Twitter Bird Gadget

Sunday, June 4, 2017

❗️ဒီပဲယင်းည❗️(အပိုင်း ၂ )

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရလက်ထက်က စစ်ကိုင်းတိုင်းဒေသကြီးသို့ စည်းရုံးရေးခရီးထွက်လာသော ဒေါ်အောင်ဆန်းစု ကြည်၏ ယာဉ်တန်း ကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညတွင်  ဒီပဲယင်းမြို့ နယ် ကြည်ရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သောဖြစ်ရပ်မှာ မြန်မာသ မိုင်းတွင် ဖျောက်ဖျက် မရသော နိုင်ငံရေးအကြမ်းဖက်မှုပင်ဖြစ်ကြောင်း နိုင်ငံ တကာသတင်းမီဒီယာက ရေးသားဖော်ပြခဲ့ကြသည်။

ဒီပဲယင်း အကြမ်းဖက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ တရားစွဲ အရေးယူ ခံခဲ့ရသောလည်း အကြမ်းဖက်မှု ကျုးလွန်သူများနှင့် ညွှန်ကြားစေခိုင်းခဲ့သူများမှာ ယနေ့တိုင်ပင် လွတ်မြောက်လျက်ရှိပြီး အချို့မှာ တမလွန်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒီပဲယင်း အကြမ်းဖက်မှုဖြစ်ပွားစဉ်က ဖမ်းဆီးခံခဲ့ရသူများတွင် အသက်အငယ်ဆုံး အကျဉ်းသားဖြစ်ခဲ့သူ မုံရွာ မြိုခံ The Voice သတင်းထောက်၏ ပြန်လည်ရေးသားခဲ့သော ဖြစ်ရပ်များကို သမိုင်းမှတ်တမ်း အနေဖြင့် ဖော်ပြလိုက်ပါသည်။

(အယ်ဒီတာ)
---------------------------------------------------------------------------------

ဒီပဲယင်းည (အပိုင်း - ၂)

ကိုသက် (မုံရွာ)

(၂)

မေလ ၃၀ ရက် နံနက်တွင် မုံရွာမြို့ ဇေရပ်ဝိုင်းဘုရားအနီးရှိ စိန်မြှားတိုက်အပေါ်ထပ်မှ လူထုကို ထပ်မံဟောပြောသည်။ ထိုမှတစ်ဆင့် မြို့အရှေ့ဘက် အုတ်ကန်တောရ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့သည်။

လူထုမှာ မြို့အတွင်းပြန်လာမည်အထင်ဖြင့် မြို့အတွင်းမှ စောင့်နေခဲ့သော်လည်း ယာဉ်တန်းမှာ မြို့အရှေ့ဘက် ဇလုပ်ရွာအနီး မြို့ပတ်လမ်းမှ ဘုတလင်သို့ခရီးဆက်ခဲ့သည်။

ကျွန်တော်နှင့် ကျောင်းနေဖက် သက်ထွန်းဦး နှစ်ဦးသားကတော့ အုတ်ကန်တောရ ဘုန်းကြီးကျောင်းရှေ့ကနေ ယာဉ်တန်းကို စောင့်နေခဲ့ကြသည်။ သူ့တွင် စစ်စိမ်းရောင် ဂျပန်ဆိုင်ကယ်လေးပါသည်။ မြို့ပတ်လမ်းမှ တောက်လျှောက်လိုက်သွားခဲ့ကြသည်။ ဘုတလင်မရောက်ခင်ရွာတွေကလည်း ရွာတိုင်းနီးပါး ထွက်ကြိုခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ဘုတလင်မြို့ရှိ NLD ပါတီဝင်များ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည်။

ထို့နောက် ရေဦးသို့ဆက်သွားမည်။ ထိုကြောင့် ကျွန်တော်တို့က ဆက်မလိုက်တော့ဘဲ မုံရွာပြန်မည့် ဆိုင်ကယ်တန်းဖြင့် လိုက်ပြန်ရန် လှည့်ပြန်ခဲ့သည်။

သို့သော် ဘုတလင်မြို့မှအထွက် ဆီဆိုင်တန်းတွင်ပင် လူအပြည့်တင်ထားသော ဒိုင်နာကားများကို တွေ့နေရပြီ။

“ညမှောင်ရင်အမေစုကို ဒီလူတွေဒုက္ခပေးနိုင်တယ်။ ရေဦးထိပို့ပြီးမှ မုံရွာကို ညတွင်းချင်းပြန်ကြမယ်” ဟု မုံရွာပြန်ရန် ဦးဆောင်ခဲ့သူတစ်ဦး ဆိုလိုက်သည်။ ထိုကြောင့် မုံရွာတန်းပြန်ရန် အစီအစဉ်ကို ဖျက်ကာ ကျွန်တော်တို့ဘုတလင် NLD ရုံးသို့ပြန်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်အား စိုးရိမ်သဖြင့် မုံရွာမှ လိုက်လာသည့်သူများကိုလည်း လမ်းတွင် တားဆီးထား သည် ဟူသည့် သတင်းကိုလည်း ကြားလိုက်သည်။

ဘုတလင်မှဆက်သွားသင့်၊ မသွားသင့် ပါတီဝင်များ တိုင်ပင်ခဲ့ဟန်ရှိသည်။ ယင်းနောက် ရေဦးထိခရီးဆက်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ဘုတလင်မှ ညနေပိုင်းအချိန်တွင် ဆက်လက်ထွက်ခွာခဲ့ကြသည်။

ကားတန်းကြီးကအလွန်ရှည်ပြီး ဆိုင်ကယ်တွေကလည်း အစီးရေ ရာချီကာ ဘုတလင်မှ လိုက်ပါခဲ့ကြသည်။ စိုင်ပြင်ရွာကို ရောက်သည့်အချိန်တွင် ညနေ ၆ နာရီဝန်းကျင် ရှိနေပြီဖြစ်သည်။ ဒီပဲယင်းကို ရောက်ဖို့ နီးနေပြီ။

လမ်းကွေ့ရောက်တိုင်းနောက်သို့လှည့်ကြည့်မိသည်။ နောက်မှ လိုက်ပါလာသည်က မီးတန်းရှည် ကားတန်းကြီး။

ကြည်ရွာကျော်အပြီး ဒီပဲယင်းဝင်ဖို့နီးလာချိန်မှာတော့ ကားတန်းကရပ်သွားသည်။ ကျွန်တော်တို့လည်း ဆိုင်ကယ်ကိုရပ်ပြီး ရှေ့သို့လှမ်းကြည့်သောအခါ မီးရောင် တဝင်းဝင်းဖြင့် လူတွေကိုမြင်နေရသည်။ ယင်းအချိန်တွင် ကျွန်တော်တို့ နောက်မှာရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို နောက်မှကပ်ပါလာသည့် ဒိုင်နာပေါ်မှလူများက တိုက်ခိုက်နေကြပြီဖြစ်သည်။

“ပြန်မတုံ့ပြန်နဲ့၊ ပြန်မခုခံနဲ့” ဆိုတဲ့အသံတွေလည်း လူအုပ်ကြီးအတွင်းမှ ကြားနေရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကားကိုလူတွေက လက်တွေချိတ်ပြီး ကာကွယ်နေကြသည်ကိုမြင်ရသည်။

“တစ်ယောက်လဲရင် တစ်ယောက်ဝင်” ဆိုသည့် အသံများကိုလည်း လူအုပ်အတွင်းမှကြားနေရသည်။

ကျွန်တော်တို့ရှေ့တွင်လည်း ကားမီးများထိုး၍ ရာချီသော လူအုပ်စောင့်နေသည်။ သူတို့ကို ကြိုဆိုနေသောသူများဟု ကျွန်တော်ထင်ခဲ့မိသည်။ သူတို့သည် ပုဆိုးတိုတိုဝတ်ထားသည်။ လက်တွင် လက်ပတ်ဖြူများပတ်ထားသည်။ လက်ထဲတွင် တုတ်များကိုင်ထားသည်။

ကျွန်တော်တို့ရှေ့မှ ဖြတ်တက်မောင်းသွားသော ဆန်နီအပြာရောင် ကားကို ထိုလူအုပ်က ဘာမှ ရန်မပြု။ ထိုကြောင့် ကြိုဆိုနေသူများသာ ဖြစ်မည်ဟု ခပ်ရိုးရိုးတွေးကာ ကျွန်တော်တို့ ရှေ့ဆက်မောင်းလိုက်သည်။

သို့သော် ကျွန်တော် ထင်သလိုမဟုတ်ခဲ့ပါ။

ထိုလူအုပ်ကြီးအနား ဆိုင်ကယ်ရောက်ချိန်တွင်ဇာတ်လမ်းစတော့သည်။

“ဆိုင်ကယ်မှာ ခွပ်ဒေါင်းပုံ ပါတယ်ဟေ့၊ ရိုက်ကြ၊ ရိုက်ကြ”

လက်ပတ်ဖြူဝတ် လူအုပ်ကအော်ရင်း ကျွန်တော်တို့ ဆိုင်ကယ် ရှေ့မီးခွက်ကို အရင်ရိုက်သည်။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်ကို ဆက်ရိုက်သည်။ ရိုက်ပြီးနောက် ကျွန်တော့ လက်ကိုကြိုးတုပ် ခေါ်သွားတော့သည်။ ကျွန်တော့်သူငယ်ချင်းကိုမူ ကြိုးမတုပ်။

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကို လယ်ကွင်းတစ်ဘက်ရှိ ဒိုင်နာကားများပေါ်သို့ ခေါ်သွားခဲ့ သည်။ လမ်းတစ်လျှောက်တွင်လည်း ကင်မရာကိုင်ထားသူတွေက တစ်ဖြတ်ဖြတ်နှင့် မီးဖွင့်ပြီးမှတ်တမ်းတင်သည်။ ဒိုင်နာကားများအနီးတွင်တော့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေ။ ရဲတပ်သားတစ်ဦးက ကျွန်တော်တို့အား ဒိုင်နာကား ပေါ်သို့ တက်ရန်အမိန့်ပေးသည်။

ကားပေါ်တက်ခိုင်းတော့ မှောင်နေပြီ။ ကားပေါ်မှာ လူတစ်ဦးမျှ မရှိသေး။ ကျွန်တော်တို့ နှစ်ဦးက ဈေးဦးပေါက်။ အဖမ်းခံရသူများ နောက်ပိုင်းမှ ကားပေါ် တဖွဲဖွဲရောက်လာသည်။

ကျွန်တော့ လက်ကိုကြိုးဖြင့် ခပ်တင်းတင်း ချည်ထားသည်။ လက်ကို ပါးစပ်ဖြင့် ကိုက်ကြည့်ခဲ့သေးသည်။ လက်ကို ကိုက်မှန်းမသိရတော့။

သွားပြီ။ လက်ပုပ်သွားပြီဟု ထင်လိုက်သည်။

ဘေးမှလူတစ်ဦးက အချိန်အတော်ကြာအောင် ကျွန်တော့်ကိုကြိုးစား ကြိုးဖြည်ပေးသည်။ တော်ရုံဖြင့် မပြေ။ နာရီပေါင်းများစွာကြာမှ ကြိုးပြေသွားသည်။ ညာဘက်ဦးခေါင်းတစ်ခြမ်းလည်း အရိုက်ခံထားရသည်။

ယင်းနေ့ညက တစ်ညလုံး လူ တစ်ဒါဇင်လောက်တင်ထားသော ဒိုင်နာကား၏ ကြမ်းပြင်ပေါ် တွင်ဝပ်၍ နေရသည်။ ခပ်လှမ်းလှမ်းဆီမှ မကြာခဏ ဆိုသလိုအော်ဟစ်သံများ ကြားရသည်။ ကားများကို ရိုက်နှက်သည့်အသံများကိုလည်း ကြားရသည်။ သေနတ် ပစ်ဖောက်သံများ ကိုပါကြားခဲ့ရသည်။ တစ်ညလုံး ထိုအသံများ ကြားနေရသည်။ ခန့်မှန်းခြေ မနက်လင်းအားကြီးလောက်မှ အသံတိတ်သွားသည်။

မနက်ငါးနာရီလောက်မှ လူတင်ထားသော ဒိုင်နာကထွက်သည်။

(ဓာတ်ပုံ- Nainglin Aung Facebook )

----------------------------------------------------------
အပိုင်း(၁)
https://www.facebook.com/OoOoAye007/posts/1739093236382577

ဆောင်းပါးအပြည့်အစုံကို မေလ ၃၁ ရက်နေ့ထုတ် #TheVoice သတင်းစာတွင် ထည့်သွင်းဖော်ပြထားကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသ်။
ဦးဦးအေးမှ ပြန်လည်မျှဝေပေးပါသည်။
#OoAye
30.05.2017
Los  Maung Maung Face Book

No comments:

Post a Comment