အွန်လိုင်းငွေပေးချေမှု စနစ် (Online Payment System) ဟာ ယနေ့ နိုင်ငံတကာရဲ့ Ecommerce (အီလက်ထရောနစ် ကုန်သည်သွယ်မှုဆိုင်ရာ) လုပ်ငန်းများမှာ အဓိက နေရာအဖြစ် ပါဝင်နေပါတယ်။ မြန်မာပြည်မှာလည်း နှစ်အနည်းငယ်အတွင်း ထွန်းကားလာတော့မယ့်အရာ တစ်ခု ဖြစ်ပါတယ်။ အီလက်ထရောနစ် ငွေပေးချေမှု စနစ် ပေါ်လာခြင်းကြောင့် ငွေကြေးဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို နိုင်ငံ တစ်နိုင်ငံတည်းတင် မဟုတ်ပဲ နိုင်ငံတကာ ချိတ်ဆက်ပြီးတော့ ပေးချေမှုများကို လွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ငွေကြေး စီးဆင်းမှုဟာ Global အဆင့်အထိ ရောက်ရှိသွားစေခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီတော့ ယင်း စနစ် ဘယ်အခိျန်က စပေါ်တာလဲကနေ စလေ့လာကြည့်ရအောင်..။ ၁၉၆၀ ခုနှစ် ဝန်းကျင်တုန်း က ATM ကဒ်များ၊ Credit ကဒ်များ စထွက်ပြီး ယင်းကဲ့သို့ ထွက်တဲ့ အချိန်မှာပဲ အွန်လိုင်းပေးချေမှု စနစ်ဟာလည်း အတူထွက်ရှိလာပါတယ်။ သူ့ရဲ့ အသုံးပြုမှုကတော့ ATM နဲ့ Credit card တို့လောက် အစပိုင်မှာ မမြန်ပေမယ့် တဖြည်းဖြည်းနဲ့ တိုးတက်နေခဲ့ ပါတယ်။
စစချင်းပေါ်လာတဲ့ စနစ်တစ်ခုကတော့ EFT လို့ခေါ်တဲ့ Electronic Fund Transfer ဖြစ်ပါတယ်။ သူက EDI လို့ခေါ်တဲ့ Electronic Data Interchange လို့ခေါ်တဲ့ Application ကို အသုံးပြုပြီးတော့ credit card နံပါတ်၊ သို့မဟုတ် အီလက်ထရောနစ် check များိကု ရေးသားပေးပို့ခြင်း ဖြစ်ပါတယ်။ ပေးပို့ရန် အသုံးပြုတဲ့ လမ်းကြောင်းက အင်တနက် မဟုတ်သေးပဲ Private Secure Network လို့ခေါ်တဲ့ သီးသန့် အသုံးပြုရန် ခွဲခြားထားတဲ့ လုံခြုံတဲ့ ကွန်ရက်ကနေ ဖြစ်ပါတယ်။ ယင်း ကွန်ရက်ကို ဘဏ်များက ဖန်တီးပြီး ဘဏ်နဲ့ အဓိက လုပ်ငန်းလုပ်နေတဲ့ ကော်ပိုရေးရှင်းတို့ ကြားထဲက ငွေကြေးဆိုင်ရာ လုပ်ငန်းများကို အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေပေးချေလို့ ရအောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။ လူတိုင်း သုံးလို့ရတဲ့ အနေအထားတစ်ခုထိ မရောက်ခဲ့သေး ပါဘူး။ သိပ်မကြာခင်မှာပဲ လူတိုင်း အသုံးပြုလို့ရမယ့် အီလက်ထရောနစ် ငွေပေးချေမှု စနစ်များ အများအပြား ပေါ်ပေါက်လာခဲ့ပြီး အဓိက အားဖြင့် အမျိုးအစား လေးခုအထိ ကွဲပြားစေခဲ့ပါတယ်။ ၎င်းတို့ကတော့
Online Credit Card Payment (အွန်လိုင်း credit card ငွေပေးချေမှု)
Electronic Check System (အီလက်ထရောနစ် Check စနစ်)
Electronic Cash System (အီလက်ထရောနစ် Cash စနစ်)
Smart Card based Electronic Payment System (အီလက်ထရောနစ်ငွေပေးချေမှုစနစ် အခြေခံသော စမတ်ကဒ်)
အစရှိသဖြင့်တို့ ဖြစ်ပါတယ်။
ယနေ့ကမ္ဘာမှာ လူသုံးအများဆုံး ကတော့ Online Credit Card Payment System (အွန်လိုင်း credit card ငွေပေးချေမှုစနစ်) ဖြစ်ပါတယ်။ သူက ဘာလို့ လူသုံးများသလဲဆို လူတွေလက်ထဲမှာ ရှိပြီးသား ဖြစ်တဲ့ Credit card ကိုပဲ အွန်လိုင်းငွေပေးချေမှု စနစ်မှာ အသုံးပြုလို့ရအောင် ပြုလုပ်ပေးခြင်းကြောင့် ဖြစ်ပါတယ်။ ဒီတော့ သုံးစွဲသူများ အနေနဲ့ ကဒ်အသစ်လည်း လုပ်စရာမလိုသလို၊ အသုံးပြုရန် အတွက် ထပ်ပြီးတော့ လေ့လာစရာ ကြီးကြီးမားမား အသစ်ကြီးများလည်း မရှိတော့ ပါဘူး။ Offline မှာ အသုံးပြုနေတဲ့ လမ်းစဉ်အတိုင်း Online မှာ အသုံးပြုခြင်း ဖြစ်ပါတယ်။ အဓိက အားသာချက် အနေနဲ့ ကတော့ အသုံးပြုသူများအတွက် အင်မတန်လွယ်ကူစေခြင်း ဖြစ်ပါတယ်။ အားနည်းချက်လည်း ရှိပါသေးတယ်။ ယင်းကတော့ မိမိရဲ့ လျို့ဝှက်ကဒ် နံပါတ် ကို အင်တာနက်ပေါ်က ဝဘ်ဆို်ဒ်များပေါ်မှာ ရိုက်ထည့်ရခြင်း ဖြစ်ပါတယ်။ ဥပမာ အွန်လိုင်း ရှော့ပင် ဝဘ်ဆိုဒ် သုံးလေးခု သုံးရင် ယင်း သုံးလေးခုစလုံးမှာ မိမိရဲ့ ကဒ်နံပါတ်များကို ရိုက်ထည့်ရခြင်း ဖြစ်ပါတယ်။ အရင်ကလို Private Secure Network မဟုတ်တော့ပေမယ့် ငွေပေးချေမှု စနစ်အတွက် လမ်းကြောင်းကို Service Provider များက အလုံခြုံံဆုံးဖြစ်တဲ့ API များတော့ ထုတ်ပေးပါတယ်။ ဒါပေမယ့် သို့သည့်တိုင် လုံခြုံရေးက သတိထားရမယ့် အချက်အဖြစ် ရှိနေပါသေးတယ်။
အွန်လိုင်းငွေပေးချေမှု စနစ်ဟာ ငွေကြေးဆိုင်ရာ အလွဲအပြောင်း ကိစ္စ အစုံကို ပြုလုပ်ပါတယ်။ အစုံ ဆိုတာကတော့
စီးပွားရေး လုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းများဆီသို့ ငွေကြေးဆိုင်ရာ လွဲပြောင်းမှု (Business to Business/B2B),
စီးပွားရေးလုပ်ငန်းများမှ စားသုံးသူများသို့ ငွေကြေးဆိုင်ရာ လွဲပြောင်းမှု (Business to Consumer/B2C)
စားသုံးသူများမှ စီးပွားရေး လုပ်ငန်းများဆီသို့ (Consumer to Business/C2B)
စားသုံးသူများမှ စားသုံးသူများဆီသို့ (C2C)
အစရှိသဖြင့်တို့ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက်သော ငွေကြေးလွဲပြောင်းမှုကို Micro Payments (အသေးစား ငွေပေးချေမှု) လုပ်ငန်းဆောင်အဖြစ် သတ်မှတ်ပြီး သူ့ကို C2C (စားသုံးသူများမှ စားသုံးသူ) B2B (စီးပွားရေးလုပ်ငန်းမှ စီးပွားရေး) ဆိုင်ရာ ငွေကြေးအလွဲအပြောင်းလုပ်ငန်းများမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀ ကနေ အမေရိကန်ဒေါ်လာ ၅၀၀ ကြား ငွေကြေး ပမာဏ လွဲဲပြောင်းမှုကို B2C transaction (စီးပွားရေးလုပ်ငန်းများမှ စားသုံးသူများသို့ ငွေလွဲဲပြောင်းမှု) များမှာ အများဆုံး တွေ့မြင်နိုင် ပါတယ်။ နောက်ဆုံး အနေနဲ့ ကတော့ အမေရိကန်ဒေါ်လာ ၅၀၀ ထပ် ပိုတဲ့ ငွေပေးချေမှု ကိုတော့ စီးပွားရေးလုပ်ငန်း ပေးချေမှုများ အဖြစ် သတ်မှတ်ပြီး B2B ecommerce (စီးပွားရေးလုပ်ငန်းများမှ စီးပွားရေး လုပ်ငန်းများသို့ အီလက်ထရောနစ်ကုန်သွယ်မှုလုပ်ငန်း) တို့မှာ အများဆုံး မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။
အွန်လိုင်းငွေပေးချေမှု စနစ်များပေါ်ပေါက်လာပြီးနောက် အီလက်ထရောနစ် ပိုက်ဆံ ဆိုတဲ့ အသုံးအနှုန်းဟာ ပေါ်ပေါက်လာပါတယ်။ နောက်ထပ် မေ့ထားလို့မရတဲ့ အွန်လိုင်းငွေကြေး (ဒီဂျစ်တယ်ပိုက်ဆံ) ကတော့ Bitcoin ဖြစ်ပါတယ်။ Bitcoin ကို တည်ထောင်သူဟာ တစ်ဦးတစ်ယောက်လား၊ အဖွဲ့အစည်းလား ဆိုတာ မသိပေမယ့် Bitcoin ဟာ ယနေ့မျာ လူသုံးများတဲ့ ငွေကြေး တစ်မျိုးလည်း ဖြစ်လာပါတယ်။ ၂၀၀၈ ခုနှစ်လောက်က စတင်ပေါ်ပေါက်ပြီး ၂၀၁၂ ကနေ စလို့ အရှိန်ဟုန်နဲ့ တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို နိုင်ငံအများစုက ကန့်သတ်ချက်များနဲ့ ထားရှိထားပါတယ်။ Bitcoin ဟာ Peer to Peer payment method ကို အသုံးပြုထားခြင်း ဖြစ်ပြီး ငွေပေးချေသူနဲ့ ငွေလက်ခံသူ ကြားထဲမှာ ဘယ်ဘဏ်၊ ဘယ် အချုပ်အချ အာဏာရှိသူများက ခံမနေ ပါဘူး။ ဒါကြောင့်မိို့ သာမန် Credit Card နဲ့ ပေးချတာထက် ၂ ရာခိုင်နှုန်း ၃ ရာခိုင်နှုန်း သက်သာနေပါတယ်။
ဒါပေမယ့် Virtual money လို့ခေါ်တဲ့ Bitcoin ဟာ လုံခြုံရေးအရကော၊ ယုံကြည်စိတ်ချရမှုအရကော အငြင်းပွားစရာ အများကြီး ရှိပြီး ဥရောပနဲ့ အာရှနို်င်ငံ အချို့ဟာ Bitcoin ဖြင့် ရောင်းဝယ်ဖောက်ကားခြင်းကို တရားမဝင်လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အချို့နိုင်ငံကျတော့ ငွေကြေး ပမာဏ ဘယ်လောက်ထပ် မကျော်တာပဲ ရမယ်ဆိုတဲ့ သတ်မှတ်ချက်များဖြင့် ထားရှိပါတယ်။ ဒီဂျစ်တယ် ပိုက်ဆံလု့ိခေါ်တဲ့ ဘစ်ကွိုင်ဟာ အပြင်မှာ တကယ်ငွေမရှိပဲ အွန်လို်င်းပေါ်မှာ ရှိနေတဲ့ ငွေကြေးအဖြစ်လည်း မြင်သူများက မြင်ကြပါတယ်။ သူ့အတွက် ATM စက်များကိုလည်း Service provider များက ဖန်တီးပေးထား ပါတယ်။ ဒါပေမယ့် ငွေပေးချေသူနဲ့ ငွေလက်ခံသူကြားထဲမှာ ဘယ်သူမှ မရှိသလို ပေးချေတဲ့အခါ ဖြည့်ရတဲ့ အချက်အလက်များက လူပုဂ္ဂိုလ်က ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကို ကွယ်ဝှက်ထားလည်း ရပါတယ်။ ဒါကြောင့်မို့ Bitcoin ကို အသုံးပြုပြီး နိုင်ငံတကာမှာ တရား မဝင် ရောင်းဝယ်ဖောက်ကားမှုများ ရှိလာကြောင်းလည်း သတင်းမီဒီယာများက ဖော်ပြ ပါတယ်။
မြန်မာပြည်ကနေလည်း Bitcoin ကို စိတ်ဝင်စားလို့ ဝယ်သူများလည်း ရှိနေပါတယ်။ Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၀၀၀ လောက်အထိလည်း ဈေးတက်ခဲ့ဖူးပါတယ်။ ကြားခံအဖွဲ့အစည်းမရှိတာကြောင့် အခွန်အခမ ရှိပဲ ငွေပေးချေသူကသာ ယင်းအစား ကျခံပေးရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဟာလည်း နည်းပါး ပါတယ်။ နိုင်ငံတကာမှာ အငြင်းပွားနေတဲ့ ယင်းငွေကြေးကတော့ မြန်မာပြည်မှာ ဖြစ်လာဖို့ဆိုတာ မလွယ်သေး ပါဘူး။ သူက ငွေပေးချေမှု စနစ်မဟုတ်ပဲ ငွေကြေး တစ်ခုအဖြစ် ထွက်ရှိလာခြင်းမျိုး ဖြစ်ပြီး တစ်ဦးတစ်ယောက်မှ တစ်ဦးတစ်ယောက်သို့ ငွေပေးချေသည့် စနစ် (P2P system) ကို အသုံးပြု ပါတယ်။
ဒါကြောင့်မို့ အနှစ်ချုပ်လိုက်ရင် အွန်လိုင်းငွေပေးချေမှု စနစ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကို ငွေကြေးဆိုင်ရာ အလွဲအပြောင်းကိစ္စရပ်များအား အင်တာနက်ကဲ့သို့ ကွန်ပြူတာ ကွန်ရက်များပေါ်တွင် ပြုလုပ်ရန် ဖော်ဆောင်ပေးတဲ့ စနစ် ဖြစ်ပါတယ်။လက်ရှိ ကမ္ဘာမှာ အသုံးအများဆုံးကတော့ PayPal, WePay, WebMoney, ProPay အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ အခြေခံအားဖြင့် အွန်လိုင်းငွေပေးချေမှု စနစ်သိစရာများကတော့ ဒီလောက်ပါပဲ ဖြစ်ပါတယ်။
အောင်ခမ်း
credit to B2B magazine
No comments:
Post a Comment