Twitter Bird Gadget

Friday, September 16, 2016

အချစ်


အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။

အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။ အချစ်ကို ဤမျှ တိုတောင်းသော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ်နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။


အဓိပ္ပာယ်ဖွင့်ချက်များ

အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိူင်ပေ။

အချစ်၏ မူလသဘောကြောင့် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် မကြာခဏ ညှင်းဆိုကြသော်လည်း အချစ်ကို အချစ်မဟုတ်သည် များနှင့် ရှင်းပြနိုင်သည်။ အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီး အမုန်း နှင့် ဆန့်ကျင်ဖတ်ဟု ဆိုကြသည်။ အချစ်သည် တဏှာ မဟုတ်ပဲ လိင်ဆန္ဒ နည်းပြီး၊ ခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကား
မတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။

နာမ်သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။
ပုဂ္ဂိုလ်ရေး မပါသော အချစ်

လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး(သို့) ရည်မှန်းချက်တို့ကို တန်ဖိုးကြီးကြီးထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမားတို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်းမှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည်ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေးမပါသောအချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေးတိရစ္ဆာန်(သို့မဟုတ်) လုပ်ငန်းဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၎င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့် ရောက်သည်ဟု ခေါ်သည်။
လူ့အချစ်
ဘွားအေ နှင့် မြေး

လူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၎င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက်သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ်ချင်း နှင့် လင်မယားကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။

သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလဲခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်းတို့ကို လေ့လာသည်။

ဓာတု သဘော

အချစ် ဓာတု သဘောကို ရိုးရှင်းစွာ ပြပုံ

ဇီဝဗေဒသည် ဖိုမကိစ္စကို အချစ်ဟု မြင်ပြီး ဆန္ဒကို တွန်းအားဟု မြင်သည်။ အချစ် အကြောင်းတွင် ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များဖြင့်ထိတွေ့ကြပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ ဆက်နွယ်မှုကို ဖြစ်စေသည်။

တဏှာသည်  ပြင်းပြသည့် ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည် ရက်တပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။

အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက်သာ ရွေးချယ်၍
 အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် ထိတွေ့ပြီးသောအခါ လျော့ကျသွားပြန်သည်။

မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ယောက်ကို ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။

တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မှု သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။

 ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။ လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို
Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

စိတ်ပညာ သဘော

စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖွင့်ဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်ဆံရေး နှင့် အချစ်ကိစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်ဆံရေးသည် ရေရှည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။

 နှောက်ဆုံး အချစ်သည် အရူးအမူးဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၎င်းသုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရိကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၎င်းသုံးခုမှာ စွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်း ဟုဆိုသည်။

အဖိုနှင့်အမ ဆွဲငင်သည့် လျှပ်စစ် နိယာမ တစ်ခုဖြစ်သော Coulomb's law ကို ဆက်စပ်၍ လူ၏အချစ်ကို "ဆန့်ကျင်ဖတ်မှ ဆွဲငင်သည်" ဟု ချဲထွန်ကြသည်။ ၎င်းအဆိုကို ပြီးခဲ့သော ရာစုနှစ်ကြာအောင် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မမှန်ပဲ လူတို့သည် အကြိုက်တူရာသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဆန့်ကျင်ဖတ်ကို လိုလားသော အရာတစ်ခုမှာ ကိုယ်ခံအား စနစ်ဖြစ်ပြီး မျိုးမတူသူတို့ ပေါင်းစပ်လျှင် ခုခံအား ပို၍ ကောင်းလေသည်။

ယဉ်ကျေးမှု အမြင်

မြန်မာ

မြန်မာတို့သည် အချစ်ကို အလွန် တန်ဖိုးထားကြပြီး နောက်ဆုံးတွင် သက်ဆုံးတိုင် အတူတကွ ပေါင်းသင်ရန် ရည်ရွယ်သည်။ မြန်မာတို့သည် အချစ်ကို ဝင်ခံဖွင့်ဟဝန်ခံရာတွင် အချိန်ယူ စဉ်းစားလေ့ရှိပြီး အချိန်ကြာမြင့်စွာလည်း ချစ်ကြသည်။ သုံးနှစ်သုံးမိုး ချစ်ခွင့်ရရန်စောင့်ဆိုင်းနိူင်သည် ဟု ဂုဏ်ယူတတ်ကြသည်။ ခုမြင်ခုကြိုက် ဆိုသော အချစ်ကို လက်ခံကြသော်လည်း အခုတစ်ယောက် နောက်တစ်ယောက်ကား မပြောင်းလဲတတ်ကြပေ။ မြန်မာတို့၏ အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး လိင်ဆန္ဒကို အချစ်တွင် မဖေါ်ထုတ်ကြပေ။

အချစ်ကြီးသူတို့ကို မြန်မာတို့သည် ကိန္နရာ မောင်နံှ နှင့် တင်စားကြသည်။

ဘာသာရေး ရှူဒေါင့်

ခရစ်ယာန်

ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း
   Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life
   ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမျှ ခွန်အားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည်ဟု ယုံကြည်ကြသည်။

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမတဏှာ ဟု ခေါ်သည်။ ၎င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိဗ္ဗာန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ဒုက္ခဝေဒနာ ခံစားရခြင်းများ ကို သက်သာစေပြီး နိဗ္ဗာန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။

မေတ္တာ သည် မြင့်မြတ်သော အချစ်ဖြစ်သည်။ ၎င်းအချစ်သည် မပြောင်းလဲသော သဘောရှိပြီး အနစ်နာခံခြင်းများ ပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါဝင်ပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိကောင်းစားရေးထက် သူတပါးကောင်းစားရေးကို အားပေးသည်။

No comments:

Post a Comment