Twitter Bird Gadget

Monday, February 13, 2017

အမှတ်တရ အောင်ဆန်း.....(၁)



ငမိုး ကို လူအမျ ားက သေပြီ ဟုပြောကြသည်..
အမှန်မှာကား ငမိုး မသေသေး...
ငမိုးသည် ကျနော့ ထက် အသက် ၆နှစ် ခန့်ကြီးသည် ငမိုးနဲ့ ကျနော် အသက်ချင်းကွာသလို အတန်းချင်းလည်း ကွာသည်..
(ငယ်ငယ်က ကျောင်းသားဘဝ ကို ပြန်အမှတ်ရမိသေး တယ်..)

ငမိုးက လူတစ်မျိုး...
ကျောင်းအဆင်း အိမ်အပြန် လမ်းသွားရင်း လုံချည်ကျွတ်ကြပါက (ငမိုး) ဘယ်တော့မှ ပြန်မဝတ် ပခုံးမှာ ကောက်စွပ်ပြီး မည်သူမျှ စကားမပြောပဲ ခပ်သုတ်သုတ်သွားတတ် သည်...
ကျနော်တို့ကျောင်းတွင် မျက်နာကြီးကျောင်းသား အုပ်စု နှစ်စု ကွဲနေသည် တစ်စုမှာ ငမိုးတို့ ညီအကိုတစ်စု ဖြစ်၏..
တစ်စုနှင့် တစ်စု ပညာဂုဏ်ပြိုင်ဘက် ဖြစ်သည့် 
အလျောက် ကျောင်းအပြန် ဆိုလျင် အမြဲရန်ပွဲ ဆင်ရ၏..
ထိုရန်ပွဲတွင်...ကျနော် သည်ငမိုးတို့ဘက်မှ အမြဲပါဝင်မြဲ
ဖြစ်သည်..

ငမိုးက မတရားဘူး ထင်လျင် ဘသူမှ ဗိုလ်မထား...
အမေစု ၏ လယ်ပေါင်ယာပေါင် စာချုပ်များကို ပင် ယူ၍ မီးရှို့ ရဲခဲ့သော ငမိုး...
အမေ့ပစ္စည်း တောင်မှ လမ်းမကျဘူးထင်ရင် လမ်းကျအောင် ဇွတ်လုပ်တတ်တဲ့ငမိုး.
ငမိုး မှာ မျက်နှာစိမ်း မျက်နှာကျက် ဟူ၍ ခွဲခြားခြင်းမရှိ တည့်မတ်လိုက်သည်မှာ ပကတိ ချိန်ခွင်လျှာလို...

ငမိုး စတုတ္ထတန်း အောင်မြင်ပြီး သောအခါ ....
(ရေနံချောင်းနေရှင်နယ်)အင်္ဂလိပ်ကျောင်းသို့ ပြောင်း သွား၏ ..အဲဒီခေတ်က (အင်္ဂလိပ်ကျောင်းကို တော်ရုံလူ မတက်နိုင်)...ကျနော် တို့မြို့မှ လေးငါးဦးသာ ပညာသင်ကြားနိုင် သည်.ထိုအထဲတွင်..တစ်ခြားသူများက တမူ..

ငမိုးက တဘာသာ...(ဥပမာ)

အခြားကောလိပ် ကျောင်းသားကြီးများက..နွေရာသီ ကျောင်းပိတ်ရက် ရန်ကုန်မှ အိမ်ပြန်လာလျင်......
"ဘယ်နေ့ရောက်မည် .ဘူတာက ကြိုပါ"ဟု အိမ်ကို သံကြိုးရိုက်လေ့ရှိ၏..
နတ်မောက်သည် တောမြို့ဖြစ်သည့်အတွက် "ကား"မရှိ.
ဘူတာနှင့်မြို့စပ်ကြား ကို "ယင်း"ချောင်း ကြီးက ခြား
ထားသည်..နွေရာသီတွင် ရေမရှိပဲ.သဲများဖြင့် ပြည့်နေသည်..
သံကြိုးစာ ရသည့် မိဘများက အင်္ဂလိပ်ကျောင်းသား
ကြီးများကို လှည်းယဉ်ဖြင့် သွားကြိုရ၏...
လှည်းယဉ် ဆိုပေမယ့်.မခေလှ..နှီးပေါင်းမိုး မှာ နံဘေး
ဝဲယာ နှစ်ဘက် ပြတင်းပေါက်ပါပြီး ခန်းစီးလိုက်ကာနှင့်..
ဖင်မနာအောင် မွေ့ယာလည်းခင်းထားသေး၏ နွားတွင်လည်း ခြူ ကုံးတွေ တစ်ချွင်ချွင် နဲ့ အမတန်စိတ်ကြီးဝင်စရာ ကောင်းလှ၏......
ရထားကအဆင်း မြို့ထဲအဝင် ......တစ်စောင် တမူးပေးရသော (ရန်ကုန်ဂေဇက်) အင်္ဂလိပ်သတင်းစာ ကြီး ကို လှည်းနံရံ ခြေကန်ဖတ်ရင်း လိုက်ပါလာလျင်..ကောလိပ်ကျောင်းသား ပြန်လာပြီဟု သိကြ၏.........

ငမိုးကား....အာဂ ငမိုး...
သူပြန်လာလျင် သံကြိုးလည်းမရိုက်..အကြိုလည်း မခိုင်း
အိပ်ယာလိပ်နဲ့သေတ္တာကို လှည်းကြုံနှင့် ငါးမူးပေးပြီး
တင်လွှတ်လိုက်၏...ရထားဆိုက်သော နေခင်းနှစ်နာရီ နေပူထဲမှာ ဖိနပ်မပါ ဦးထုပ်မပါ ယင်းချောင်းကို ဖြတ်ကူး
လာ တတ်၏..လုံချည်ကွင်း မီးပေါက် နှင့် မြို့အရှေ့ဘက်က မြောင်းဘောင်အတိုင်း လျောက်တတ်၏...
ထိုကမှ မြို့ထဲဝင်၍ အိမ်သို့သွား၏..
တစ်ခါတစ်လေ စပါးလှေ့ နေသော လူသိုက်ထဲ ဘာမပြော ညာမပြော ဝင်ထိုင်ပြီး ရေနွေးကြမ်း.နှစ်ခွက် သုံးခွက် ငှဲ့သောက်ပြီး တန်း ထသွားသည် ဟူ၏....
လမ်းသွားလျင်လည်း ဘသူ့ နုတ်ဆက်သံမှမကြား
လက်သီးဆုပ် အံကြိတ်ပြီး တစ်ယောက်ထည်း (နိုင်ငံရေး)စကားတွေ ပြောသွားတတ်သေး၏...

သူပြန်လာလျင်......
အိုးဝေမဂ္ဂဇင်း..ဒီးဒုတ်ဂျ ာနယ် တက္ကသိုလ် မဂ္ဂဇင်း စသည့် စာအုပ်များ ပါလာလေ့ ရှိသည်....ညလသာသာ
 မှာ ခလေးများကို စု ပဲကြီးလှော် ဝေပြီး.."ဒို့ဗမာ သီချင်း" ကို သင်ပေး၏...
ဤနည်းဖြင့် ကျနော် တို့မြို့ရှိ လူငယ်တွေမှာ (လူကြီးများ
အခေါ်)ဝံသာနု ထောင်စာ သူပုန်လေးတွေ ဖြစ်ကုန်၏...
ဘိန်းစား အရက်သမား ကြက်သမားများ အထိုင်များ
သည့် လဘက်ရည်ဆိုင် များတွင်လည်း...နိုင်ငံရေး တရားများ လိုက်လံဟောကြားလေ၏......
တစ်ကယ်တော့ ၎င်းတို့အားလုံးသည် မကောင်းမှု့ မှာ ဖြတ်မရပဲ စွဲနေကြသူများ ဖြစ်ကြသည်...သူတို့အား မျိုးချစ် စိတ်တရား ဟောသူသည် ဘာမျှော်လင့်ချက်မှ မရှိ.....သို့သော်...
ငမိုး ပြန်သွားသောအခါ...ထိုလူစုသည် သတင်းစာဖတ်သူက ဖတ် သခင်အကြောင်း ကျောင်းသားအကြောင်း များကို ဆွေးနွေးသူတွေက ဆွေးနွေး ...အကုန် ဖြစ်ကုန်ကြသည်....အံဘွယ်စည်းရုံးရေးပါ တကား....

အများသိကြသည့်အတိုင်း.....ငမိုး ဂျပန်ကိုသွား၏ ..
ဗိုလ်တေဇ ဖြစ်လာသည်...

အချိ်န်ကား...
ဘီအိုင်အေကို ဖျက်ပြီး..ဂျပန် အလိုတော်ကျ ဘီဒီအေ ပြန်ဖွဲ့ခါစ...ဘီအိုင်အေ တွင်ပါလာသော တပ်ဗိုလ်များ.အချို့ကို တိုက်ရိုက်ကော်မရှင် အချို့ကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ရွေးချယ် စေလွတ်ရမည်ဖြစ်၏.
တစ်နေ့..
ဗိုလ်မှူး ရန်နိုင်မှ (ငါးယောက်ထိုင်နေ ဗိုလ်နေဝင်းလည်း ရှိ)ကျနော့ကိုခေါ်၍ ခင်များတပ်က မထွက်ပဲ ဆက်လုပ်မယ် မလား....
ခင်များကို ကျနော် တို့က ဒါရိုက်အပွိုင့်မင့် ပေးဘို့ စီစဉ်ထားတာဗျ...
ကျနော် ဘာမှပြန်မပြော....
ကျနော့ကို အားလုံးက ဂရုဏာသက်စွာ ကြည့်နေကြ၏....ဗိုလ်မှူးရန်နိုင်က ဆက်ပြော၏...
"ဒါပေမယ့် ကျနော် တို့ အစီအစဉ်အတိုင်း တော့ မဖြစ်နိုင်တောဘူး..ဒီစာသာ ဖတ်ကြည့်ပါတော့."...ဟု
မှင်နီနဲ့ရေးထားပြီး (အောက်ဒေါင့်မှာ ဗိုလ်တေဇ ဟူသောလက်မှတ်ပါသည့်) လက်ဝါးသာသာ စာရွက်တစ်ရွက် ထုတ်ပေး၏....

စာ၏ ဆိုလိုရင်းမှာ................
............
အပိုင်း(၂)တွင်..ဆက်လက် ဖတ်ရှူ့ပါရန် .....

အမှတ်တရ အောင်ဆန်း ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၃အထိ (တစ်နေ့ တစ်ခန်း)အခန်းဆက် တင်ပါမည်...

Tint Wai...

No comments:

Post a Comment