Twitter Bird Gadget

Thursday, February 9, 2017

မနက်လင်းတာနဲ့ ဖားတစ်ကောင် စားလိုက်ပါ


(Time Management အတွက် နည်းကောင်းတစ်ခု)
~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော်က အခုပြောမဲ့ နည်းလေးကို မတွေ့ခင်က အလုပ်ထဲမှာ အရမ်းကို အချိန်ဆွဲတတ်တဲ့ သူတစ်ယောက်ပဲ။ အရင်က စလုံး သူဌေးပိုင်တဲ့ ကုမ္ပဏီ တစ်ခုမှာ ၆ နှစ်လောက် လုပ်ခဲ့တယ်။ အလုပ်ဝင်ပြီး နှစ်နှစ်လောက်မှာ ကိုယ်လက်အောက်မှ လက်ထောက် အင်ဂျင်နီယာ တစ်ယောက်ရလာတယ်။ အဲဒီ အထိအိုကေသေးတယ်။ ၃ နှစ်မြောက်မှာ လက်ထောက်နှစ်ယောက်ရလာတယ်။ အဲဒီကတည်းက စပျက်တာ။ ကိုယ်က စီနီယာ ဆိုတော့ ကိုယ်မလုပ်ချင်တာတွေ ကိုယ့်လက်အောက်တွေ ခိုင်းတယ်။
ကိုယ်က အရေးလည်းကြီးပြီး သက်သာတဲ့ အလုပ်လေးတွေပဲ ရွေးလုပ်တယ်။ တခါတလေဆို တစ်နေ့လုံး ဘာမှ မလုပ်ဘုူ။ နောက်ဆုံး ဘယ်လောက်ထိဆိုးလာလဲဆိုတော့ မန်နေဂျာ ခိုင်းတာတွေပါ အချိန်မှီ မလုပ်ပေးဘူး။ အကြောင်းပြချက် မျိုးစုံပေးပြီး အချိန်ဆွဲတယ်။ မန်နေဂျာက သူဌေးကို တိုင်ပေမဲ့ သူဌေးက ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာသိနေတော့ ဘာမှ မပြောဘူး။ ကိုယ်ကလည်း အရင်က အလုပ်တစ်ခုကို မန်နေဂျာ မလိုပဲ Tender Meeting ကစပြီး Project Commissioning လုပ်ပြီး Handover လုပ်တဲ့အထိ အစအဆုံး လုပ်ခဲ့တာ ဆိုတော့ သူဌေးက သိပ်မပြောဘူး။

မန်နေဂျာနဲ့လည်း နောင်ဂျိန်ချတာ ခဏခဏပဲ။ အမှန်က အလုပ်ကမလုပ်ပဲနေရင် ပိုပို အပျင်းကျကျသွားတာ။ ဒီနည်း သိတဲ့ အချိန်မှာ ကိုယ်ဟာကိုယ်ပြန်ပြင်တယ်။
ငါဒီ အတိုင်းသွားနေရင်တော့ မဖြစ်တော့ဘူး ကြာရင် ဒုက္ခ ရောက်မယ် ငါ့အကျင့်တွင် ပြောင်းမှဆိုပြီး စပြင်တယ်။ အမှန်ကနည်း သိရင်လွယ်တယ်။
ဒီနည်းက ဘရိုင်ရမ် ထရေစီ (Brian Tracy) ရဲ့ Eat That Frog ဆိုတဲ့ စာအုပ်ထဲကနည်းပါ။
ဘရိုင်ရမ် ထရေစီ က မနက်မိုးလင်းတာနဲ့ ဖားအရှင် တစ်ကောင်ကို စားလိုက်ပါတဲ့။ ဟာ ပထမ ဘာလဲပေါ့။ ဘယ်လိုလုပ် ဖားအရှင်စားမလဲပေါ့။ အရှင်မပြောနဲ့ အသေတောင် ကောင်းကောင်းမွန်မွန် မချက်ရသေးရင် စားဖို့ မလွယ်ဘူးလေ။
သူက ရှင်းပြတယ်။ ဖားအရှင်ကို စားဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူးတဲ့။ အကယ်၍ ဖားအရှင်ကို စားလိုက်နိုင်ရင်လည်း အဲဒီနေ့ အတွက် ကျန်တဲ့ ကိစ္စတွေဟာ အရမ်းကို လွယ်ကူသွားပါပီတဲ့ ဖားစားတာလောက် မခက်ခဲတော့ ပါဘူးတဲ့။
သူပြောတဲ့ ဖားအရှင်ဆိုတာ အရေးကြီးပြီး အခက်အခဲဆုံး အလုပ်ကို ရည်ညွှန်းတာပါ။ တစ်နေ့လုံးမှာ ခက်ခဲပြီး အရေးကြီးတဲ့ အလုပ်က တစ်ခု နှစ်ခုဒါမှ မဟုတ် သုံးခုထက်မပိုပါဘူး။ ကျနော်တို့တွေ အဲဒီအလုပ်ကိုရှောင်ပြီး လွယ်တဲ့ အလုပ် လေးငါးခုကို လုပ်လိုက်တယ်။ ဒါပေမဲ့ အရေးကြီပြီး ခက်တဲ့ အလုပ်ကို မလုပ်ဘူး။ ဒါပေမဲ့ အဲဒီ ချန်ထားတဲ့ အလုပ်မပြီးတဲ့ အလုပ်ကပဲ ကိုယ့်ကို ပြသနာပြန်ပေးတာပါ။
ဒါကြောင့်သူက ဒီလိုမျိုးလေးခွဲပြတယ်။
ABCDE method ကို သုံးပါတဲ့။ အရင်ဆုံးတစ်နေစာ လုပ်ရမဲ့ အလုပ်တွေကို ချရေးပြီး ABCDE ဆိုပြီး အောက်က အတိုင်း ခွဲရေးလိုက်ပါတဲ့။
A - အရေးကြီး ဆုံးအလုပ်တစ်ခုကနေ နှစ်ခုကို A လို့သတ်မှတ်လိုက်ပါ။ အဲဒီ A လို့သတ်မှတ်လိုက်တဲ့ အလုပ်တွေဟာ ကိုယ်စားရမဲ့ ဖားတွေပါပဲတဲ့။
ဥပမာ။ ၊၊ အရေးကြီးတဲ့ ကိုယ့်ဖောက်သည်ကို ဖုန်းပြန်ခေါ်ရမဲ့ကိစ္စ။ ကိုယ့်သူဌေး အမြန်လုပ်ခိုင်းတဲ့ အလုပ်တွေ ပါတဲ့။ ဒါတွေကို မလုပ်ရင် ကိုယ်အလုပ်ကိုတောင် ထိခိုက်ပြီး အလုပ်ပြုတ်နိုင်ပါတယ်တဲ့။ ဒီ A အလုပ်တွေပီးမှ ကျန်တာကို လုပ်ပါတဲ့။
B - ကကျတော့ ကိုယ်လုပ်ရိုးလုပ်စဉ် အီးမေးစစ်တာ။ အီးမေးပြန်တာတွေ။ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေပါတဲ့။ ဒါကို မလုပ်ရင် A လို အကျိုးသက်ရောက်မှုကြီးကြီး မရှိပေးမဲ့ အလုပ်တွေ ပုံလာနိုင်ပါတယ်တဲ့။
C - ကကျတော့ ကိုယ့်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှု တည်ဆောက်တဲ့ အနေနဲ့ ကော်ဖီ သောက်တာ။ ဒါမှမဟုတ် နောင်အေးအေးဆေးဆေးမှ လုပ်လဲ ရတဲ့ သိပ် အရေးမကြီးတဲ့ အလုပ်တွေပါတဲ့။ ဒါပေမဲ့ ၅၀ % သောလူတွေက အဲဒီ C အဆင့်ရှိတဲ့ အလုပ်တွေပဲ တစ်နေကုန် လုပ်နေပြီး A နဲ့ B အဆင့်ရှိတဲ့ အလုပ်တွေ မလုပ်ပဲ အချိန်ကုန်သွားတာပါတဲ့။
D - က delegate လုပ်ပါတဲ့။ ကိုယ်ကိုယ်တိုင် လုပ်စရာမလိုတဲ့ အလုပ်တွေကို တခြား သက်ဆိုင်တဲ့သူကို တာဝန်ပေးလိုက်ပါတဲ့။
E - က eliminate လုပ်ပါတဲ့။ မလုပ်သင့်တာကို ဆက်မလုပ်ပဲ ရပ်လိုက်ဖို့ ဆိုချင်တာပါ။ ဥပမာ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းမလုပ်ပဲ အားတာနှင့် ဂိမ်းဆော့တာမျိုး ဖေ့ဘုတ်ကို တချိန်လုံး သုံးနေတာမျိုး။ ဒါမျိုးဟာ ခဏတဖြုတ်လုပ်တာ ကိစ္စမရှိပေမဲ့ တချိန်လုံး လုပ်နေရင်တော့ ကိုယ့် အနာဂတ်ကို ထိခိုက်နိုင်ပါတယ်တဲ့။
အခုပြောတဲ့ နည်းကို လုပ်ငန်းခွင်ဝင်တဲ့ သူငယ်ချင်းတွေ အပြင် ကျောင်းတက်နေတဲ့ ညီ ညီမတွေပါ သုံးကြည့်လို့ရပါတယ်။ သဘောတရားက အတူတူပါပဲ။ ကိုယ်အားသန်တဲ့ ဘာသာကိုချည်း ဖိလေ့လာမနေပဲ ကျန်အရေးကြီးတဲ့ ဘာသာတွေပါ အစီအစဉ်တကျ မျှလေ့လာသွားဖို့လိုပါတယ်။
ဒီနည်းမသုံးခင်ကဆို အလုပ်ထဲမှာ သိပ်အဆင်မပြေဘူး။ ကိုယ်လုပ်ရမဲ့ အလုပ်တွေ မေ့တာနဲ့ နောက်ကျတာနဲ့ အဆင်မပြေဘူး။ အဆင်မပြေတော့ အလုပ်မသွားချင်ဘူး။ အဲလိုနဲ့ သံသရာလည်နေတာ။
အဲဒီနည်းလေး သိတဲ့ အချိန်ကစလို့ ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြင်တယ်။ ပြင်တာနဲ့ သိသိသာသာ အကျိုးခံစားရပြီး အချိန်ပိုပါ ထွက်လာတယ်။ အင်္ဂလိပ်စာနဲ့ တခြား လုပ်ငန်းခွင် ဆိုင်ရာတွေ လေ့လာဖြစ်တယ်။ အခုဆို လစာရော ခံစားခွင့်ပါကောင်းတဲ့ ဂျာမန် ကုမ္ပဏီမှာ အလုပ်ရလို့ လုပ်နေတာ နှစ်နှစ်တောင်ရှိပီ။
ဒီကုမ္ပဏီက Manufacture ဆိုတော့ တန်ဒါတွေ ပရိုပိုဆယ်တွေ အမြန်တင်ရတယ်။ ဒါပေမဲ့ ဒီနည်းလေးပဲ ဆက်သုံးတဲ့ အတွက် အချိန်ပို ထွက်လာတဲ့အပြင်.. စာပိုဖတ်ဖြစ်လာတယ်။
ဒါကြောင့် Time Management နဲ့ ပတ်သက်ပြီး စနစ်တကျသုံးတဲ့ နည်းမရှိသေးရင် ဒီနည်းကို စမ်းကြည့်ပါလို့ တိုက်တွန်းပါတယ်။
ရဲမင်း (8/2/2017)

No comments:

Post a Comment