Twitter Bird Gadget

Tuesday, March 7, 2017

"သတိထားဖွယ် ငရဲအနံ့ သင်းနေသော အလှူများ"

အလှူဒါနပြုခြင်းသည် ကုသိုလ်ရရန်ဖြစ်၏။ အလှူပွဲ၌ ကြက်၊ ဝက်၊ နွားများကို သတ်၍ ကျွေးမွေးခြင်းဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿသာ ဖြစ်ရ၏။
.
အလှူရှင်သည် ပင့်သံဃာ၊ ဖိတ်ထားသော ပရိသတ်အတွက် လောက်လောက်ငင ဖြစ်စေရန် ကြက်က ဘယ်နှစ်ကောင်၊ ဝက်က ဘယ်နှစ်ကောင် သတ်၍ ကျွေးရမည်ဟု စိတ်ကိုဖြစ်စေ၏။
.
မလှူမီကပင် မနောကံအကုသိုလ်များ ဖြစ်နေသည်။ တစ်ဖန် အလှူပွဲရောက်သောအခါ သတ္တဝါများကို မိမိကိုယ်တိုင် မသတ်စေကာမူ သင့်တော်မည့် ပုဂ္ဂိုလ်များကို သတ်ရန် ပြောဆိုစေခိုင်းရပြန်သည်။ ထိုအခါ ဝစီကံ အကုသိုလ်က ဖြစ်ရပြန်သည်။
တစ်ဖန်ဟင်းလျာများ ရရှိရေးအတွက် ရှေးဦးစွာ ကိုယ်တိုင်အားထုတ်ရ၏။ ကြက်၊ ဝက် ရနိုင်သည့်နေရာသို့ သွားရ၏။
.
အရောင်းအဝယ်ကိစ္စဆောင်ရွတ်ရ၏။ တန်ဖိုးကိုပေးချေရ၏။ ထိုအခါ ကာယကံအကုသိုလ် ဖြစ်တော့၏။
.
အလှူရှင်သည် ကောင်းမှုပြုမည်ဟု နှလုံးသွင်းကာ မကောင်းမှုကို ပြုဘိ၏။ ကုသိုလ်ပြုအံ့ဟူ၍ အကုသိုလ်ကို ပြုနေ၏။ သုဂတိလမ်းကြောင်းကို ရှာမည်ဟုကြံစည်လျှက် ဒုဂ္ဂတိလမ်းကြောင်းကို ရှာမှီးနေဘိ၏။
.
မှတ်ချက်။ ။ ၂၀၁၂ သြဂုတ်လထုတ် မေတ္တာရှင်မဂ္ဂဇင်းပါ ဦးငွေသန်း၏ ငရဲနံ့သင်းနေသော အလှူများ ဆောင်းပါးကို လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင် တရားလက်ဆောင်(၅) မှထုတ်နှုတ်ဖော်ပြသည်။
တစ်ဆက်တည်း အပါယ်ရောက်ကြောင်း ကိုယ်တိုင်ရေးဆောင်းပါးကိုလည်း အားလုံးအတွက် ထပ်ဆင့် မျှဝေလိုက်ပါ၏။
.
“သတိထားဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”
**********************************************************
ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။
.
ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ
.
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသောအရာများကို ပေးလှူခြင်း= မဇ္ဇဒါန။

၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။

၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကိုပေးလှူခြင်း= ဣတ္ထိဒါန

၄။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။

၅။ ကာမဂုဏ်စိတ်ကို ထကြွပွားများစေတတ်သော ပန်းချီကား အရုပ်စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။

၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။

၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။

၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။

၉။ သတ်ဖြတ်စားသောက်ရန် ကြက် ဝက် စသသည်ကို ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။

၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး စသည်ကိုပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။
.
ထိုအလှူ(၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူလျှင် ဒါနကုသိုလ် မဖြစ်သည့်အပြင် အကုသိုလ်တရားဖြစ်ပွား၍ အပါယ်သို့ပင် ကျရောက်နိုင်ကြောင်း မိလိန္ဒပဥှာပါဠိတော်၌ ဟောကြားတော်မူထား၏။
.
ဝိနည်းငါးကျမ်းတွင် တစ်ကျမ်းအဖြစ်ပါဝင်သော ပရိဝါပါဠိတော်၌လည်း “လူ့လောကတွင် မကောင်းမှုအကုသိုလ်သာ ဖြစ်ပါလျက် လူမိုက်များက ကုသိုလ်ဟု ခေါ်ဝေါ်နေကြသည့် အလှူတို့မှာ ငါးမျိုးရှိ၏။
ထိုငါးမျိုးမှာ
(၁)။ သေရည် သေရက် အလှူဟူသော မဇ္ဇဒါန၊
(၂)။ သဘင်အလှူဟူသော သမဇ္ဇဒါန၊
(၃)၊ မိန်းမအလှူဟူသော ဣတ္ထိဒါန၊
(၄)။ နွားလားဥသဘအလှူဟူသော ဥသဘဒါန၊
(၅)။ ကိလေသာပွားကြောင်း ပန်းချီဆေးရေးရုပ် အလှူဟူသော စိတ္တကမ္မဒါနတို့ ဖြစ်၏” ဟု ဟော်ကြားထား၏။
.
“သူတစ်ပါးတို့ သောက်စားရန် လှူသော ယစ်မျိုးအလှူ၊ သူတစ်ပါးတို့ ကြည့်ရှုပျော်ပါးစေရန်လှူသော ပွဲသဘင်အလှူ၊ အမျိုးသားများ မေထုန်မှီဝဲရန် လှူသော မိန်းမအလှူ၊ နွားမကို သန္ဓေရအောင် လှူသော နွားလားဥသဘအလှူ၊ ကိလေသာပွားရန် ရေးဆွဲထုလုပ်ထားသော ပန်းချီဆေးရေးရုပ်ဟူသော အလှူငါးမျိုးတို့မှာ တဏှာရာဂ ပွားကြောင်း အစစ်ဧကန်ဖြစ်သောကြောင့် ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်သော အလှူတို့သာဖြစ်၏။” ဟု ပရိဝါအဋ္ဌကထာ၌ မိန့်ဆိုထား၏။
သို့ရာတွင် ဝိနည်းမဟာဝါပါဠိတော်၌ ရဟန်းတော်တို့အား အရက်ကို လိမ်းကျံရသော နယ်ဆီအဖြစ် အသုံးပြုခွင့်ပေးထားသောကြောင့် အရက်သောက်သုံးရန် မဟုတ်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုရန် လှူကောင်း၏။
.
လှူလျှင်ကုသိုလ်ဖြစ်၏။ အမျိုးသမီးတို့အား အရာမ်စောင့်အဖြစ် အလှူခံခွင့်ပြုထားသော ကြောင့် အမျိုးသမီးများကို အရာမ်စောင့်အတွက် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။ နွားလား ဥဿဘကို သေနာသနအလို့ငှာ ကျောင်းအား လှူဒါန်းကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ ပရိဝါအဌကထာ၌ “ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်၊ မဏ္ဍပ် စသည်တို့၌ ငရဲခန်း၊ ဘုံခန်း၊ တောထွက်ခန်း၊ ပန်းချီ၊ ပန်းပု၊ ရေးထုခြင်းကို ပြုခြင်းငှာအပ်၏” ဟု မိန့်ဆိုထားသောကြောင့် ကိလေသာစိတ်များ မဖြစ်ပွားစေတတ်သည့် ပန်းချီကား၊ ပန်းပုရုပ်တို့ကို ပေးလှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။
.
သမဇ္ဇဒါနအရာ၌ ယခုကာလကဲ့သို့ ပွဲသဘင်များ ငှား၍ ပူဇော်ခြင်းမျိုးကို မည်သည့်နည်းနှင့်မျှ မပြုကောင်း၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီးက “အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာ၊ သူမိုက်တစ်ယောက် လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် သူမိုက်တစ်ယောက်၊” စသည့် ပွဲသဘင်အလှူနှင့်စပ်၍ လူမိုက်ဟူသော အသုံးအနှုန်းဖြင့် မိန့်ဆိုထား၏။
.
သို့ရာတွင် “အပျက်အချော်၊ အသရော်၊ အလော်မာ၊ ဒုစရိုက်မပါဘဲ၊ ပလလဲတော၌ ပျားလှူသော မျောက်ကဲ့သို့ဖြစ်စေ၊ ဝရုဏနတ်မင်းကဲ့သို့ဖြစ်စေ မိမိ၏ အလှူတွင် ဝမ်းမြောက်ကြည်ရုံ သဒ္ဓါဟုန်ဖြင့် ကိုယ်တိုင်ကခုန်၍ ရတနာသုံးပါးအား ပူဇော်ကောင်း၏။ ပူဇော်လျှင် ကုသိုလ်ဖြစ်၏” ဟု ဆုံးဖြတ်ထားပေသည်။
.
ထို့ပြင် အဆင်းလှပသော မိန်းမယောကျ်ားတို့သည် ရူပဒါနဖြစ်စေရန် အကြည့်ရှုခံ၍ အဆင်းကိုလှူအံ့၊ သဒ္ဒဒါနဖြစ်စေရန် သီချင်းသီဆို၍ အသံကို လှူအံ့၊ ဂန္ဓဒါနဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကို လှူအံ့။ ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အမွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။ ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။ ကုသိုလ်ဇောမစော၊ အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။ အမိုက်ဇော ဆိုသည်မှာ မောဟဇော၊ အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။ “ဖလေပါဋိကင်္ခ ိတွာ” ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။ “ချစ်ပေး၊ ကြိုက်ပေး၊ ကြောက်ပေး(လာဘ်မျှော်ပေး) စသည်တို့ကို ဒါနမဆိုရ၊”ဟု တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးက ပရမတ္ထစက္ခု ကျမ်း၌ မိန့်ဆိုထား၏။
.
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကလည်း “ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့်ပေးခြင်း မဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ပေးခြင်း၊ ကြောက်ရွံ့၍ပေးခြင်း၊၊ မိုက်မဲတွေဝေ၍ပေးခြင်းမှ စ၍ပေးခြင်း ဟူသမျှကို လောက၌ ပြုကျင့်ကြမြဲ ဝတ္ထရားအတိုင်း ပေးခြင်းမျိုးဖြစ်၍ ဒါနပါရမီနှင့် မသက်ဆိုင်” ဟု ဒါနမမည်သော ပေးခြင်းမျိုးကို မိန့်ဆိုထားပေသည်။ သို့ဖြစ်၍ အထက်ပါ ဒါနမမည်သော အလှူဒါနများအား မပြုလုပ်မိ၊ မလှူမိစေရန် သတိထားသင့်ပါကြောင်း အသိပေးလိုက်ပါသည်။
.
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
.
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment