သို့
တူမောင်ကြီးသိန်းစိန်
ဘကြီး သတိရစွာဖြင့် စာရေးလိုက်ပါတယ်
ငါ့တူကြီးကို အမေရိကန် တရားရုံးတခုက တရားစွဲဆိုထားတယ်ဆိုလို့ ပထမစိတ်ပူသွားသေးတယ်ကွယ့်
နောက်မှ ငါ့တူကြီး ငှါးထားတဲ့ လော်ဘီတွေအလုပ်စလုပ်ကြပြီလို့ ထင်တဲ့အတွက် သိပ်စိတ်မပူတော့ပါဘူးကွယ်
ဒီလိုမဲဆွယ်ကာလမျိုးမှာ ဒီလိုလေးလုပ်ပေးလိုက်တာ ကောင်းပါတယ်ကွယ်
ပြည်သူတွေကြားထဲမှာတော့ အတော်ကိုဂယက်ရိုက်သွားတယ်ကွယ့်
တို့မြန်မာလူမျိုးတွေက အရမ်းသနားကြင်နာတတ်ကြတာလေကွယ်
ခွေးတကောင် ရေနစ်နေတာတောင် အသက်စွန့်ကယ်ကြတဲ့လူမျိုးတွေဆိုတော့
အခုငါ့တူကြီး တရားစွဲခံရတယ်ဆိုတော့ အတော်ကို သနားပြီး မခံချင်ဖြစ်နေကြတယ်ကွယ့်
ဇာတ်နာတယ်ပြောရမှာပေါ့ကွယ်
ဘယ်လိုနည်းနဲ့ ရရ ပြည်သူ့မေတ္တာရဖို့က အရေးကြီးတယ်မို့လားကွယ့်
ဒါနဲ့
ငါတူကြီးရဲ့ တပည့်ကျော်တွေကိုလည်း တားထားအုံးနော်
စိတ်လိုက်မာန်ပါနဲ့ အမေရိကန်သွားပြီး ရန်မလုပ်ပါနဲ့လို့
လေအားကြီးသူက လေအားနည်းသူကို ညှာတာပေးသင့်တယ်မို့လားကွယ့်
ဘုရားအဆုံးအမနဲ့အညီပေါ့ကွယ်
သူတို့အနေနဲ့ အမေရိကန်ကို မျက်စိထဲထည့်မထားပေမယ့် ပြည်သူတွေက စိတ်ပူနေတာကို ထည့်တွက်ကြဖို့ပါကွယ်
တချို့ဘုန်းကြီးတွေဆိုရင် လူထွက်ပြီးစစ်ထွက်တိုက်ဖို့အထိ ဆုံးဖြတ်ထားကြတော့ မလိုအပ်ပဲ သံဃာအင်အားနည်းနေမှာကို ဘကြီး မလိုလားဘူးကွယ်
ကိုယ်တွေနိုင်ငံက တပ်မတော်ရဲ့အစဉ်အလာကြီးမားမှုကို အသုံးချပြီး အမေရိကန်တွေကို အနိုင်ကျင့်တာမျိုး မလုပ်သင့်ဘူးလေကွယ်
ကိုယ်တွေမှာက နှစ်ပေါင်းရာထောင်ချီနေတဲ့ နန်းသုံး လက်နက်ဆန်းတွေအပြင် ဝါးရင်းတုတ်၊ ဓား၊ လေး၊ မြှား၊ ဝါးချွန်အပါအဝင်
ဒုတိယ ကမ္ဘာစစ်တုန်းက သုံးတဲ့ သေနတ်တွေတောင် ယမ်းငွေ့က မသေသေးဘူးဆိုတော့ လက်နက်အင်အားနဲ့တင်ကို အသာစီးရနေတာကိုးကွယ့်....
ဒါတောင် နောက်ဆုံးပေါ် ငံပြာရည်အနုမြူဒုံးကျည်လိုဟာတွေ၊ ကုန်းသီးလက်နက်တွေ အပါအဝင် သိကြားမင်းရဲ့ မိုးကြိုးလက်နက်တောင် ခုခံကာကွယ်နိုင်တဲ့ ကျောက်ဖရုံသီးလို ဂနၳ၀င်စစ်အသုံးအဆောင်တွေ ထုတ်မပြရသေးဘူး
ငါ့တူကြီးရဲ့ လက်စွဲတော် ဘူဒိုဇာတပ်နဲ့သာဆိုရင် ဒီကောင်တွေပြေးပေါက်တောင်မှားသွားနိုင်တယ်ဆိုတာ ဘကြီးယုံကြည်ပါတယ်ကွယ်
မိန်းမတယောက်ရဲ့ ယာဉ်တန်းကို ညကြီးအချိန်မတော် တိုက်ခိုက်သတ်ဖြတ်တတ်တဲ့ စွမ်းအားရှင်လို တပ်ရင်းမျိုးကို ပိုင်ဆိုင်ထားပေမယ့် အမျိုးသားလုံခြုံရေးအရ အသာလျှိုထားရတာမျိုးတွေ ဒီကောင်တွေသာသိရင် မြန်မာပြည်ရှိတဲ့အရပ်ကို သေးတောင်လှည့်ပေါက်ရဲမှာမဟုတ်ဘူးကွယ့်
အဲဒါကြောင့် ဗုဒ္ဓဘာသာနိုင်ငံပီပီ သဘောထားကြီးစွာ ခွင့်လွှတ်ပေးလိုက်ဖို့ ပြောစမ်းပါအုံးကွယ်
ငါ့တူကြီးအနေနဲ့က မေတ္တာသုတ်ရွတ်နေကြတဲ့ ကိုယ်တော်တွေကို ညဘက်ကြီး မီးလောင်ဗုံးတွေနဲ့ ဝိုင်းထုပြီး ရွပ်ရွပ်ချွံချွံနှိမ်နှင်းတတ်တဲ့ ပြည်သူ့ရဲတွေအပါအဝင်၊ သန္တိသုခကျောင်းကို ညဘက်ဝင်စီးကြတုန်းက ကိုယ်တော်တွေပါ ရှိနေတယ်ဆိုတဲ့အကြောင်းကိုပါ ကြားကြရင် ဒီအမေရိကန်တွေ လာပြီးအညံ့ခံကြမလားမသိဘူးနော်
ပြောသာ ပြောနေရတယ်
အမေရိကန်တွေက သိတောင်သိကြသလားမသိပါဘူးကွယ်
ငါ့တူကြီးလူတွေကသာ ချမယ်နှက်မယ်တကဲကဲလုပ်နေကြတာ ဟိုကဖြင့် သတိတောင်ရချင်မှရလိမ့်မယ်
ငါ့တူကြီးရဲ့ တပည့်ကျော်တွေကိုပဲ နိုင်အောင်ထိန်းပါကွယ်
တယောက်ဆိုရင် KTV မှာ စနက်တံသွားဖြုတ်နေတဲ့ပုံတွေတောင် တက်လာသကွယ့်
လေ့ကျင့်တာလည်း ကျင့်ပေါ့ကွယ်
ဒါပေသိ လက်လွန်ခြေလွန်ဖြစ်ရင် အလကားနေရင်း ငါ့တူကြီးပဲ နာမည်ပျက်နေမှာကွယ့်
ဒီကောင်တွေက ပျက်စရာနာမည်မရှိတော့ဘူးလေ
အဲဒါတွေကြောင့် ဒီရက်ပိုင်း သတိနဲ့နေပါလို့ ဘကြီးမှာပါရစေကွယ်
ဟိုတနေ့က ဗိုလ်ချုပ်သမီးလေး
ကချင်ပြည်နယ်မှာ ဟောပြောပွဲလုပ်တဲ့ဟာကို ငါ့တူကြီးလူတွေက အခါတိုင်းလုပ်နေကျ မနောကွင်းကို ပေးမလုပ်ဘူးလို့ ကြားရသကွယ့်
အဲဒီလိုမလုပ်ပါနဲ့ကွယ်
ငါ့တူကြီးတို့အဲလို လုပ်တော့ ဟိုကောင်မလေးက နေရင်းထိုင်ရင်း ဇာတ်နာပြီး ပြည်သူ့မေတ္တာပိုရတယ်ကွယ့်
ငါ့တူကြီးလူတွေက လုပ်လိုက်ရင် သောက်တလွဲကများနေတယ်ကွယ့်
ငါ့တူကြီးတို့က အနှောင့်အယှက် ပေးလေ သူတို့ကမေတ္တာပိုရလေ၊ ပြည်သူက ငါ့တူကြီးတို့ကို မေတ္တာတုံးလေဆိုတာတောင် မသိကြဘူးဆိုတော့ အတော့်ကို တုံးလွန်း အလွန်းပါတယ်ကွယ်
အေးလေ
အဲလောက်တုံးလို့လည်း ငါ့တူကြီးတို့ အဆိုးရအဖွဲ့ထဲရောက်နေတာဖြစ်မှာပါ
တော်ရုံ ဦးနှောက်ရှိရင် အခုလောက်ဆို ငါ့တူကြီးတို့ အဆိုးရမကောင်းကြောင်း ပြောလို့ ထောင်ကျနေလောက်ပြီ...
နောက်ပြီး ငါ့တူကြီးလူတွေက ပြောလိုက်ရင် မဲဆွယ်စည်းရုံးရေးဆင်းနေတာနဲ့မတူပဲ အတင်းတုတ်နေတာနဲ့ တူနေတာကွယ့်
အာဏာရရင် လမ်းခင်းပေးမယ်၊ မီးသွယ်ပေးမယ်နဲ့ ကလေးကလား အတော်ပြောတာကိုးကွယ့်
အခုပြည်သူတွေက အဲလောက်မအကြတော့ဘူးကွယ့်
နလပိန်းတုံးတွေလောက်ပဲ ယုံကြလိမ့်မယ်
ဘယ်နှယ့်ကွယ် အခုမှ အာဏာရရင် လုပ်ပေးမယ်ဆိုတော့ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ဘယ်သွားသေနေကြသလဲလို့ ထမေးရင် ခွေးအကြီးလှည်းနင်းသလိုဖြစ်ကြအုံးမယ်...
အတော်ကို အကင်းမပါးတဲ့ လူတွေပဲကွယ်
ဘကြီးရင်လေးလိုက်ပါဘိတော့တယ်
ငါ့တူကြီးမျက်နှာကြောင့်သာမဟုတ်ရင် ဒီကောင်တွေကို ဘကြီးကောင်းကောင်းကလော်တုတ်တယ်
အခုလောလောဆယ် ကိုယ်တွေက အဆိုးရဖြစ်နေတာပဲကွယ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တွေက အရင်လိုက်နာရမှာ မဟုတ်ဘူးလားကွယ့်
အဲဒါကို အမျိုးဘာသာ သာသနာအတွက် ပြည်ခိုင်ဖြိုးကို မဲပေးကြပါလို့ အော်နေကြတယ်
အတော်ကို အရှက်နည်းတာကိုးကွယ့်
ပူပူနွေးနွေး လက်ပန်းတောင်းက သံဃာ ၉၉ ပါးကို မီးလောင်ဗုံးတွေနဲ့ ထုထားတာကို တနိုင်ငံလုံးသိနေတာကို ဒီကောင်တွေက အရှက်မရှိ ထအော်နေကြတာ ဘကြီးအံ့သြလို့မဆုံးဘူး
ကိုယ့်ပေါင်ကို လှန်ထောင်းဆိုသလိုပဲ ကိုယ့်ချီး ကိုယ်ပြန်ဖော်နေကြတာကွယ့်
နဲနဲပါးပါး ထိန်းပါအုံးကွယ်
ဘကြီးဖြင့်သူတို့ပြောတာ နားထောင်ပြီး မဲပေးချင်စိတ်မပေါက်ပဲ ဂဲနဲ့ကောက်ထုချင်စိတ်ပေါက်လာလို့ ထပြန်လာတဲ့အခါကများနေတယ်
ဟိုနေ့က မောင်လှဌေးဝင်းပွဲမှာလည်း အဲဒါကြောင့်ထပြန်ကုန်ကြတာကွယ့်
ဒီလူတွေ လူစကားမပြောတတ်ဘူးဆိုတာ အခုမှလက်တွေ့သိရတယ်ကွယ်
ငါ့တူကြီးရှိလို့သာ တော်တော့တယ်
ငါ့တူကြီးသာမရှိရင် ဒီလူတွေ ဘဝပျက်နေလောက်ပြီကွယ့်
ဟိုကောင်မလေးပါတီကလည်း ပြောင်းလဲချိန်တန်ပြီလို့ ပြောတော့ ဘကြီးက ရီချင်လိုက်တာကွယ်
"ပြောင်းလဲခြင်းအစ ပြည်ခိုင်ဖြိုးက" ဆိုတာ သူတို့မေ့နေကြတယ်ထင်ပါတယ်ကွယ်
ပြည်ခိုင်းဖြိုးဆိုတာ အရင်က လူမှုရေးအသင်းအဖွဲ့တခုအနေနဲ့သာ ရပ်တည်ထားတာဆိုတော့ နိုင်ငံအကျိုးလိုလားသူတိုင်း၊ ပရဟိတစိတ်ရှိသူတိုင်း ပါဝင်ထားကြတာလေကွယ်
အဲဒီနောက်မှ ငါ့တူကြီးတို့က ပါတီဆိုပြီး ပြောင်းချလိုက်တော့ နေရင်းထိုင်ရင်း အောင့်သက်သက်နဲ့ ပါတီဝင်ဖြစ်ကုန်ကြပါရောလားကွယ့်
တယ်ပိုင်တဲ့ အကြံကိုးကွယ့်
ဒါ ငါ့တူကြီးရဲ့ ဆရာသမားအကြံကွယ့်
ရှက်စရာကောင်းတယ်၊ သိက္ခာမရှိဘူးဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အာဏာရဖို့ကအရေးကြီးတယ်မို့လားကွယ့်
အရှက်က လှျှောက်ကြွားလို့မရပေမယ့်
အာဏာက ဟောက်စားလို့ရတယ်ဆိုတာ ငါ့တူကြီးတို့က သက်သေပဲလေကွယ်
တော်ရုံတန်ရုံကိစ္စလောက်ကို အရှက်တွေသိက္ခာတွေလာပြောနေကြတော့ ငါ့တူကြီးတို့အနေနဲ့က ရီစရာဖြစ်နေမှာပေါ့ကွယ်
အရှက်ဆိုတာရှိနေရင် ဒီလိုအချိန်မှာ ငါ့တူကြီးတို့အဖွဲ့ ကူလီထမ်းနေရမှာပေါ့ကွယ်
၁၉၉၀ . NLD ပါတီပြည်လုံးကျွတ်နိုင်တုန်းကတခါ အရှက်နည်းခဲ့လို့ အာဏာသူတို့လက်ထဲမရောက်တာကလား၊ ကံကြီးပေလို့သာကွယ်
မဟုတ်ရင် အခုချိန် စင်္ကာပူကိုမမှီတောင် နင်လားငါလားဖြစ်နေလို့ လျှပ်စစ်မီးရောင်တထိန်ထိန်နဲ့ အတော်ကို မျက်စိကျိန်းနေလောက်ပြီ
၂၀၀၈ . ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲတုန်းကတခါ အရှက်နည်းစွာနဲ့ ဘယ်သူမှ ဘာမှမသိတဲ့စာအုပ်ကြီးကို ထောက်ခံကြပါတယ်လို့လုပ်ခဲ့ရသေးတယ်လေ
၂၀၁၀ . NLD မပါတဲ့ ရွေးကောက်ပွဲမှာ တခါ၊ အရှက်နည်းစွာနဲ့ပဲ ကြိုတင်မဲတွေနဲ့ အပြတ်အသတ် မဲခိုးအနိုင်ယူပြီး ခပ်တည်တည်နဲ့ ကုလားထိုင်ပေါ်တက်ထိုင်ရုံမက ပြည်သူတင်မြှောက်လို့ အဆိုးရဖြစ်လာတာပါလို့ ဖင်ပိတ်အော် နေလိုက်ကြရော...
ဒါတွေက အရှက်နဲခြင်းရဲ့ အကျိုးရလဒ်တွေမဟုတ်လားကွယ့်
ဘယ်သူပြောလဲ မကောင်းဘူးလို့
ကောင်းလွန်းလို့ ဆင်းတောင်မဆင်းချင်ကြတာကို ဒီလူတွေနားမလည်ဘူးကွယ်
၂၀၁၂ ကြားဖြတ် . NLD ဝင်ပြိုင်မှ ခွက်ခွက်လန်အောင်ရှုံးကြလို့သာ အရင်ကမဲခိုးပြီးနိုင်တာကို လူတွေသိသွားကြတာမို့လားကွယ့်
သူတို့သိတော့လည်း ဘာအရေးလဲကွယ်
ဘယ်သူမှ အတင်းဆွဲချလို့မရတော့ဘူးလေကွယ်
ကိုယ်တွေက နေရာရပြီးနေပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး ၅ နှစ်ကတော့ အသာလေးထိုင်စားနေရုံပဲမို့လားကွယ့်
ဘယ်သူတွေက ဘယ်လိုပြောပြော ပြောင်းလဲခြင်းကတော့ ငါတူကြီးတို့ပြည်ခိုင်းဖြိုးကစတာ သေချာပါတယ်ကွယ်
အဲဒါကြောင့် အားငယ်မနေပါနဲ့
အခုလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေလုပ်ပေးနေတော့ ပြည်သူတွေအတော်စိတ်ပျက်နေကြပြီကွယ့်
အဲဒါလည်း အခွင့်အရေးပဲလေကွယ်
သူတို့တွေ စိတ်ပျက်လေ ငါ့တူကြီးတို့ မဲတိုးလေပဲမို့လားကွယ့်
အခုလောလောဆယ် ငါတူကြီးတို့ကို ယှဉ်နိုင်တာဆိုလို့ NLD ပါတီပဲရှိတယ်လေကွယ်
အဲဒါကလည်း အခု မဘသက အမျိုးသားရေးအတွက် ဘာညာကွိကွဆိုပြီး ဝင်ရှုတ်လိုက်တော့ တချို့က ငါ့တူကြီးတို့ဆီ ပြန်လည်လာတယ်ကွယ့်
မဘသကိုတော့ လိုရင်သုံး
မလိုရင် ကျုံးပြစ်လိုက်ပေါ့ကွယ်
သိပ်ထည့်တွက်စရာမရှိပါဘူး
အခါတိုင်းလည်း ဒီလိုပဲလုပ်နေကြတာပဲဟာ
ဟိုကိုယ်တော်လေးဆိုရင် တတ်ယောင်ကားလုပ်ပြီး ကာချုပ်ဟောင်းကို အမျိုးသားရေးအကြောင်းသွားပြောနေတယ်ကွယ့်
သူက မဲဆန္ဒနယ်တိုင်းရဲ့ ဒေါင်ဒေါင်မြည်အမတ်တွေပဲ လွတ်တော်ထဲရောက်စေချင်တာတဲ့ကွယ့်
လက်ရှိလွှတ်တောမှာ အစိုးရမဖွဲ့နိုင်ရင် ဘာကောင်တက်လာလာ ဘာမှဖြစ်မလာဘူးဆိုတာ သူမသိရှာတာ ကောင်းပါတယ်ကွယ်
သိနေရင် ပါတီတခုတည်း သွားအားပေးနေအုံးမယ်
အခုလို တယောက်ချင်းတက်လာတော့ ငါ့တူကြီးတို့အနေနဲ့ မကြောက်ရတော့ဘူးပေါ့
သူတို့ဘာတင်တင် အသာလေး ပယ်ချလိုက်ရုံပဲ
ငါ့တူကြီးတို့က အဖွဲ့လိုက်လှုပ်ရှားတဲ့လူတွေဆိုတော့ ဒီလို တယောက်ကောင်းလေးတွေကို ဘာတွေအော်နေနေ၊ ဘာတွေတောင်းနေနေ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ကွယ်
အရေးကြီးတာက မဘသ မကြိုက်တဲ့ပါတီဟာ ငါ့တူကြီးတို့ပါတီမဟုတ်ရင်ပြီးတာပဲလေ
ဒီလို ဒီမိုကရေစီ မရင့်ကျတ်ခင်အချိန်မှာ ဒေါင်ဒေါင်မြည်အမတ်တွေထက် မူကောင်းတဲ့ ပါတီဦးဆောင်မှုလိုတယ်ဆိုတာ အဲဒီကိုယ်တော်လေး မသိသေးသ၍ ငါ့တူကြီးတို့ အနေအစားချောင်ပါတယ်ကွယ်...
စင်္ကာပူလို အစစအရာရာ ပြည့်စုံနေတဲ့ နိုင်ငံ၊ တနိုင်ငံလုံး နိုင်ငံရေးနားလည်နေတဲ့ နိုင်ငံတောင်မှ ပါတီတခုတည်းရဲ့ ဦးဆောင်မှုနဲ့သွားနေတယ်ဆိုတာ ဒီမဘသကိုယ်တော်တွေ မသိသေးဘူးထင်တယ်ကွယ့်
ထားလိုက်ပါကွယ်
သူဟာသူ ဘာတွေသိသိ ဘာတွေပြောပြော ငါ့တူကြီးတို့အဆိုးရအဖွဲ့ကိုတော့ သူမပြောရဲပါဘူးကွယ်...
သူမကျေနပ်လို့ထပြောလည်း ထောင်ကျရင် အရင်ထေါင်ကြွေးနဲ့ပါ ထပ်ပေါင်းမှာကို သူလိုလားမှာမဟုတ်ဘူးကွယ့်
သူ့ဟာသူ အမျိုးသားရေးအတွက်အသက်ပေးတယ်ပြောနေရုံနဲ့ ငါ့တူကြီးစိတ်ပူမနေပါနဲ့ကွယ်
ရခိုင်မှာ ကုလားတွေမှတ်ပုံတင်ပေးတော့လည်း မလှုပ်
စစ်ကားနဲ့ ဘင်္ဂလီခိုးသွင်းတော့လည်း မဟ
မိုးကုတ်က ဆရာတော်ကို လူဝတ်လဲအချုပ်ချတော့လည်း မပြောရဲတာကိုကြည့်ရင် ငါ့တူကြီးတို့ကို စေ့စေ့တောင်မကြည့်ရဲဘူးဆိုတာ သေချာပါတယ်ကွယ်
ကဲကဲ..
ဒါပါပဲကွယ်
ငါ့တူကြီး စိတ်တွေပူနေမှာစိုးလို့ ပြောပြတာပါကွယ်
အဓိကကတော့ ငါ့တူကြီးတပည့်ကျော်တွေကို ထိန်းထားဖို့ပါပဲ
တော်ကြာ ဒုတိယကမ်ဘာစစ် ကိုလိုနီခေတ်က အကြွေးအတွက် လက်စားချေတယ်လို့ ပြောခံရရင် တရုတ်ကို တိုင်းပြည်အပ်ပြီး ဘင်္ဂလီကို မွေးစားထားတဲ့ စေတနာတွေ အလကားဖြစ်ကုန်အုံးမယ်ကွယ်
အာ့ကြောင့်
အမေရိကန်ကို သဘောထားကြီးစွာ ငဲ့ညှာပေးလိုက်ပါလို့ပဲ ပြောပါရစေကွယ်
ငါ့တူကြီးရဲ့ တောကဘကြီး
YaeTayZa
No comments:
Post a Comment