Twitter Bird Gadget

Saturday, April 1, 2017

ပြည်သူနဲ့အတူ

ကြံ့ခိုင်ရေးနဲ့ စစ်တပ်အသိုင်းအဝိုင်းက အမြဲတမ်း ပဏာယူနေတဲ့ စကားတစ်ခွန်းရှိတယ်။

အဲဒါကတော့ ဒီကနေ့ ကမ္ဘာမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ တိုင်းပြည်တိုင်း မငြိမ်သက်မှုတွေ သွေးမြေကျမှုတွေ ဖြစ်ခဲ့ရပေမယ့်...

မြန်မာပြည်မှာတော့ အသက်တွေ မသေဘဲ၊ အိမ်တစ်လုံးမှ မီးမလောင်ဘဲ၊ မြို့တစ်မြို့မှ မပျက်ဘဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ခဲ့တာဟာ...

တပ်မတော်အစိုးရရဲ့ ခြေ/ဥနဲ့ လမ်းပြမြေပုံကြောင့်

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အစိုးရကြောင့် ဖြစ်ပါတယ်တဲ့။
.
.
.
သူတို့ အဓိက ပြောချင်တာက...

၁) မင်းတို့ ဒီမိုကရေစီရတာ ငါတို့ ကြံ့ခိုင်ရေးကြောင့်
၂) အေးချမ်းစွာ အသွင်ပြောင်းနိုင်တာလည်း ငါတို့ကြောင့်

ဒါ့ကြောင့် ငါတို့ကို ကျေးဇူးတင်ကြ၊ မဲပေးကြ။

အပေါ်ယံ ကြည့်ရင်တော့ ဟုတ်သလိုလိုပဲ။

သေချာစဉ်းစားကြည့်ရင် အဲဒီ နှစ်ချက်လုံး လုံးဝမဟုတ်တဲ့အပြင် ပြောင်းပြန်တောင် ဖြစ်နေတာ တွေ့ရပါမယ်။
.
.
.
တကယ်တော့ မြန်မာပြည်ဟာ ဒီမိုကရေစီ ရတာတော့ ရမှာပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင်...

စစ်အာဏာရှင်ကိုယ်တိုင်က ဗီလိန်အဖြစ် ကနေရတဲ့ စစ်အစိုးရဘဝကနေ မင်းသားခေါင်းဆောင်းပြီး ကနိုင်မယ့် ဒီမိုကရေစီအစိုးရဘဝကို ကူးပြောင်းချင်လာလို့ပါ။

ဘာလို့ ပြောင်းချင်လာသလဲဆိုတော့...

စစ်အုပ်ချုပ်ရေးနဲ့ နှစ် ၅၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်အပြီးမှာ အရှေ့တောင်အာရှမှာသာမက အာရှမှာပါ အရာရာမှာ ထိပ်တန်းကျတဲ့ နိုင်ငံတစ်ခုအဖြစ်ကနေ ဆင်းရဲမွဲတေဆုံး၊ အကျင့်ပျက်ခြစားဆုံး၊ ပညာရေး ကျန်းမာရေး အားကစားနဲ့ ယဉ်ကျေးမှုကအစ အနိမ့်တကာ့ အနိမ့်ဆုံး ကျဆင်းသွားပြီးတဲ့ နောက်...

သာသနာရေးမှာပါ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း အရုပ်ဆိုး အကျည်းတန်စွာ ကျူးလွန်ခဲ့သမျှအတွက် နိုင်ငံတကာပိတ်ဆို့မှု၊ ဖိအားပေးမှုတွေကလည်း ထပ်ထပ်ပြီး တိုးအလာမှာ...

ဒီလောက် ဆင်းရဲမွဲတေပြီး ပိတ်ဆို့မှုပေါင်းစုံ ခံနေရတဲ့နိုင်ငံကို စစ်အစိုးရဘဝနဲ့ ဆက်ပြီး အုပ်ချုပ်သွားလို့ မဖြစ်နိုင်တော့ဘူးလို့ သိလာတာကြောင့် စစ်အာဏာရှင်တွေဟာ...

တမင်ကို အပြီးမသတ်ချင်လို့ ကမ္ဘာ့အချိန်အကြာဆုံးဆွဲပြီး ရေးလာခဲ့တဲ့ အခြေခံဥပဒေကို ကမန်းကတန်း အပြီးသတ်လိုက်ပြီး ကမ္ဘာကို ဒီမိုကရေစီအစိုးရအဖြစ် မျက်နှာဖုံးပြောင်း မျက်လှည့်ပြဖို့ ဖုတ်ပူမီးတိုက် ထလုပ်ကြတာကြောင့် ဖြစ်ပါတယ်။
.
.
.
ဒီသမိုင်းဖြစ်စဉ်ကို အကျဉ်းချုပ် ပြန်လှန်ရရင်...

၁၉၆၂ ကနေ ၁၉၈၈ အထိ တစ်ပါတီ စစ်အာဏာရှင် ဦးနေဝင်းက အုပ်ချုပ်ခဲ့တယ်။ သူ့လက်ထက် တိုင်းပြည်မှာ အထွေထွေ နိမ့်ကျပြီး ဆင်းရဲကြပ်တည်းလာမှုတွေကြောင့် ၁၉၈၈ မှာ ပြည်လုံးကျွတ် လူထု ဆန္ဒပြပွဲကြီးတွေနဲ့ နေဝင်းအစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့်...

အဲဒီအချိန်က တိုင်းပြည်အာဏာကို ခေတ္တ ဝင်ထိန်းသိမ်းပေးတယ်ဆိုတဲ့ စစ်တပ်က ဦးစီးပြီး အစိုးရအသစ် ရွေးကောက်ဖို့ ကျင်းပပေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ...

စစ်တပ်က ထောက်ခံတဲ့ ပါတီဖြစ်တဲ့ ပြုတ်ကျသွားတဲ့ နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဝက်ဝက်ကွဲ ရှုံးပြီး NLD က သောင်ပြိုကမ်းပြို အနိုင်ရသွားတဲ့အခါမှာ...

စစ်တပ်ဟာ နိုင်သွားတဲ့ NLD ပါတီကို အာဏာလွှဲမပေးတော့ဘဲ...

အဲဒီရွေးကောက်ပွဲဟာ အစိုးရဖွဲ့ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်...

ခြေ/ဥ ရေးဆွဲဖို့ ကျင်းပမယ့် အမျိုးသားညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေကိုရွေးတဲ့ ရွေးကောက်ပွဲလို့ ဗြောင်လိမ်ဗြောင်စားလုပ်ပြီး အာဏာကို ပြန်မပေးတော့ဘဲ အပြီးတိုင် လုယူလိုက်ပါတော့တယ်။

အဲဒီနောက်ပိုင်းမှာ ဒီချုပ်အမတ်တွေကို ထောင်ထဲထည့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်ခေါင်းဆောင်တွေကို အမျိုးမျိုး ဖိနှိပ်ဖမ်းဆီးထောင်ချထားရင်း...

ခြေ/ဥ ရေးဆွဲတယ်ဆိုတဲ့ အမျိုးသားညီလာခံကို ၁၉၉၃ မှ ၂၀၀၇ အထိ အချိန်ဆွဲ ကျင်းပလာခဲ့ပါတယ်။

ဘာလို့လဲဆိုရင် ခြေ/ဥ မရှိရင် ရွေးကောက်ပွဲ လုပ်လို့ မရဘူး။ ဒါကြောင့် "ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီကို အာဏာလွှဲပြီး စစ်တန်းလျားပြန်မယ်" ဆိုတဲ့ ကတိ ပြည်သူကို ကျွံထားမိတဲ့ စစ်ခေါင်းဆောင်တွေဟာ...

ပထမအကြိမ် ၁၉၉၀ မှာတုန်းက လုံးဝ မထင်မှတ်ဘဲ သူတို့ရှုံးသွားရတဲ့ နာကျည်းစရာ ရွေးကောက်ပွဲရလဒ်ကို မျက်နှာပြောင်တိုက် နှပ်ပစ်လိုက်ကြပြီး...

နောက်တစ်ကြိမ် ရှုံးတယ်ဆိုတာ ရှိမလာစေဖို့၊ ဘယ်တော့မှ အာဏာလွှဲပေးစရာ မလိုဘဲ တပ်ကချည်း ဆက်တိုက်အုပ်ချုပ်နိုင်ဖို့အတွက် ရွေးကောက်ပွဲဆိုတာ ရှိမလာရလေအောင်...

ခြေ/ဥ မရှိခြင်းကို ဒိုင်းလို အကာအကွယ်ယူနိုင်ဖို့ ခြေ/ဥကို ဘယ်တော့မှ မပြီးအောင် တမင်အချိန်ဆွဲ ရေးနေရာက...

တိုင်းပြည် အခြေအနေတွေ ဆက်ထိန်းဖို့၊ နိုင်ငံတကာ ဖိအားတွေကို ရှောင်ရှားဖို့ မဖြစ်နိုင်လောက်အောင် ဆိုးရွားလာချိန်မှာ သူတို့ လိုဘ ရှိလာတော့...

ခြေ/ဥမှာ သူတို့ အသာစီးရမယ့် အချက်တွေချည်း ယုတ်မာပက်စက်စွာ တစ်ဖက်သတ် ထည့်သွင်းပြီး ချက်ချင်း အဆုံးသတ် ရေးဆွဲလိုက်ကြတဲ့အပြင်...

နာဂစ် မုန်တိုင်းတိုက်လို့ ပြည်သူတွေ သိန်းချီ သေပြီး သန်းချီ အတိဒုက္ခရောက်နေချိန်မှာ ဆန္ဒခံယူပွဲကို အတင်းအဓမ္မ ကျင်းပပြီး ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံပါတယ်လို့ ယုတိ္တယုတ္တာမရှိ အရှက်တရားနတိ္ထနဲ့ ကြေညာ ပြဌာန်းလိုက်ကြတာပဲ ဖြစ်ပါတယ်။
.
.
.
တကယ်တော့ ၂၀၀၈ ခြေ/ဥဟာ စစ်အာဏာရှင် အသိုင်းအဝိုင်းရဲ့ ကောင်းကျိုးသက်သက်အတွက် ပြည်သူကို ကပြမယ့် အရေခြုံ ဒီမိုကရေစီ ပြဇာတ်ကြီးရဲ့ ဇာတ်ညွှန်းကျောရိုးဖြစ်ပါတယ်။

ဒီကျောရိုးကို အခြေပြုပြီး သူတို့ ကပြမယ့် ဇာတ်ကွက်အဆင့်ဆင့်က ဒီလို ဖြစ်ပါတယ်။

ဇာတ်ကွက် (၁) သံကွန်ခြာ ခုနှစ်ထပ်ကာရံခြင်း

၂၀၀၈ ခြေ/ဥမှာ ၁၉၈၈ ကနေ ၂၀၁၀ အထိ စစ်အာဏာရှင်တွေ လုပ်ခဲ့သမျှ ဘာကိုမှ နောက်ကြောင်းပြန် အရေးမယူရ ဆိုတဲ့အချက်ကို အရှက်မရှိစွာ ထည့်ရေးပြီး ဇာတ်ကို စဖွင့်ထားလို့ သူတို့ ကျူးလွန်ခဲ့သမျှ အရာအားလုံးအတွက် တာဝန်ယူ တာဝန်ခံစရာ မလိုတဲ့အပြင် စားထား ဝါးထားတာတွေကိုပါ နောက်အစိုးရတွေက ဘာမှ ထိပါးလို့ မရတော့ပါဘူး။

အဲဒီလို သူတို့ဘက်ကို သူတို့ယက်ယူထားတဲ့ ဇာတ်ညွှန်းတွေကို အပြင်ခံရမှာစိုးလို့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) လို ပုဒ်မတွေအပြင် လွှတ်တော်ထဲက ရွေးကောက်ခံမဟုတ်တဲ့ တိုက်ရိုက်ခန့် တပ်မတော်သားအမတ် ၂၅% ဆိုတဲ့ ဇာတ်ပို့ဇာတ်ရံတွေနဲ့ ဇာတ်အိမ်ကို ထပ်မံအားဖြည့် ဖွဲ့စည်းရေးသားထားလိုက်တာမို့ စစ်အာဏာရှင်တစ်သိုက်အတွက် သံကွန်ခြာ ခုနှစ်ထပ် အုပ်ထားတာထက်ကို လုံခြုံနေစေတဲ့ ဇာတ်လမ်းအစ အခင်းအကျင်း ဖြစ်လာပါတယ်။
.
.
.
ဇာတ်ကွက် (၂) အရေခြုံခြင်း

စစ်အစိုးရအဖြစ် ဆက်အုပ်ချုပ်နေရင် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကနေ ရှောင်လွှဲလို့ မရပါဘူး။

သူတို့ အသက်ရှူချောင်လာအောင် ပိတ်ဆို့မှုတွေ အတိုင်းအတာတစ်ခုအထိ ရုပ်သိမ်းသွားစေဖို့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရ တစ်ရပ်ရပ်ကို အာဏာအလွှဲပြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇာတ်ညွှန်းအရ အာဏာလွှဲရမယ့် ပါတီနဲ့ အစိုးရက သူတို့ပဲ ဖြစ်နေဖို့တော့ လိုပါတယ်။

ဒီတော့ အရင်ခေတ်က "လူထုစည်းဝေးပွဲကြီး" လို့ သူတို့ခေါ်တဲ့ "ဒီချုပ်ကို အပုတ်ချတဲ့ပွဲ" တွေမှာ ပြည်သူအတုလုပ်ဖို့ သူတို့ကိုယ်တိုင် အစိုးရဝန်ထမ်းတွေအပါအဝင် လူအမျိုးမျိုးကို အောက်လမ်းနည်းအမျိုးမျိုးနဲ့ အနိုင်ကျင့် စုစည်းထားတဲ့ လူမှုရေးဗန်းပြ ကြံ့ခိုင်ရေးအသင်းကို...

ကြံ့ခိုင်ရေးပါတီအဖြစ် ဗြောင်ပြောင်းလိုက်ရုံသာမက လူမှုရေးအသင်းဘဝတုန်းက စစ်အစိုးရအာဏာနဲ့ အနိုင်အထက် အလွဲသုံးစားလုပ်ပြီး ထောက်ပံ့ထားတဲ့ ပြည်သူပိုင် ငွေကြေး၊ အဆောက်အအုံ၊ မြေကွက်စတာတွေကို ပါတီဖြစ်သွားတော့လည်း မျက်နှာပြောင်တိုက် ဆက်ခံစေတဲ့အပြင်...

တပ်က ရာထူးကြီး စစ်ဗိုလ်တွေကို ယူနီဖောင်းချွတ်ခိုင်း၊ ချိတ်ပုဆိုးတွေ ပြောင်းဝတ်ခိုင်းစေခြင်းဖြင့် သူတို့ရဲ့ စစ်တစ်ပိုင်းပါတီကြီး အရပ်သားအရေခြုံခြင်း ဇာတ်ကွက် အောင်မြင်သွားပါတော့တယ်။
.
.
.
ဇာတ်ကွက် (၃) မျက်နှာဖုံးစွပ်ခြင်း

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ ဇာတ်ကွက် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပပေးမယ့် လက်ရှိ စစ်အစိုးရက သေဆိုသေ ရှင်ဆိုရှင်ဖြစ်နေရတဲ့ ဝန်ထမ်းတွေနဲ့ စစ်ဘက်က မဲတွေကို ထိန်းချုပ်နိုင်မှာရယ်၊ လူမှုရေးအသင်းဝင် ကာယကံရှင်တွေရဲ့ အလိုဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အတင်းအကြပ် သွတ်သွင်းထားခြင်းခံရတဲ့ ပါတီဝင်တွေရဲ့ မဲတွေရယ်၊ ရံပုံငွေအင်အား လူအင်အား မြေအဆောက်အအုံအင်အား တစ်ဖက်သတ် အတောင့်တင်းဆုံး ပါတီဖြစ်နေရယ်၊ တပ်အမတ် ၂၅% က ပူးပေါင်းလာဦးမယ့် အားရယ် ပေါင်းလိုက်ရင်...

ဒီ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုတာဟာ မည်ကာမတ္တ ဟန်ပြသာဖြစ်ပြီး အနိုင်ရမယ့် အစိုးရဖွဲ့နိုင်မယ့် ပါတီဟာ ကြံ့ခိုင်ရေးကလွဲရင် အခြားမရှိနိုင်တော့တဲ့အတွက်...

ကိုယ့်ဘယ်လက်က အာဏာကို ကိုယ့်ညာလက်ထဲ ပြောင်းထည့်နိုင်မယ့် ဇာတ်ကွက်ကို ဆက်ကခြင်းပဲ ဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာ ကံဇာတာတွေတက်နေတဲ့ စစ်အာဏာရှင်တွေဟာ ဒီထက်တောင် ပိုအဆင်ပြေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ဟာ ၂၀၀၈ ခြေ/ဥကို လက်မခံတာရော၊ ၂၀၁၀ ရွေးကောက်ပွဲကို အာဏာရှင်ဘက်က တစ်ဖက်သတ် အသာစီး ယူထားတာတွေအတွက် မယုံကြည်တာရောကြောင့် ရွေးကောက်ပွဲဝင်ဖို့ကို သပိတ်မှောက်ခဲ့တဲ့အခါမှာ...

ကြံ့ခိုင်ရေးဟာ ပြိုင်ဘက်ကင်းသလောက်နီးနီးနဲ့ ဗိုလ်စွဲခဲ့ပြီး စစ်အာဏာရှင်ဆိုတဲ့ ဗီလိန် ဘီလူးမျက်နှာကို အရပ်သားအစိုးရဆိုတဲ့ ဒီမိုကရေစီ မင်းသားခေါင်းဆောင်းပြီး ဖုံးကွယ်ထားလိုက်နိုင်ပါတော့တယ်။

၁၉၈၈ နောက်ပိုင်းမှာ စစ်တပ် ကျောထောက်နောက်ခံပြုတဲ့ ပါတီတွေ ရွေးကောက်ပွဲနိုင်တာဟာ ဒီချုပ် ဝင်မပြိုင်ခဲ့တဲ့ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲ တစ်ကြိမ်သာ ရှိပါတယ်။
.
.
.
ဇာတ်ကွက် (၄) ချော့မော့ ချစ်ရေးဆိုခြင်း

ဒီဇာတ်ကွက်ကတော့ သူတို့ ရေးဆွဲထားတဲ့ ဒီမိုကရေစီပြဇာတ်ရဲ့ climax ဖြစ်ပြီး ဒီ အထွတ်အထိပ်အခန်းကို လွယ်ကူချောမောစွာ ရောက်ဖို့ စစ်အာဏာရှင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ တောင်ကို ကျော်နိုင်ခဲ့ရမှာ ဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းတွေကိုတော့ အရပ်သားမျက်နှာဖုံး စွပ်ထားတဲ့ စစ်တစ်ပိုင်းအစိုးရကို ပြည်သူချစ်လာအောင် သိမ်းသွင်းဖို့ပဲ ကျန်ပါတော့တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဒီချုပ်ဝင်မပြိုင်လို့ အေးဆေးနိုင်လိုက်သော်လည်း ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာ မရှိဘူး၊ မဲလိမ် မဲခိုးမှုတွေ၊ အနိုင်အထက် ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိတယ်ဆိုပြီး ပြည်တွင်းကရော နိုင်ငံတကာကပါ ဖိအားတွေ ထပ်လာပါတယ်။

ဒါ့ထက်ဆိုးတာက အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ဒီချုပ်က သပိတ်မှောက်ထားတာမို့ ရွေးကောက်ပွဲဟာ တရားမဝင်သလိုတောင်ဖြစ်ပြီး ပြည်တွင်းရော နိုင်ငံတကာကပါ ရလဒ်ကို လက်ခံဖို့ အင်တင်တင် ဖြစ်ကြပါတယ်။

ဒီအကြပ်အတည်းတွေကို ဘယ်လို ကျော်လွှားမယ် ဆိုတာကိုပါ ဇာတ်ညွှန်းထဲမှာ အသေးစိတ်ရေးပြီးသားမို့ အနိုင်ရပါတီရဲ့ အစိုးရဟာ...

ကားတွေ တင်သွင်းခွင့်ပြုခြင်း၊ ဖုန်းတွေ ဈေးပေါအောင် လုပ်ပေးခြင်း၊ ကုန်စည်အချို့ လွတ်လပ်စွာ တင်သွင်းရောင်းချခွင့်ပြုခြင်း၊ မြစ်ဆုံစီမံကိန်းကို ၅ နှစ်ရပ်ဆိုင်းခြင်း စတာတွေနဲ့ ပြည်သူကို ချွေးသိပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွှတ်ပေးပြီး ၂၀၁၂ ကြားဖြတ်မှာ ဝင်ပြိုင်နိုင်အောင် လုပ်ပေးခြင်းဖြင့်လည်း ပြည်သူကိုရော နိုင်ငံတကာကိုပါ မျက်လှည့်ပြပါတယ်။

တကယ်တော့ သူတို့လုပ်ပေးတာတွေက အစကတည်းက ပြည်သူတွေ ရနေခဲ့သင့်တဲ့ အခွင့်အရေးတွေပါ။ ကားတွေ၊ ဖုန်းတွေ လက်ဝါးကြီး အုပ်ထားတာ၊ မြစ်ဆုံကို လက်မှတ်ထိုး ရောင်းစားထားတာ စတာတွေ အကုန်လုံး သူတို့ပဲ ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။

ဒါတွေဟာ ပြည်သူကို အနှုတ်အခြေအနေအထိ ရောက်အောင် နှိပ်စက်ထားခဲ့ပြီးမှ သုညမျှခြေကို ပြန်ဆွဲတင်ပေးရုံသာ ရှိပါသေးတယ်။ ဘာ အပေါင်းလက္ခဏာမှ မဆောင်သေးပါဘူး။
.
.
.
ဇာတ်ကွက် (၄ ထပ်တိုး) ငှက်ပျောတောထဲမှ တိမ်ကြားမင်းခေါင် ထွက်လာခြင်း

ဒါပေမယ့် ဇာတ်ညွှန်းအတိုင်း ကပြရင်း ကြိုတင်တွက်မထားတဲ့ အမြတ်က ထပ်ထွက်လာပြန်ပါသေးတယ်။

အဲဒါကတော့ ချုပ်ကိုင်ထားတုန်းကလည်း သူတို့ ပြန်ဖြေလျှော့ပေးတာလည်း သူတို့ပဲဖြစ်တဲ့အတွက် ဘာကျေးဇူး တစ်ပြားသားမှ တင်စရာ မရှိတာတောင်...

မုဒိမ်းကျင့်လို့ ဝမှ အရပ်က ဝိုင်းရိုက်မယ်လုပ်လို့ လျော်ကြေးပေးပါမယ်ဆိုပြီး မသထာရေစာလေး နည်းနည်းလောက် စွန့်ကြဲလိုက်တာနဲ့ ဇာတ်ညွန်းထဲမှာ မှန်းဆထားတဲ့အတိုင်း အတော်များများက ဘောင်းဘီချွတ်အစိုးရကို ကြွေကျပြီး ချစ်သွားတဲ့အပြင် အပိုဆုအဖြစ်...

"သန်းမကြီး သန်းမကြီး သန်းမကြီးကို ချစ်တယ်" ဆိုတဲ့ "မုဒိမ်းစွဲလန်း လူ့ပေါက်ပန်း" အရူးတွေလည်း အုံနဲ့ကျင်းနဲ့ မနည်းမနော ရှိလာတာပါပဲ။

ဒါကို သိလိုက်ရတဲ့ စစ်တစ်ပိုင်းအစိုးရဟာ သူတို့ ကနေတဲ့ ပြဇာတ်ကြီး ကျိန်းသေအောင်မြင်တော့မယ်လို့ တွေးပျော်သွားပါတယ်။

ဘာလို့လဲဆိုတော့ သူရဲကောင်း ကိုးကွယ်တတ်တဲ့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ဘက်ကင်းဖြစ်နေတာ ကြာပါပြီ။ အခုတော့ ကိုယ့်ဇာတ်လမ်း ကိုယ်ကရင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပုံရိပ်အရ ယှဉ်နိုင်မယ့် စစ်အာဏာရှင်ဘက်သား ဟီးရိုးတစ်ယောက်ကို မထင်မှတ်ဘဲ မွေးထုတ်နိုင်သွားတာ ဖြစ်ပါတယ်။

ဒီမှာတင် သူတို့ပြဇာတ်ရဲ့ ဇာတ်သိမ်းခန်းကို ပိုပြီး အဆင်ချောစွာ လှပစွာ ကပြနိုင်တော့မလိုလို ဖြစ်လာပါတယ်။
.
.
.
ဇာတ်ကွက် (၅) အယုံသွင်းပြီး အပိုင်သိမ်းခြင်း

ဒီဇာတ်ကွက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲနိုင်ပြီး ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် ကိုယ့်ကိုယ်ကိုယ် အသွင်ပြောင်းပြီးနောက်မှာ...

အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အသက်လည်း ကြီးလှပြီမို့ အာဏာရှင်တွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ (ဝင်ပြိုင်လောက်တဲ့) ဒီချုပ်ကို နောက်ကောက်ချနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး မလုပ်နိုင်လောက်တော့တဲ့ အချိန်အထိ ဒီချုပ်လက်ထဲ အာဏာ မရောက်စေအောင် အချိန်ဆွဲဖို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ၂၀၁၀ ကနေ ၂၀၁၅ အတွင်းမှာ အရင်က တင်းကြပ်ထားတာတွေကို ဖြေလျှော့ပေးပြီး ပြည်သူကို နှစ်သိမ့်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ခွင့်အချို့ပေးပြီး စည်းရုံးလို့ နိုင်ငံတကာ ဖိအားနဲ့ ပိတ်ဆို့မှုတွေကို လျှော့ချခိုင်း၊ ပိတ်ဆို့မှုတွေ မရှိတော့ဘဲ (သူတို့အထင်) စီးပွါးရေး တိုးတက်လာရင် ပြည်သူဆိုတာက ကိုယ့်ကို ထမင်းဝစေတဲ့ ကောင်းစားစေတဲ့ ဘယ်အစိုးရ ဘယ်ပါတီဖြစ်ဖြစ် ထောက်ခံမှာပဲဆိုတဲ့ ဇာတ်ကွက် ၄ ကို အပီအပြင်ဆုံး ကပြနိုင်ရင်...

ကြံ့ခိုင်ရေး အိုင်ကွန် သမ္မတကြီး အရှိန်အဝါနဲ့ သူ့ကို ထောက်ခံသူတွေရယ်၊ စီးပွါးရေးပြေလည်လာလို့ ဘက်ပြောင်းလာမယ့် သူတွေရယ်၊ တပ်အမတ် ၂၅% ရယ်၊ အခြား တတိယအင်အားစုအမည်ခံ ဒီချုပ် ဆန့်ကျင်ရေးပါတီတွေရဲ့ ပူးပေါင်းမှုရယ်၊ လူမျိုးရေး ဘာသာရေး မှိုင်းကြောင့် ဒီချုပ်ကို စုံကန်လာမယ့် မဲဆန္ဒရှင်တွေရယ်...

တစ်ခါမှ အာဏာလွှဲပေးခြင်း မခံရလို့ တိုင်းပြည်တာဝန် တစ်ခါမှ မထမ်းဖူးတဲ့ ဒီချုပ်ကို "မင်းတို့က တိုင်းပြည်အတွက် ဘာလုပ်ပေးဖူးလဲ" ဆိုတဲ့ အောက်တန်းကျကျ တိုက်ကွက်နဲ့ ထိုးနှက်ပြီး ပြည်သူကို သွေးခွဲမှာရယ် ပေါင်းလိုက်ရင်...

၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရှင်ပါတီသာ ကျိန်းသေနိုင်မှာပဲလို့ ဇာတ်ကွက် ၅ မှာ အပိုင်တွက်ထားတာ ဖြစ်ပါတယ်။

ဒီပုံစံအတိုင်းသွားရင် ၂၀၂၀ ရွေးကာက်ပွဲ ကျင်းပတဲ့အချိန်မှာ...

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၀ နားကပ်နေလောက်ပြီမို့ နိုင်ငံရေး လုပ်နိုင် မလုပ်နိုင်၊ ဒီချုပ်ကို ဆက်ပြီး ခေါင်းဆောင်နိုင် မဆောင်နိုင် မသေချာတော့တာကြောင့်...

ဒေါ်အောင်ဆန်းစုကြည် မရှိရင် (သူတို့အထင်) ဒီချုပ်ပါတီဟာ ရေမြွေလို ဖြစ်နေမှာမို့ အဲဒီရွေးကောက်ပွဲလည်း စစ်အစိုးရ တစ်ဖြစ်လဲ ကြံ့ခိုင်ရေးသာ နိုင်မှာဖြစ်ပါတယ်။

ဒီနောက်ပိုင်း ရွေးကောက်ပွဲတွေမှာတော့ (သူတို့အထင်) စီးပွါးရေး အတန်အသင့် ပြေလည်နေလောက်ပြီဖြစ်တဲ့ ပြည်သူတွေဟာ...

ဒေါ်အောင်ဆန်းစုကြည် ဦးမဆောင်တော့တဲ့
တိုင်းပြည်ကို တစ်ခါမှလည်း မအုပ်ချုပ်ဖူးတဲ့ ဒီချုပ်ကို မဲထည့်မှာ မဟုတ်တော့တဲ့အပြင်...

ကျန်ပါတီငယ်တွေ အားလုံးကလည်း ဟန်လောက်သာ ရှိတာမို့...

ရွေးကောက်ပွဲတိုင်း ကြံ့ခိုင်ရေးသာ ပြိုင်ဘက်ကင်းအနိုင်ရပြီး စင်ကာပူကလို ပါတီစုံ အာဏာရှင်စနစ်နဲ့ မြန်မာနိုင်ငံကို ပုံစံသစ် စစ်ကျွန်အုပ်ချုပ်ရေးအောက်ကို အပြီးတိုင် သွတ်သွင်းနိုင်ခြင်းဟာ ဇာတ်ကွက် ၅ ရဲ့ ဇာတ်ပေါင်းခန်း ဇာတ်သိမ်းခန်းပဲ ဖြစ်ပါတယ်။
.
.
.
၂၀၀၈ ခြေ/ဥနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ထွက်ပေါက်လို့ ယူဆတဲ့သူတွေကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက ဒီပြဇာတ်အကြောင်း ပြောပြပြီး ငြင်းခုံခဲ့ကြတာ အခုထိပါပဲ။

ထွက်ပေါက်ဆိုတာတော့ မှန်ပါတယ်။
ဒါပေမယ့် တိုင်းပြည်ရဲ့ ထွက်ပေါက် မဟုတ်ဘဲ စစ်အာဏာရှင်ရဲ့ ထွက်ပေါက် ဖြစ်နေခဲ့တာပါ။

ဒီမိုကရေစီ ပေးလိုက်တယ် ဆိုတာလည်း မှန်ပါတယ်။
ဒါပေမယ့် ပြည်သူ့အတွက် မဟုတ်ဘဲ သူတို့ကိုယ် သူတို့အတွက်ဆိုတာ ရှင်းလောက်ပါပြီ။

၂၀၀၈ ခြေ/ဥနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသူတွေဟာ ပုံပြင်ထဲက ကုလားအုတ်လို စစ်အစိုးရပေးသမျှ ခေါင်းရ ခေါင်းဝင်၊ လက်ရ လက်ဝင်ရင်း တစ်ကိုယ်လုံး ဝင်နိုင်အောင် ကြိုးစားမယ်လို့ ကြံစည်ခဲ့တာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့ ဝင်ပြိုင်ပေမယ့် ဘာမှ လောက်လောက်လားလား ဖြစ်မလာခဲ့ဘဲ အသားကုန် မဲလိမ် မဲခိုး ခံရတော့မှ "ဒီလောက်ကြီး ယုတ်လိမ့်မယ် မထင်ထားဘူးဗျာ" လို့ မချိတင်ကဲပြောရုံသာ တတ်နိုင်ပါတော့တယ်။

ဒါလည်း သဘာဝကျတယ်လေ။ သူတို့အတွက် ကျင်းပတဲ့ပွဲမှ မဟုတ်တာကိုး။ အာဏာရှင်တွေအတွက် ကျင်းပတဲ့ပွဲကိုး။
.
.
.
ဒါပေမယ့် တကယ့်ဟီးရိုး ဆိုတာကတော့ အချိန်ကိုက်ပြီးမှ လာတာပါ။

၂၀၁၀ မှာ ဒီချုပ်ဟာ အင်အားချိနဲ့နေတုန်းပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ် ကျနေတုန်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေအောက်မှာ ဝင်ပြိုင်ရင်...

- ဒီချုပ် တစ်သက်လုံး ကိုင်စွဲတောင်းဆိုလာခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အသက်သွင်းရေးကို စွန့်လွှတ်သလို ဖြစ်သွားမယ်။

- ဒေါ်အောင်ဆန်းစုကြည် ဝင်မပြိုင်နိုင်သလို၊ ပါတီအတွက်လည်း ဘာမှ သေချာလုပ်ပေးနိုင်၊ မဲဆွယ်ပေးနိုင်မှာ မဟုတ်ဘူး။

- စစ်အစိုးရက အလုံးစုံ ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲမှာ အင်အားချိနဲ့ပြီး ပြင်ဆင်ချိန်မရှိ၊ ခေါင်းဆောင်က အကျယ်ချုပ်ကျနေတဲ့ ဒီချုပ်ပါတီက ကိုယ်စားလှယ်တွေ နိုင်ဖို့ လုံးဝ မလွယ်ဘူး။

- အဓိက အတိုက်အခံ ဒီချုပ်ဝင်ပြိုင်တဲ့အတွက် စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ကြံ့ခိုင်ရေးရဲ့ အနိုင်ဟာ တရားဝင်ကြောင်း ကမ္ဘာက အသိအမှတ် ပြုပေးသွားကြလိမ့်မယ်။

အဲလို ဝင်မပြိုင်တာကို ဉာဏ်တိမ်တဲ့ နိုင်ငံရေးသမားတွေက စိတ်ကောက်ပြီး ပါတီခွဲထောင်လို့ ရွေးကောက်ပွဲဝင်တော့ မရှုမလှ ရှုံးပါလေရောလား။

ဦးနှောက်ရှိတဲ့ ဒီချုပ် ခေါင်းဆောင်ကတော့ သူတို့ ဝင်မပြိုင်လို့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ကမ္ဘာက အင်တင်တင်ဖြစ်နေချိန် အစိုးရ ဖိအားများနေချိန်မှာမှ ကြံ့ခိုင်ရေးအစိုးရနဲ့ အပေးအယူတွေလုပ်ပြီး...

- ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာတယ်။

- သူကိုယ်တိုင် ရွေးကောက်ပွဲဝင်နိုင်အောင် ညှိတယ်။

- ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ပါတီကို ပြန်ထူထောင်လို့ ၂၀၁၂ ကြားဖြတ်မှာ လွှတ်တော်အတွေ့အကြုံရအောင် ဝင်ပြိုင်တာ အကုန်လုံးနီးပါး နိုင်ခဲ့တယ်။

အဲဒီအရှိန်နဲ့ ပါတီကို အသေအချာ အားသစ်လောင်းပြီး ၂၀၁၂ ကနေ ၂၀၁၅ အထိ ပြည်သူနဲ့ မပြတ်ထိတွေ့ စည်းရုံးရေးတွေ ဆင်းပြီး ၂၀၁၅ မှာ အင်တိုက်အားတိုက် ဝင်ပြိုင်ခဲ့တဲ့အခါမှာ...

ဘာသာရေး၊ လူမျိုးရေး၊ ကိုယ်ရေးကိုယ်တာ ပုဂိ္ဂုလ်ရေး တိုက်ခိုက်မှုတွေ၊ ငွေကြေး အာဏာ အသာစီး ရယူထားမှုတွေ အားလုံးကို ကျော်လွှားပြီး ၁၉၉၀ တုန်းကလိုပဲ သမိုင်းတစ်ပါတ်လည်ပြီး သောင်ပြိုကမ်းပြို နိုင်သွားခဲ့တာပါ။
.
.
.
ဒီလို ဒီချုပ်ရဲ့ ပြတ်သားလွန်းတဲ့ အနိုင်ကို စစ်အာဏာရှင်တွေရော၊ သူတို့ရဲ့ ပါတီကရော၊ ဒီချုပ်ကို မနာလိုတိုက်ခိုက်နေတဲ့ အခြားနိုင်ငံရေးပါတီတွေကရော၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေးဆရာကြီးတွေကရော ဘယ်သူကမှ မျှော်လင့်ထားခဲ့ကြတာ မဟုတ်ပါဘူး။

ဒီအနိုင်ဟာ...

စစ်အာဏာရှင်တွေရဲ့ မြန်မာပြည်ကို ပုံစံသစ် စစ်ကျွန်ပြုရေး ပြဇာတ်ရဲ့ အရေးအကြီးဆုံး အထွတ်အထိပ် ဇာတ်ဝင်ခန်း ကပြနေတုန်းမှာ ခဲနဲ့ပေါက် မီးနဲ့တိုက်ပြီး ပွဲဖျက်ပစ်လိုက်နိုင်တဲ့ အကြီးမားဆုံး ဒီမိုကရေစီ အောင်ပွဲလို့လည်း ဆိုနိုင်ပါတယ်။

အာဏာရှင်တွေသာ ဒီဇာတ်ကွက်ကိုသာ ပြီးစီးအောင်မြင်အောင် ကလိုက်နိုင်ရင် မြန်မာပြည်ရဲ့ အနာဂတ်ဆိုတာ မရှိတော့ပါ။ သူတို့ပြဇာတ်အညွှန်းအတိုင်း မြန်မာပြည်သူတွေ ဘောင်းဘီချွတ်တွေရဲ့ ကျွန်တစ်သက်လုံး ခံပေတော့ဆိုတဲ့ အဖြစ်ကို ရောက်သွားမှာပါ။

ဒီအနိုင်ဟာ...

ပြည်သူနဲ့ ထိတွေ့ခွင့်မရှိအောင် နှစ်ပေါင်းများစွာ အကျယ်ချုပ် အကြိမ်ကြိမ် ချထားတာတောင် ပြတ်မသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့ကြားက မမြင်နိုင်သော်လည်း ခိုင်မြဲလှတဲ့ သံယောဇဉ် မေတ္တာကြိုးက စစ်အာဏာရှင်တွေရဲ့ လည်ပင်းကို ရစ်ပတ်ပြီး ကြိုးဆွဲချပစ်လိုက်သလို ဖြစ်သွားစေတာပါ။

ဒီသံယောဇဉ်ကြိုးရဲ့ ခိုင်မာအားကောင်းမှုကို ဘယ်နိုင်ငံရေးသုံးသပ်သူ စဆရကတွေကမှ မှန်အောင် ထည့်မတွက်နိုင်ခဲ့ပါဘူး။

တစ်ဖက်ကလည်း အာဏာရှင်တစ်ပိုင်း အစိုးရဟာ သူတို့တက်ကာစက ဖိအားတွေလျော့အောင် ပြည်သူကို ချော့မော့သိမ်းသွင်းခဲ့တဲ့ သကာရည်လောင်း ပြုပြင်ပြောင်းလဲရေး လုပ်ရပ်မျိုးတွေကို...

အစိုးရသက်တမ်း နောက်ပိုင်းနှစ်တွေမှာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေနဲ့ ပွတ်တိုက်မှု ဖြစ်လာတဲ့အတွက် ဟန်ဆောင်ပန်ဆောင်တောင် ဆက်မလုပ်ဆောင်နိုင်တဲ့အပြင်...

ပြည်သူနဲ့ ထိပ်တိုက်တွေ့တိုင်း အနိုင်ကျင့် ဗိုလ်ကျတဲ့ အာဏာရှင် အကျင့်ဟောင်းတွေကိုပါ ပြန်အသက်သွင်း လာတဲ့အခါမှာ သူတို့အစိုးရရော သမ္မတကြီးပါ ပြည်သူ့ထောက်ခံမှု သိသိသာသာ ပြန်ကျသွားရခြင်းကလည်း ဒီချုပ်အနိုင် ပြတ်သားသွားရခြင်းရဲ့ အကြောင်းရင်း တစ်ခုအဖြစ် ပါဝင်ပါတယ်။
.
.
.
အဲဒီလိုနဲ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ပြဇာတ်ကြီး ဖာတန်းမီးလောင်သလို ဝရုန်းသုန်းကား ပျက်စီးသွားရပြီးတဲ့ နောက်မှာ...

ခြေ/ဥအရ သူတို့ လုံခြုံရေးကို စိတ်ပူစရာ မလိုတာရယ်...

ခြေ/ဥအရ သူတို့က အဘက်ဘက်မှာ အသာစီးရနေဆဲ ဖြစ်နေတာရယ်...

ဒီချုပ်ရဲ့ ပြတ်သားလှတဲ့ အနိုင်ရလဒ်ကို ဘယ်လို ညစ်လို့မှ ပြောင်းမပစ်နိုင်တာရယ်ကြောင့် အာဏာလွှဲပေးလိုက်ရပါတော့တယ်။

ဒါ့ကြောင့် ဒီမိုကရေစီကို ကြံ့ခိုင်ရေးနဲ့ စစ်အစိုးရက ပေးတာ လုံးဝ လုံးဝ လုံးဝ မဟုတ်ဘဲ...

နှစ်ပေါင်းများစွာ ပြည်သူနဲ့ တစ်သားတည်း ဒုက္ခအမျိုးမျိုးခံ၊ နှစ်ရှည်ထောင်ကျခံ၊ နှိပ်စက်ခံ၊ အသက်အသေခံပြီး ရပ်တည်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီချုပ်ပါတီနဲ့...

ဘယ်လောက် ရန်တိုက်တိုက် သွေးခွဲခွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီအပေါ် အချစ်မပြယ်တဲ့ ပြည်သူတွေကိုယ်တိုင် အနုနည်းနဲ့ တိုက်ယူခဲ့တယ် ဆိုတာကသာ အမှန်တရား ဖြစ်ပါတယ်။
.
.
.
နောက်အရေးကြီးတဲ့ တစ်ချက်က သွေးမြေမကျ တည်ငြိမ်စွာ အသွင်ပြောင်းနိုင်တာ ဘယ်သူ့ကြောင့်လဲ ဆိုတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈၈၈ အရေးတော်ပုံကနေ နိုင်ငံရေးလမ်းကို စလျှောက်ခဲ့တာဖြစ်ပေမယ့် အကြမ်းဖက်တာတို့၊ လမ်းပေါ်နိုင်ငံရေးတို့ကို အားမကိုးခဲ့ဘဲ ဆွေးနွေးညှိနှိုင်းရေးနဲ့ လွှတ်တော်နိုင်ငံရေးကိုသာ ယုံကြည်သူ ဖြစ်ပါတယ်။

သက်သေပြရရင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက ပွဲလန့်တုန်း ဖျာဝင်ခင်းပြီး လူထုအုံကြွမှုတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့ပါလျက်နဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။

ဒါကို ပြည်သူဘက်ကို မကြည့်ဘူး မပူးပေါင်းဘူးဆိုပြီး အသက်ကြီးပြီး အချိန်မစီးတဲ့ ကျောင်းသား အမည်ခံအချို့နဲ့ ကျပ်မပြည့် နိုင်ငံရေးသမားတွေက တိုက်ခိုက် အပုတ်ချကြပါသေးတယ်။

တကယ်တော့ လူထုအုံကြွမှုအားနဲ့ ဒီမိုကရေစီကူးပြောင်းဖို့ ကြိုးစားမှုတိုင်းဟာ သွေးမြေကျမှုနဲ့သာ အဆုံးသတ်ပြီး ရလဒ်ကောင်းရတာ ရှားပါတယ်။
ပြီးတော့ အဲလို သွေးမြေကျရမှုတွေဟာ ဖိနှိပ်နေတဲ့ အာဏာရှင်အစိုးရတွေကို ပြည်သူတွေက အလုံးအရင်းနဲ့ အုံကြွဆန့်ကျင်လို့သာ ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။

ဘယ်သူမှ မအုံကြွရင်၊ သူတို့ကို မဆန့်ကျင်ရင် ဘယ်အာဏာရှင်ကမှ အလကားနေရင်း လိုက်ပစ်သတ်လို့မရပါဘူး။ သွေးထွက်သံယို အဓိကရုန်းတွေဆိုတာက လမ်းပေါ်ထွက် ဆန္ဒပြနေသူတွေရှိမှ တိုင်းပြည် မတည်ငြိမ်အောင် ဆူပူနေသူတွေဆိုတဲ့ အကြောင်းပြပြီး ပစ်သတ်လို့ ရမှာလေ။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့...

ပြည်သူလူထု အထိမနာစေရေးအတွက် လူထုအုံကြွမှုဆိုတဲ့ ဖြတ်လမ်းကို ရှောင်ပြီး...

အကြမ်းမဖက်ရေးနဲ့ ရင်ကြားစေ့ရေးလမ်းစဉ်ကို မြဲမြဲကိုင်စွဲလို့ လွှတ်တော်နိုင်ငံရေးဆိုတဲ့ လမ်းရိုးကို စိတ်ရှည်ရှည်နဲ့ စမတ်ကျကျ လျှောက်ပြသွားတာကြောင့်သာ...

အာဏာရူးတွေက ဘယ်သူ့ကိုမှ ပစ်သတ်ခွင့် မရလိုက်လို့ သွေးတစ်စက်မှ မထွက်ရဘဲ ဒီမိုကရေစီ အာဏာလွှဲပြောင်းရေး အဆင်ပြေသွားတာသာ ဖြစ်တယ်လို့ ပြောရင် ဘယ်သူ ငြင်းချင်ပါသေးသလဲ။
.
.
.
နိဂုံးချုပ်ရရင်...

ဒီမိုကရေစီရတာလည်း အမေစုနဲ့ ဒီချုပ်ဟာ "ပြည်သူနဲ့အတူ" ညီညာခဲ့လို့...

သွေးမြေမကျ ရခဲ့တာလည်း အမေစုနဲ့ ဒီချုပ်ဟာ "ပြည်သူနဲ့အတူ" ရင်ကြားစေ့ရေးလမ်းကို ယုံကြည်စွာ လျှောက်ခဲ့လို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်တွေက အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း မလွှဲပေးခဲ့ရင်လည်း သွေးမြေကျနိုင်တာမို့ သူတို့ကိုလည်း အဲဒီအတွက် ခရက်ဒစ် ပေးလိုက်ပါတယ်။

တစ်ခုသတိထားရမှာက...

စစ်အာဏာရှင်တွေရဲ့ ပြဇာတ်ဟာ ၂၀၁၅ မှာ တစ်ခန်းရပ်သွားပေမယ့်...

ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ ဒီဇာတ်လမ်းကိုပဲ ရပ်ထားတဲ့ နေရာကနေ ပြန်ဆက်ကနိုင်ဖို့အတွက် ဒီချုပ်အစိုးရနဲ့ ဒီချုပ်အမတ်တွေ အခက်ကြုံပြီး ပြည်သူ့ထောက်ခံမှု ကျဆင်းအောင် အမျိုးမျိုး ဒုက္ခပေး၊ ရန်တိုက် သွေးခွဲနေဆဲမို့...

ပြည်သူတွေအနေနဲ့ အာဏာရှင်ရဲ့ အဖျက်လုပ်ရပ်တွေ အရာမထင်ကြောင်း ၂၀၁၇ ကြားဖြတ်မှာ ဆက်လက် သက်သေပြပေးကြပါဦး ခင်ဗျား။

အမေစုနဲ့ ဒီချုပ်သည်လည်း...

တိုင်းပြည်ထူထောင်ရေး၊ ခြေ/ဥ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက အခက်အခဲ အတားအဆီးတွေကို "ပြည်သူနဲ့အတူ" အောင်မြင်စွာ ကျော်လွှားဖြတ်ကျော် နိုင်ပါစေကြောင်း....

အစိုးရသစ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားလိုက်ရပါတယ်။

Photo credit: ကြေးမုံ

No comments:

Post a Comment