နိုင်ငံရေးဆိုသည်မှာ
နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေကြီး အတွင်း၌သော်လည်းကောင်း နေ့တဓူဝတွေ့ကြုံ ဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘဝတလျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ်၏။
ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသော ကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြရမှာ ဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘဝကို ရုန်းကန်လှုပ်ရှားသွားရတာချည်းပင် ဖြစ်ပါ၏။ သက်သက်သာသာ ရုန်းကန်ရခြင်းနှင့် ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌သာ ကွာခြားသော်ငြားလည်း အားလုံးသော လူသားတွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလ တလျှောက်လုံး၌ ဘဝကိုအမျိုးမျိုးသော အခက်အခဲများအကြား ရုန်းကန်ဖြတ်သန်းကြရမည်သာ ဖြစ်ပါ၏။
ဤသည်ကိုပင် လူတယောက်၏ နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်း ဘဝကိုရုန်းကန် ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အဝန်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူးဆက်စပ်မျှက် ဤကမ္ဘာကြီးနှင့် ဤလူသားတွေ တည်ရှိနေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါ၏။
မြန်မာ့လောက၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့် အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အား သည်ထက်ပို၍ သဘောပေါက် နားလည်ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘဝနှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့်ပင် ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်းတွင် စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး စသည်လိုအပ်ချက်များအား နေ့တဓူ၀ တွေ့ကြုံဖြည့်စည်းနေရမည်သာ ဖြစ်၏။ ဤသို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ဝန်ဆောင်မှုတွေသည် ထပ်မံလိုအပ်လာမည် ဖြစ်၏။
ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအဝန်းအဝိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ ရောက်ရှိသွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ ပတ်ဝန်းကျင်နယ်ပယ်နှင့် ပေါင်းကူး ဆက်စပ်သွားမည် ဖြစ်ပါ၏။
ထိုအခါ စား၊ ဝတ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ဝန်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက်ရှိုင်းစွာ ကြီးမားလာမည်သာ ဖြစ်၏။ ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အဝန်းဆီသို့ ပျံနှံရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။
နိုင်ငံရေးနှင့်သက်ဆိုင်သူများ
နိုင်ငံရေးဟူသည် မိမိတို့၏ အရေးကိစ္စသာ ဖြစ်၏၊ နိုင်ငံရေးအား စဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့် တိုက်ရိုက် ချဉ်းကပ်စဉ်းစားရန် လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသားတယောက်၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည် မဟုတ်ပါ။
လူသားတာဝန်
"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာလောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အား ပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ်တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာ ဝပြောသော လူ့ဘောင်ကြီး ဖြစ်ပေါ်နေမည်ဖြစ်ပါ၏။
နိုင်ငံရေးဖြစ်စဉ်နှင့်ငြိမ်းချမ်းစွာဖြေရှင်းရေး
နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စုသန်းပေါင်းများစွာတို့၏ စားဝတ်နေမှု ကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှ အများစုအထိ ဆက်စပ်ဖြေရှင်းရသော ဖြစ်စဉ်သာဖြစ်၏၊ တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မီ၍ အကျိုးဆက်ဟူသည် ဖြစ်ပေါ်စေမည်သာ ဖြစ်ပါ၏။
ထို့ကြောင့် နိုင်ငံရေးဟူသော စကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသော စကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၇၀) ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသော ဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ်ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သော အစဉ်အလာတရပ် ပေါ်ထွန်းလာခဲ့ခြင်းသာ ဖြစ်ပါ၏။
ကိုးကား
မြန်မာဝီကီ
No comments:
Post a Comment