ ကြောက်ပါတယ်

ညက ဒေါ်အောင်ဆန်းစုကြည် အစိုးရတစ်နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်းပြောမယ်ဆိုလို့ စောင့်ပြီးတော့ကို နားထောင်ခဲ့ပါတယ်။

ပညာရှိ သူတော်ကောင်းစကား မှတ်သားစရာတွေချည်းပဲ။

ကိုယ် ကြုံခဲ့တဲ့ အစိုးရအဆက်ဆက် နိုင်ငံတော်အကြီးအကဲဆိုသူတွေ ပြောသမျှ ဒီတစ်ကြိမ်ပဲ စောင့်ဆိုင်းပြီး နားထောင်ခဲ့ဖူးတာ။

ကုန်လွန်ခဲ့တဲ့ ခေတ်အဆက်ဆက်ကတော့ “အစိုးမရ” တွေဖြစ်နေလို့ တစ်ခါမှ နားမထောင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ပြောတဲ့ စကားတွေ၊ မိန့်ခွန်းတွေတော့ စုဆောင်းထားပါတယ်။ သမိုင်းမှတ်တမ်းတွေ အနေနဲ့။

ညက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ အကြိုက်ဆုံးစကားက

“အစိုးရကို ကြောက်ဖို့မလိုဘူး” ဆိုတဲ့ စကားလေးပဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကို ပြန်ပြီး ကောက်နုတ်ပြပါရစေ

- ကျွန်မတို့ဟာ စနစ်ကို ပြောင်းလဲဖို့ ဆိုတာဟာ အနှစ် ငါးဆယ်ကျော်ကနေပြီးတော့ အမြစ်တွယ်ခဲ့တဲ့ စနစ်တစ်ခုကို ပြောင်းလဲရတာဖြစ်ပါတယ်

- ဒီလို ပြောင်းလဲတဲ့ နေရာမှာ ကျွန်မတို့ အဓိက ရည်ရွယ်ချက်ဟာ အစိုးရဆိုတာဟာ ပြည်သူ လူထု အတွက် ဖြစ်ရမယ်ဆိုတာကို ထင်ရှားအောင် လုပ်ဖို့ပါပဲ

- အစိုးရဟာ ပြည်သူ့အတွက်လား၊ ပြည်သူဟာ အစိုးရ သုံးဖို့အတွက်လား ဆိုတာကို ဘာက ထင်ရှား စေသလဲဆိုတော့ ပြည်သူအနေနဲ့ အစိုးရအပေါ်မှာ အမြင်ဖြစ်ပါတယ်

- ကျွန်မယုံကြည်တာကတော့ အခုနှစ်အတွင်းမှာ ပြည်သူတွေဟာ အစိုးရကို ကြောက်ဖို့ မလိုဘူးဆိုတာ အများက သိလာတယ်လို့ ကျွန်မထင်ပါတယ်

- ဒီဟာကို တိုးတက်မှုတစ်ခုလို့ ကျွန်မကတော့ ယူဆပါတယ်

- ပြည်သူကနေပြီးတော့ အစိုးရကို ကြောက်ဖို့ မဟုတ်ပါဘူး

- ပြည်သူက အစိုးရကို လေးစားဖို့၊ တန်ဖိုးထားဖို့၊ ယုံကြည်ဖို့ပါပဲ

- ဒီအဆင့်ရောက်တဲ့အထိ ကျွန်မတို့ ဆက်ပြီး ကြိုးစားသွားရမှာပါ

ဟုတ်ကဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ အစိုးရကို ကြောက်စရာ မလိုတော့ဘူးဆိုတာ လက်ခံပါတယ်။ ထောက်ခံပါတယ်။

အစိုးရကို ကျွန်တော်တို့ မကြောက်ပါဘူး။

ဒါပေမဲ့ “အစိုးမရ” တာတွေကို ကြောက်တယ်ခင်ဗျ

လေဆိပ်ကထွက်လာပြီး မြေးလေးကို ချီထားတဲ့ ဦးကိုနီလို လူတော်လူကောင်းတစ်ယောက်ကို လူယုတ်မာ လူငယ်လေးတစ်စုထဲကတစ်ယောက်က လူကြားထဲမှာ သေနတ်နဲ့ ခေါင်းကို တေ့ပစ်ပစ်သွားတာမျိုး နောက်ထပ်ဖြစ်လာမှာကို ကြောက်တယ်ဗျ

ဆိုင်ကယ်စီးလာတဲ့ ပြည်သူတစ်ယောက်ရဲ့ နဖူးတည့်တည့်ထဲကို ဘယ်က ပစ်လိုက်မှန်းမသိတဲ့ ကျည်ဆံ တစ်တောင့် ရောက်လာမှာကို ကြောက်တယ်ဗျ

ပါးစပ်ကြီးကို တိပ်ကြီးနဲ့ ပိတ်ထားပြီး ဖျာသည်လို့အော်အော်ရောင်းနေတဲ့ ဖျာရောင်းသမားကို ကြောက်တယ်ဗျ

အချိန်မရွေး လေးလောင်းပြိုင်၊ ငါးလောင်းပြိုင်ဖြစ်သွားမှာ ကြောက်တယ်ဗျ

ဒဏ်ရာတွေနဲ့ သေလောက်အောင် ရိုက်နှက်ခံထားရပြီးမှ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေသလို လုပ်သွားမှာ ကြောက်တယ်ဗျ

လူတစ်ယောက်ကိုသတ်ဖို့ သိန်းထောင်သောင်းချီ ရင်းနှီးမြှုပ်နှံထားနိုင်တဲ့ နောက်ကွယ်က လက်မည်းကြီး တွေကို ကြောက်တယ်ဗျ

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား

ကျွန်တော်တို့ပြည်သူတွေ “အစိုးရ” ကို မကြောက်ပါခင်ဗျား

“အစိုးမရ” တွေကို ကြောက်ပါတယ်ခင်ဗျား

၃၁.၃.၂၀၁၇

No comments:

Post a Comment